Saturday, August 20, 2016

k

သစ်ခက်သံလွင်၊ ဘဝဖြတ်သန်းမှုမှတ်တမ်းများ၊ စိုးလွင်(၂၁၁)(ဝမ်ခ) ရဲ့ ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ-၈၈၊ "သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့"

သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့

ကြမ်းကြမ်းတမ်းတမ်း ဘ၀လမ်းများ-၈၈..
 
၁၉၈၈ -ပြည်သူ့အရေးတော်ပုံနောက်ပိုင်းကာလ စစ်အာဏရှင်စနစ် အဆုံးတိုင်ပျက်သုဉ်းချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) ရဲ့ တော်လှန်​​ရေးခရီးလမ်းတလျှောက် ကျနော် ပါဝင်ခဲ့ရာ (၁၉၈၈-၁၉၉၄) ကာလ ကိုယ်တွေ့ကြုံဆုံခဲ့ရမှုများ ကို ကျနော်နဲ့အတူ သက်စွန့်ဆံဖျားတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်များအား အမှတ်ရဂုဏ်ပြုခြင်းအဖြစ်​​သော်လည်းကောင်း၊ နောင် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက လူငယ်မျိုးဆက်သစ်များ သိရှိလေ့လာနိုင်ရန်အတွက်သော်လည်းကောင်း..သစ်ခက်သံလွင်အွန်လိုင်းမှ တဆင်ရေးသားတင်ဆက်လိုက်ပါသည်။ 


စိုးလွင်(၀မ်ခ)(၂၁၁)
 
Design By Moemaka

တနေ့..ရန်သူတပ်ရင်းမှူး ဗိုလ်မှူးမင်းဉာဏ်ရှိန်ဦးစီးပြီး ၈၄ မမပါတဲ့စစ်ကြောင်းတကြောင်း ဟာ ကျောက်တောင်နဲ့ မယ်ညောခီ စခန်းနှစ်ခုကြားကနေ ၀င်ရောက်လာတယ်။ သူတို့ရဲ့အကြံအစည်းက. သံလွင်မြစ်အနောက်ဘက်အခြမ်းကို ခြေကုပ်ယူလိုက်နိုင်ရင် မယ်ညောခီ၊ ကျောက်တောင်၊ ထီးဝါ၀ိကျိုးတို့ ကို တိုက်စရာမလိုဘဲ မာနယ်ပလောကို ထိန်းချုပ်နိုင်ဖို့ပဲ။ 


မာနယ်ပလောကို တိုက်ခိုက်လာတဲ့ရန်သူကို တွန်းလှန်ဖို့ တပ်မဟာ(၃)ကချီတက်လာတဲ့ ကျောင်းသား တပ်မတော် တပ်ရင်း(၂၁၂)တပ်ရင်း(၂၁၄)တွေ မာနယ်ပလောရဲ့ ရှေ့ကာစခန်းတခုဖြစ်တဲ့ မယ်ညောခီ ကို ရောက်ရှိလို့နေရာယူပါပြီ။

မယ်ညောခီတောင်ကုန်းပေါ်ကို ကျနော်တို့ထက်အရင် ရောက်ရှိနေရာယူထားတဲ့ တပ်တွေက တပ်ရင်း(၂၀၈)နဲ့ တပ်ရင်း(၂၀၄~၂၀၅)တွေ။ သူတို့တွေက ကျနော်တို့မရောက်ခင်ကထဲက ဒီတောင်ကုန်းပေါ်မှာ ရန်သူနဲ့ပွဲပေါင်းများစွာတိုက်ပြီးကြပြီ။

