သစ်ခက်သံလွင် တကိုယ်တော်ကဗျာ၊ မောင်သော်တာ၏ ကဗျာများ


ဖိနပ်ချုပ်သမား
www.pinterest.com
 လမ်းရဲ့အလျားကိုသူမသိဘူး
ခြေထောက်ကိုပဲကြည့်တယ်

သားရေစကိုဓားနဲ့လှီးပုံကသူ့အနုပညာ

ဘယ်လောက်ခရီးရောက်စေရမယ်လို့မမေးနဲ့
ခရီးခဲကိုသူ့ဝိညာဉ်လိုက်ပါလာလိမ့်မယ်။

မောင်သော်တာ
၁၄ ၃ ၂၀၁၆

…..

ငလျင်
arttattler.com
မခိုင်မြဲတဲ့ မြေစိုင်မြေခဲတွေ
တွန်းတိုက်ပြတ်ရွှေ့သွားကြတယ်

အထက်နဲ့အောက် ခုန်တယ်
ဘေးတိုက် ရမ်းတယ်
ဒယိုင်းဒယိုင် လှုပ်ပစ်ခါပစ်တယ်
ဆွဲထား ဆုပ်ထားမိသမျှ တွန်းကြ
ကန်ကြ မှီထားမိသမျှ ဖိ စီး ပြို ကျ …

မျက်စိမှိတ်ထားလည်း
အလဲလဲအပြိုပြို
အော်သံတွေ
တပြုံတထွေးကြီး  … … …

မောင်သော်တာ
၁၉ ၄ ၂၀၁၆

…..

မီးလျှံများကြား
www.houzz.com
 ကိုယ်ရောင်ကိုယ်ဝါတောက်ပနေတာကိုက
မီးထထတောက်နေတာမဟုတ်လား
အချစ်နဲ့ဝါးမြိုလောင်ကျွမ်းရတာ ……..

ခေါင်းထဲမှာပြာပုံကြီး ပုံထားသလား
တကိုယ်တကောင်လုံးစမ်းကြည့်ရင်
သွေးတွေ
မီးတောက်နေတယ်

ခြေဖဝါးမှာစိတ်မရှိတော့ ခြေဖဝါးကမီးကိုမသိဘူး
မျက်စိမှာစိတ်မရှိတော့
မီးဟုန်းဟုန်းတောက်နေတာမကြောက်ဘူး
ရင်ဘတ်မှာစိတ်မရှိတော့
အရေပြားကိုမီးစွဲနေလည်း ရဲရဲပဲ ……

မီးနဲ့ရှို့မြှိုက်ထားတဲ့အရသာကိုသိပြီးသွားတဲ့နောက် 
မီးခတ်ကျောက်တွေအရည်အသွေးမြင့်လာတော့တာပဲ။ ။

မောင်သော်တာ
၂၄ဖေဖော်ဝါရီ၂၀၁၆

….

မီးခတ်ကျောက်
www.etsy.com
 စကားမပြောဘူး
ဒါပေမဲ့ အသံရှိတဲ့ကျောက်တုံးလေးတခုလို အငြိမ်ထဲမှာ
တဖျပ်ဖျပ်ခါနေတဲ့သက်ငြိမ်လှုပ်ရမ်းမှုတွေ

ထုခွဲခြေမွကြည့်လည်း မရှိတဲ့မီး
အားထည့်ရိုက်ခတ်နေတဲ့လက်တွေထဲမှာလည်းမရှိတဲ့မီး
ရေမြှုပ်မိုင်းတွေလိုတဟုန်းဟုန်း
မီးခိုးမထွက်မီးညွန့်မဖြာဘဲပွင့်လာတယ်
ကြံရာပါအဖော်နဲ့
သေဖော်ညှိတဲ့မီးစာနဲ့။ ။

မောင်သော်တာ
၂၃ ၄ ၂၀၁၆

….

ပန်းပဲဖို
nadershenoudaart.tumblr.com
 တူထုသံ ကြားနေရတယ်

ဖားဖိုကြီးနဲ့မီးတွေမှုတ်သွင်းထားသလိုမီးသံခဲကြီး
ကြပ်ခိုးတွေနဲ့မဲမဲမှောင်နေတဲ့
တဲငယ်လေးထဲကခုန်ထွက်လာတော့မယ့်ဓားတစင်း
ဒါမှမဟုတ် ပေါက်တူးတလက်
ဒါမှာမဟုတ် တံဇဉ်တချောင်း

ခေါင်းလောင်းသံ
အ,နေတဲ့စာသင်ကျောင်း'ထင်မိရဲ့
လက်ဆမှန်မှန်နဲ့ထုနေတဲ့တူထုသံကိုနားစွင့်နေမိတယ်။

မောင်သော်တာ
မေ ၆ ၂၀၁၆

Comments