သစ်ခက်သံလွင်၊ ကဗျာစင်မြင့်၊ မိုးမျှား၊ နီလာမိုးဆွေ၊ နွန်လတ်တို့၏ကဗျာများ

ကျောရိုးဆစ်တွေပြုတ်ထွက်နေတဲ့ပင်လယ် 
abstractartlesson.com
 ပင့်ကူအိမ်ပါးကွက်ကြားနဲ့
ပုန်းလျှိုးကွယ်လျှိုးရှိလွန်းတဲ့ကျွန်း
အဲ့ဒီ့ကျွန်းလေး.....
မအုန်းတင်မမြင်ရပါဘူး...
အတွေ့အကြုံမရှိတဲ့စာမေးပွဲမှာ
မအုန်းတင်ဟာကျွန်တော့်အတွက်
လေ့ကျင့်ကွင်းဘယ်တော့မှမဟုတ်ဘူး
မအုန်းတင်....ဒါ့ကြောင့်လည်း
အသံတိတ်ဇလီဖာတုံးတွေပေါ်
ဒဏ်ရာရထားတွေဖြတ်ကြိတ်ခံခဲ့ရတာပေါ့
ချောက်မရှိဘဲခြေစုံရပ်သွားတဲ့
ကျွန်တော့်ရဲ့လမ်းမှာ မြောက်ပြန်လေက
သရော်ခြင်းတေးသွားကိုလေချွန်
လက်ညှိုးကွေးပြီးသရော်တက်ဖို့
မအုန်းတင်ဆံစတွေကို
အားပေးအားမြှောက်လုပ်ကြတယ်
မအုန်းတင်.......
တစ်ထောင်တန်ကျန်းမာရေးဖိနပ်ပေါ်
အပိုင်စားယူပြီးလျှောက်တဲ့လမ်းမှာ
ကျွန့်တော့်တကိုယ်စာတောင်ဖျားနေခဲ့တာပါ.......
တောင်းစုတ်ပလုံးစုတ်မဟုတ်တဲ့
ဟော့ဒီ့ ရင်ဘက်ခပ်ပြားပြား
နားဝင်အောင်မဆုံးမနိုင်ခဲ့ဘူးဗျာ
ခက်တယ်...ခက်တယ်
သန်းဝေခြင်းနဲ့အချစ်ကို
ပါးစပ်ပိတ်ပြီးလေရှူတက်အောင်
ချိန်သားကိုက်လေ့ကျင့်ထားအုံးမယ်
ဒါပေမဲ့......နှစ်ခုစလုံးက
ရုပ်တည်ကြီးနဲ့မျက်ရည်ဝိုင်းရတယ်
မအုန်းတင်ရယ်..........။

မိုးမျှား

….

အလင်းပြိုတဲ့ည
kulturosupa.pblogs.gr
ခြေဆန့်လေတိုင်းလည်း
လိုရာခရီးမတွင်
အရိပ်တွေသာ ရှည်လျားလာခဲ့
ဘဝဆိုတာ
ကူးခတ်လေလေ
ကမ်းနဲ့ဝေးဝေးသွားတဲ့ လှိုင်းကြက်ခွပ်လေးတခုလို။
တိုက်ပွဲတခုကို ရေကုန်ရေခမ်းတိုက်ခွင့်မရှိမှတော့
ရှည်လျားသံသရာစက်ဝန်းထဲ
ဖြာထွက်ဆဲအလင်းစ တစ
ပညတ်ချက်တခုရဲ့အရိပ်အောက်
ကွင်းစကွင်းပိတ်နဲ့အဆုံးသတ်ပစ်ခဲ့ပေါ့။ ။

နီလာမိုးဆွေ
….

နောက်ဆက်တွဲ ဖဲချပ်များ 
tellerart.weebly.com

ဆွဲလှန်မိတဲ့ တားရော့ကဒ်က
မိုးကြိုးပစ်ခံရတဲ့ ရဲတိုက်

လိပ်ပြာဟာ သူ့အတောင်ပံနဲ့
မှန်တံခါးကို တဖြတ်ဖြတ်ခတ်နေလည်း
လေညင်းတွေ အိမ်ထဲဝင်မလာဘူး
လူဟောင်းတွေ တယောက်မှမရှိတော့ဘူး

မြစ်ထဲမှာ ရေတိုးသလို
အပေါ်မှာလည်း မိုးရွာ

အထဲဝင်တာလား
အပြင်ထွက်တာလား ဆိုတာကတော့
ကြည့်သူရဲ့ရှုထောင့်နဲ့သာ
ဆိုင်ပါတယ်
ရှုသူဟာ အခုလား

မနက်ဖြန်တွေမှာလည်း
ကံဆိုးသူအတွက် မိုးဟာ ရွာဦးမှာလား။  ။


နွန်လတ်


Comments