တပ်ရင်း(၂၀၈)ဆို...K.N.U မဟာမိတ်နဲ့ပေါင်းပြီး သထုံလောက်က ထွက်လာတဲ့ရန်သူကို လမ်းတလျှောက် လုံး ပြောက်ကျားတိုက်ခိုက်လာပြီး ဒီ မယ်ညောခီတောင်ကုန်းပေါ်ရောက်မှ ခံစစ်ဆင်ရတဲ့တပ်..။
ကျနော် မယ်ညောခီမှာ တာဝန်ထမ်းနေတဲ့တလလောက်အတွင်း တခါတရံမှပစ်တဲ့ ရန်သူရဲ့လက်နက်ကြီး ဒဏ်ကလွဲပြီး တိုက်ပွဲမဖြစ်ခဲ့ဘူး။ ဒါပေမဲ့ ကျနော်တို့မရောက်ခင်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကအများကြီး။ ကြားရတဲ့သတင်းတွေထဲကတခုက..ရန်သူ့ရဲ့ ၈၄မမ တလက်ကို ကျနော်တို့ မဟာမိတ်အဖွဲ့တွေက ရလိုက်တဲ့သတင်း။ (၈၄မမ နောက်ပွင့်ရိုင်ဖယ်က ဆွီဒင်နိုင်ငံထုတ် တင့်ကားဖျက်လက်နက်။ ရန်သူကတော့ အဲဒါကို ကျနော်တို့ရဲ့ဘန်ကာတွေ ဖြိုတဲ့ နေရာမှာ သုံးတယ်။ ပြင်းအားကောင်းတယ်။ တရားမ၀င်ဝယ်ယူထားတဲ့ ဒီလက်နက်ကို ကျနော်တို့ရသွားမှာ အစိုးရစစ်တပ် က မလိုလားဘူး။ နိုင်ငံ တကာ သိသွားမှာစိုးတယ်။ ဒါကြောင့် တော်ရုံတန်ရုံ စစ်ကြောင်းမှာ ၈၄ မမကို မသုံးဘူး။ လိုအပ်လို့သုံးမယ်ဆိုရင်လည်း ၈၄ မမ ကိုင်တဲ့တပ်ခွဲကို ဘယ်ညာတောင်ပံ တပ်ခွဲတခွဲစီက လုံခြုံရေးယူပေးကြတယ်)

ဒီမှာလည်း မာနာပလောရဲ့မြေအနေအထားကိုရှင်းပြဖို့ လိုလာပြီ။ သောင်ရင်းမြစ်နဲ့ သံလွင်မြစ် ခွစီးနေ တဲ့နေရာမှာ မာနယ်ပလော ရှိတယ်။ သောင်ရင်းမြစ်ရဲ့ အရှေ့ဘက်မှာက ထိုင်းနိုင်ငံ။ အနောက်ဘက်မှာက မြန်မာပိုင် မာနယ်ပလော၊ မာနယ်ပလောရဲ့ အနောက်ဘက်မှာက သံလွင်မြစ်က စီးဆင်းတယ်။ မယ်ညောခီတောင်ကုန်း ကျောက်တောင် တောင်ကုန်းတွေရဲ့အရှေ့ဘက်မှာ သံလွင်မြစ် ရှိတယ်။ ဒီတောင်ကုန်းတွေရဲ့အနောက်ဘက်မှာတော့ နံမည်ကြီး ထီးဝါ၀ိကျိုး (သို့)ခွေး အိပ်တောင်ရှိ တယ်။
တနေ့..ရန်သူတပ်ရင်းမှူး ဗိုလ်မှူးမင်းဉာဏ်ရှိန်ဦးစီးပြီး ၈၄ မမပါတဲ့စစ်ကြောင်းတကြောင်း ဟာ ကျောက်တောင်နဲ့ မယ်ညောခီ စခန်းနှစ်ခုကြားကနေ ၀င်ရောက်လာတယ်။ သူတို့ရဲ့အကြံအစည်းက. သံလွင်မြစ်အနောက်ဘက်အခြမ်းကို ခြေကုပ်ယူလိုက်နိုင်ရင် မယ်ညောခီ၊ ကျောက်တောင်၊ ထီးဝါ၀ိကျိုးတို့ ကို တိုက်စရာမလိုဘဲ မာနယ်ပလောကို ထိန်းချုပ်နိုင်ဖို့ပဲ။

ဒါကိုရိပ်မိတဲ့ K.N.U ကလည်း မင်းဉာဏ်ရှိန် ဦးစီးတဲ့ ရန်သူစစ်ကြောင်း ၀င်ရောက်လာချိန်မှာ မတိုက်ဘဲ ရှောင်ပေးလိုက်ပြီး..ရန်သူစစ်ကြောင်းကျွံဝင်သွားချိန်မှ ရန်သူဝင်လာရာလမ်းကြောင်းကို ပိတ်ဆို့လိုက်တော့တယ်။ ဒီမှာပဲ သံလွင်မြစ်နဲ့ မယ်ညောခီ ကြားမှာပိတ်မိနေတဲ့ ဗိုလ်မှူးမင်းဉာဏ်ရှိန် ဦးစီးစစ်ကြောင်းကို K.N.U နဲ့ ကျောင်းသားတပ်ဖွဲ့ပေါင်းပြီး ၀ိုင်းပတ်ခြေမှုန်တော့တာပဲ။

