သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ထွန်းဝင်းငြိမ်း၊ ဝါကျဖြူ ၊ ကျော်ကျော်မြရည်စမ်းတို့၏ကဗျာများ

ဘလက်ဟိုး
www.artistrising.com
 သူက
ကြယ်တွေကိုငေးရင်း
ကြယ်တစင်း ဖြစ်ချင်ခဲ့တယ်။

ကြယ်တစင်းဆိုတာ
ဆွဲငင်အားတွေနဲ့ ခင်းကျင်းထားတဲ့
စကြ၀ဠာတခုပေါ့။
သူစုစည်းထားတဲ့ ဂြိုဟ်တွေက
သူ့အင်ပါယာတဲ့။

ကြယ်တစင်းနဲ့ တစင်းဟာ
အလင်းနှစ်သန်းပေါင်းများစွာ
ဝေးကွာတယ်ဆိုတာ သူ မယုံဘူး။
ကြယ်တွေ ရွေ့နေတယ်ဆိုတာ သူ နားမလည်နိုင်ဘူး။

အလွန်ကြီးမားတဲ့ ကြယ်တွေကို
ဆွဲငင် စုပ်ယူနေတဲ့ ဘလက်ဟိုး ခေါ်
အာကာသတွင်းနက်ကြီးရှိတာ
သူ သိမယ် ထင်ခဲ့ကြ။

ဘယ်လို သိမ်းပိုက်လိုက်ကြပါလိမ့်။
ဘလက်ဟိုးထဲ ရောက်သွားတဲ့ ကြယ်စင်တွေဟာ
ဘလက်ဟိုးပဲ ဖြစ်သွားကြသတဲ့။
ဒါပေမဲ့
ဘလက်ဟိုးနဲ့ ကြယ်စင်ဆိုတာ
အတူတူတော့ မဟုတ်ကြဘူး။

တကယ်တော့
သူမြင်နေရတဲ့ ကြယ်တစင်းဟာ
လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက
လုံးဝ ပျောက်ကွယ်သွားခဲ့တာ
သူက လွဲလို့ အားလုံးသိနေကြသတဲ့။

ထွန်းဝင်းငြိမ်း
(၁၅၊ ဂ၊ ၂၀၁၆)


* Black Hole = ဘလက်ဟိုး = အာကာသတွင်းနက်ကြီး



ကောင်းကင်ပက်လက်ပေါ်က ……… ပလုံစီများ

www.twocoatsofpaint.com
 မှန်ကွဲစနေရောင်တွေ
ကျမဦးခေါင်းနဲ့ဝင်ဆောင်မိပြီ ။

တလမ်းလုံး
သွေးတွေ ...
အထပ်လိုက်..အလွှာလိုက်
တုံးလုံး...ပက်လက်...မှောက်လျက်
တပြောင်ပြောင်...တလက်လက်
ကောင်းကင်ဟာ မှောက်လျက်ကျလို့ ။

ဘုရားရေ
ကျမကို စကားလုံးတွေတန်းစီးပြီး
ရင်ထဲအတင်းတိုးဝင်နေကြတယ် ။

ဥပမာ...
အဘွားအိုတွေ
ဝမ်းကိုထိန်းကျောင်းရခက်နေပုံတွေ ။

အနာရောဂါတို့ရဲ့
တန်ဖိုးမြင့်ဈေးကွက်စီးပွားရေးတွေ ။

မွေးရပ်မြေကို
ရနံ့နဲ့ပြန်အော်ခွင့်မရတော့တဲ့
လေပြေလေးတွေ ။

ယန္တရားထဲမှာ လူအဖြစ်ကို
ပုံလောင်းထားတဲ့
သံကျွတ်ပုံစံခွက်တွေ ။

အသက်ကို အလင်းနဲ့ရှူဖို့
အတင်းတိုးဝင်နေတဲ့ ပိုးဖလံတွေ ။

နေရောင်ရဲ့
တဖြုတ်ဖြုတ် ပြိုလဲသံကို
ရင်နဲ့ထိုးခံထားတာ မနိုင်တော့ဘူး
" တောက် "
ခလုပ်တခုနှိပ်ခွင့်ပြုပါ ။ 


ဝါကျဖြူ
14.08.2016


နယ်ရုပ်ချဉ်ခြင်း
chinaavantgarde.com
အဖေဆုံးသွားတာ  ကြာပြီ

အမေ မာရဲ့လား  ကျနော်မသိဘူး

အမ နှစ်ယောက်က  တနေရာစီမှာပါ

ကျနော်က  အခုထိ

ဝပ်ကျင်းထဲက  ကာပစ် ပေးနေရပါတယ်

ကောင်းကင်ကြီးက  မှောင်နေဆဲပဲလေ

တိမ်တွေ  ပြာမယ်ဆိုတာ  တကယ်လား

အဖေလည်း  ဒီမှာပဲ  အုတ်ခဲပုံသွားတယ်

စက်ပိတ်လိုက်တော့။   ။


ကျော်ကျော် (မြရည်စမ်း)



Comments

  1. ကာပစ်ရင်း
    ဝပ်ကျင်းထဲက
    ပျောက်သွားတဲ့သား
    အဖေ အမေ သိနိုင်ပါ့မလား
    မေးစမ်းချင်လှတယ်

    ReplyDelete

Post a Comment