သစ်ခက်သံလွင် ကဗျာစင်မြင့်၊ တည်ဘွားဦး၊ မောင်ရင်ထွေး၊ အလွမ်းသစ်(တောင်ကုတ်) တို့၏ကဗျာများ

မေတ္တာလက်ဆောင်
www.pinterest.com

ဘာဖြစ်ချင်လို့ ဖြစ်ချင်နေမှန်းမသိတဲ့
ယုန်ကလေးကိုမယုံကြည်တော့ဘူး
ကိုယ့်ဘက်ကိုယ် ရပ်တည်တဲ့
လိပ်က လေးကို အနိုင်ပေးလိုက်ရတယ်
ကျွန်တော်မှားခဲ့ပါလိမ့်မယ်
ဒါ ကျွန်တော့် မေတ္တာပါ
အားလုံး လိုရာဆန္ဒပြည့်ပါစေ ။ ။


တည်ဘွားဦး
၂၁ ၇ ၁၆
12:45 Am



Live Show
 
ego-alterego.com

 ရင်ထဲက အသံကိုဖမ်းရတာ

တခုခုဆို

ကောင်းကင်ပဲ မော့ကြည့်ရမှာလိုလို …

တခုခုဆို

မြေပြင်ကခဲလုံးလေးကို ကန်ထုတ်ပစ်လိုက်ရမှာ လိုလို…

အားလုံးကတော့ လိုလိုပဲ။



ပိုနေတာဆိုလို့

တကိုယ်တော်အပိုဒ်မှာ ထစ်နေတဲ့

“ငါ” တလုံးးတည်း။ ။



မောင်ရင်ထွေး




ခါးသက်တဲ့ လောကဓံမှာ  အဖေ ဟာ လမ်းပြသူ ဖြစ်တယ် 
     
www.quora.com
အချိန်မှန်ရောက်လာတဲ့နွေဦးဟာ
လွမ်းစရာတွေကို အဖော်ခေါ်လာတယ်. . .

ဟို  အဝေး. . .
နွေးထွေးတဲ့ အိမ်လေးက ထွက်ခွာ
အဖေ့ရဲ့အပြုံးတွေ မမြင်တာကြာမှ
မိသားစုဆိုတဲ့အရသာ နားလည်လာတယ်. .

ရေနည်းငါးလေး တကောင်ထက်ဆိုးပါတယ်
ရင်ဘတ်ကိုအကြိမ်ကြိမ်အနင်းခံရတဲ့အခါ
ရဲရင့်တဲ့အဖေ့ရဲ့မျက်ဝန်းတွေကို
လိုချင်တောင့်တမိပါရဲ့. . . .

နှလုံးသားတွေရင်းနှီးတာ အိမ်ဆိုရင်
အရောင်မွဲနေတဲ့ ငါ့ဘဝမှာ
ဖြတ်သန်းနေရတာ အိမ်ဝေးညတွေပေါ့. . .

အဖေ့ရဲ့ပင်ပန်းတဲ့ချွေးစက်တွေဟာ
ငါ့သားအတွက် ရှေ့ဆက်စရာ လှေကားထစ်တဲ့
အဖေရယ်. . .
ချွေးစက်တွေရဲ့အပေါ်ကိုရောက်ဖို့
သား တခါတည်း ခုန်တက်လိုက်ချင်ရဲ့
ဘဝက တမာလိုပဲ ခါးသက်နေတယ်. . .

အသိတရားနဲ့ ငါ့ရာဇဝင်မှာ
အားဆေးတခွက်ဟာ အဖေ့ရဲ့မေတ္တာတရားပဲ
အသက်ရှုကြပ်နေတဲ့ ညတွေမှာ
ငါ့အတွက်  အလင်းပွင့်လေးဟာ အဖေပဲ..
အမှားများနဲ့ လောကဓံမှာ
ငါ့ရဲ့တခုတည်းသော လမ်းပြသူဟာ
အဖေသာ ဖြစ်တယ်. . .  .


အလွမ်းသစ် (တောင်ကုတ် )


Comments