ရန်သူဟာ ရက်အနည်းငယ်လောက် ခံတိုက်နိုင်သေးပေမဲ့ ရက်ကြာလာနဲ့အမျှ ကျည်ဆံအခက်အခဲ ရိက္ခာအခက်အခဲနဲ့ စစ်ကူမရတဲ့အတွက် ကျနော်တို့မဟာမိတ်တပ်တွေကို ခံမတိုက်နိုင်ဘဲ ရှောင်ပြေးနေ ရတော့တယ်။ ကျနော်တို့အဖွဲ့တွေကလည်း လေးဘက်လေးတန်က ပိတ်ဆို့ထားတော့ ထွက်မပြေးနိုင် ဘဲ နေ့ဘက်ဆို တောထဲမှာပုန်းနေပြီး ညဘက်ဆို လူမနေတော့တဲ့ရွာပျက်တွေထဲ ရိက္ခာဝင်ရှာကြတယ်။ ဒီအကြောင်းကိုသိလိုက်တဲ့ ကျနော်တို့မဟာမိတ်တွေက သူတို့လာတဲ့အချိန် ညဘက်မှာ စောင့်ပစ်တော့ တယောက်သေ နှစ်ယောက်သေနဲ့ နောက်ဆုံး ရန်သူလည်း အုပ်စုတွေကွဲပြီး တပ်ပျက်သွားတော့တယ်.. တချို့တွေလည်း အစားရေစားပြတ်ပြီး တောထဲမှာသေကုန်တယ်။

(ကျနော် မယ်ညောခီတောင်ကုန်းပေါ်တက်လာတုန်းက..လမ်းမှာ စမ်းချောင်းတခုတွေ့တာနဲ့ ရေသောက် မယ်လေလို့ စမ်းချောင်းထဲဆင်းသွားတာ..သောက်မလို့လုပ်တုန်း အပုတ်နံ့ရလို့ မသင်္ကာတာနဲ့ စမ်းချောင်း အထက်သွားကြည့်တာ သေနေတဲ့ ရန်သူအလောင်းတလောင်း တွေ့ရတယ်)။

တချို့တွေလည်း လက်နက်ချကြတယ်။ (မယ်ညောခီတောင်ကုန်းပေါ်မှာရှိတဲ့ ကျောင်းသားအဖွဲ့နဲ့ စစ်ကူလို လို့ အရေးပေါ်ခေါ်ထားရတဲ့ N.L.D အဖွဲ့တွေကိုအားပေးဖို့ လက်နက်မပါဘဲ တက်လာကြတဲ့ အမျိုးသားညွန့်ပေါင်းအစိုးရဖွဲ့ဝင် ၀န်ကြီးတွေထံမှာ ရန်သူက လက်နက်ချကြတယ်) ဗိုလ်မှူးမင်းဉာဏ်ရှိန်ဦးစီးတဲ့တဖွဲ့ဆို လက်နက်မချဘဲထွက်ပြေးတာ K.N.U က ဖမ်းမိလိုက်တယ်။ နောက် ဆုံးတော့ ရန်သူလည်း ၈၄မမလည်း ပေးလိုက်ရ၊ လူတွေလည်း သေတဲ့သူသေ ဖမ်းမိတဲ့သူဖမ်းမိနဲ့ ဇာတ်လမ်းသိမ်းသွားတော့တာပဲ။
နောက်တခုက....ရီစရာလည်းဖြစ်၊ စိတ်နာစရာလည်းဖြစ်တဲ့အဖြစ်။

ကျနော် မယ်ညောခီတောင်ပေါ်မှာရှိနေတဲ့အချိန်၊ မယ်ညောခီအရှေ့မှာရှိနေတဲ့ ခွေးအိပ်တောင်ကို ရန်သူက လေယာဉ်နဲ့လာတိုက်တာ..သုံးစီးတအုပ်နဲ့ နှစ်အုပ်ပေါင်း ခြောက်စီးလာတိုက်တာ။ ပထမအစီးက လေယာဉ်ခေါင်းစိုက်မိတာနဲ့ rocket နဲ့ စပစ်တယ်။ rocket ပစ်ပြီးတာနဲ့ ပစ်မှတ်ရှိရာကို လေယာဉ်ကို ဦးစိုက်ဆင်းရင်း စက်သေနတ်ကို ပစ်လာတော့တာပဲ။ ပြန်ဦးမော့တက်တဲ့ အချိန်မှာတော့ ဗုံးကို ကျဲချခဲ့လိုက်တယ်။ ပထမလေယာဉ်ပျံတက်သွားတာနဲ့ ဒုတိယလေယာဉ်ကလည်း ပထမ လေယာဉ်လုပ်သွားသလို rocket ပစ်ပြီး စ၀င်လာတော့တာပဲ။

လေယာဉ်သုံးစီးတအုပ်စုက ကျည်မကုန်မချင်း အခေါက်ခေါက်အခါခါ ဒီပုံစံနဲ့ပစ်သွားကြတယ်။ ပထမအုပ်စု ကျည်ကုန်လို့ပြန်တာနဲ့ ဒုတိယအုပ်စု လေယာဉ်သုံးစီးက ၀င်ပစ်ပြန်ပေါ့။

ဒီလိုရန်သူက ကိုယ့်လူတွေကို ပစ်နေတာကို မယ်ညောခီကုန်းပေါ်မှာရှိနေတဲ့ ကျောင်းသားရဲဘော်တွေ က ဘာကြောင့်မှန်းမသိ ခုန်ပေါက်အော်ဟစ်ပြီး လက်ခုပ်တွေ တီးနေခဲ့ကြတယ်။ (ပြန်တွေးလိုက်တိုင်း စိတ်နာ စရာ)။ ကျနော့်စိတ်ထင်..လေယာဉ်နဲ့တိုက်တာ တခါမှမတွေ့ဘူးလို့ ထင်တယ်။
တိုက်ပွဲပြီးသွားတော့ ..K.N.U ရဲဘော်လေးတယောက်က ခပ်ရွတ်ရွတ် ကျောင်းသားရဲဘော် တယောက် ကို မေးသတဲ့.."ဗုံးကျဲပြီး လေယာဉ် ပြန်တက်သွားချိန်မှာ တဂီးဂီးနဲ့ကြားရတဲ့အသံက ဘာဖြစ်တာလဲ"တဲ့..(အမှန်တော့ ဒီ တဂီးဂီးအသံက စက်သေနတ်ပစ်တဲ့အသံ..လေလှိုင်းကြောင့် အသံနောက်ကျပြီး လေ ယာဉ် ပြန်တက်ချိန်ကျမှ တိုက်ဆိုင်စွာကြားလိုက်ရတာ)..

ဒါပေမဲ့ ကျနော်တို့ မောင်ကျောင်းသားက နောက်တောက်တောက်ဖြေလိုက်တာက.. "ဒီအသံက လေယာဉ် ပြန်တက်ချိန်မှာ လေယာဉ်ဂီယာချိန်းတဲ့အသံကွ"တဲ့။ ရိုးသားတဲ့ K.N.U ရဲဘော်လေး က တော့ ယုံတာပဲ။
နောက်တခုက သမိုင်းတွင်မဲ့ အဖြစ်အပျက်တခု။

တရက်..ကျနော်လည်း တိုက်ပွဲမဖြစ်လို့ ပျင်းပျင်းရှိတာနဲ့ ရန်သူ့သတင်းတွေထောက်လှမ်းတဲ့ ကြားဖြတ်စက် နားသွားပြီး နားထောင်နေမိတယ်။ တိုက်ဆိုင်စွာပဲ ဗိုလ်ချုပ်မောင်လှက သူ့ရဲ့ဗျူဟာမှူးတွေကို အမိန့်ပေးနေ တာ ကြားလိုက်ရတယ်။
မောင်လှ..."မင်းတို့ ဒီကောင်တွေကို ဒီနေ့ ဘာလို့မတိုက်သေးတာလဲ"
ဗျူဟာမှူး.."မနေ့က ကျားသစ်နဲ့ နှင်းဆီတက်တိုက်တာ နှင်းဆီအထိနာသွားလို့ ခဏနားထားတယ်"
မောင်လှ.."မလိုချင်ဘူး။ အခု လက်နက်ကြီးပစ်ကူပေးတာနဲ့ လုပ်ငန်းစပါ"
ဒီမှာတင် ဗျူဟာမှူးဆိုသူက သူ့စစ်ကြောင်းမှူးတွေကို"မအေး-ိုး စစ်ကြောင်းမှူးတွေ မင်းတို့ပထွေး ပြောတာ ကြားတယ်မဟုတ်လား"လို့ ပြောတော့တာပဲ။ ဒီလိုပြောတာကို စက်တွေဖွင့်ထားတဲ့အတွက် ဗိုလ်ချုပ်မောင် လှလည်း ကြားမှာပဲ။ ဒါပေမဲ့ ဘာမှထပ်ပြောသံမကြားရတော့ဘူး။ စက်ပဲပိတ်လိုက်ကြသလား..လေလှိုင်းပဲမကောင်းလို့မကြားရတာလားမသိတော့ဘူး။ နောက်သုံးရက်လောက်နေလို့ ကြားရတာက တိုင်းရင်သားစည်းလုံးညီညွတ်ရေးကိုရှေ့ရှု၍ မာနယ်ပလောထိုးစစ်ကို တဖက်သတ်အပစ်ရပ် လိုက်ကြောင်း ဗိုလ်ချုပ်မောင်လှက ကြေညာသွားတာပဲ။ ဒီမှာတင် မာနယ်ပလောစစ်ပွဲလည်း ရပ်သွား ပြီး နှစ်ဖက်ရဲဘော်တွေလည်း ၀မ်းသာကြပေါ့။ 

စိုးလွင်(၂၁၁)(၀မ်ခ)