သစ်ခက်သံလွင်- ၆၉ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဆောင်းပါး၊ နီဇူလိုင်ရဲ့ နှစ်လကြာရှည် ခါရာသီ ရွှေ့ပေမယ့်



" နှစ်လကြာရှည် ခါရာသီ ရွှေ့ပေမဲ့..."

Tuesday, April 20, 2010




၂၀၁၆  ဇူလိုင်လ(၁၈)ရက်  အာဇာနည်နေ့အကြိုညမှာတော
 ပေါင်းတည်မြို့ လည် ရန်ကုန်-ပြည် ကားလမ်းဘေးက အာဇာနည်ကျောက်တိုင်လေးဟာ.. ဆေးရောင်အသစ်များနဲ့တောက်ပနေပါပြီ..။
ဇူလိုင် (၁၇) (၁၈) ညများကတည်းက  အာဇာနည်ကျောက်တိုင်တ၀ိုက်မှာ အမျိုးသားခေါင်းဆောင် ကြီး ဦးအောင်ဆန်းရဲ့မိန့်ခွန်းတွေကို  ဖွင့်လှစ်ထားပါပြီ..။


ဇူလိုင်မိုးတွေ တဖွဲဖွဲစွေနေတဲ့ကလေးဘ၀တနံနက်မှာ ဖေဖေ့ စက်ဘီးဘားတန်းလေးပေါ်မှာ ထိုင်ရင်း ပေါင်းတည်မြို့ရဲ့ အာဇာနည်နေ့အခမ်းအနားတခုကို စတင် မြင်ဖူးခဲ့ပါတယ်။ မြို့လည် ဈေးရှေ့က အာဇာနည်ကျောက်တိုင်မှာ ပန်းခွေ ရောင်စုံလှိုင်း ထလို့။ ကျောင်းသူ ကျောင်းသားတွေ၊
ဝန်ထမ်းတွေ၊ ဈေးသူဈေးသားတွေက အလှည့်ကျ ဦးညွှတ်ဂုဏ်ပြုကြ။

ဘင်ခရာတီးဝိုင်းရဲ့ခရာ မှုတ်သံက လွမ်းလွမ်းဆွတ်ဆွတ် ကြေကြေကွဲကွဲ။
ဟိုး- တိုင်ထိပ်က ၀မ်းပမ်းတနဲ လျောဆင်းလာတဲ့ နိုင်ငံတော်အလံက တဖျပ်ဖျပ်တုန်ခါနေတာကို ကြည့်ရင်း ဘာမှန်းမသိ စို့နစ်ရှိုက်ငင်မိ။ အာဇာနည်နေ့အခမ်းအနားကို လိုက်ပြတဲ့ဖေဖေက ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ အကြောင်းပြောပြတော့ နှမျောတသ စိတ်တွေ တဖွားဖွား။

နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ တမြို့လုံးမှာရှိတဲ့ ဆန်စက်ကြီးတွေ၊ အထည်စက်ကြီးတွေရဲ့ဘွိုင်လာ ဥသြမှုတ်သံကြီးတွေက ရုတ်တရက် ပြိုင်တူ ဆွဲဆွဲငင်ငင် ရှိုက်ငိုလိုက်ကြသလို။ လမ်းမပေါ်မှာရှိတဲ့ ကားတွေ အားလုံးဟွန်းတွေ သံရှည်ဆွဲရင်း ရပ်တန့်ကြ။ လမ်းသွားလမ်းလာအားလုံး ခေတ္တခဏ
ရပ်တန့်ကြ။

ညဘက်မှာတော့ မြို့လေးရဲ့အာဇာနည် ကျောက်တိုင်မှာ မီးရောင်စုံထွန်းညှိလို့။ ဗိုလ်ချုပ် အောင်ဆန်းရဲ့တိုတိုပြတ်ပြတ် အသံနဲ့မိန့်ခွန်းတွေကို ဖွင့်လို့။ တမြို့လုံးကြေကြေ ကွဲကွဲ။ တနိုင်ငံလုံးကြေကြေကွဲကွဲ။ ည-၈နာရီ သတင်းအပြီးမှာ မြန်မာ့အသံ ရေဒီယိုကလွှင့်တဲ့ဗိုလ်ချုပ် အောင်ဆန်း မိန့်ခွန်းတွေကို မောင်နှမတတွေ နားထောင်ရင်း မျက်ရည်မဆည်နိုင်တာတွေ၊ အဆိုတော်ကြီး ဒေါ်မေလှမြိုင် ရဲ့ အာဇာနည်နေ့သီချင်းသံကို နားဆင်ရင်း ရှိုက်ငင် ကြေကွဲခဲ့တာတွေ။
အို …မနေ့တနေ့ကလိုပါပဲလား။

ဒီနေ့တော့ ရာဇ၀င်ရိုင်းခဲ့ပြီကော။
-
၁၉၈၉-ခု ဇူလိုင်လ (၂၀ )ရက်နေ့


ဒီညမှာ… ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် တားဆီးမိန့် ထုတ်ခဲ့ပြီကော။ ပြစ်မှုက (၄၂) နှစ်မြောက်အာဇာနည်နေ့မှာ မတရားချုပ်ချယ် ကန့်သတ်ချက်တွေကို ဖီဆန်ပြီး ပြည်သူလူထုနဲ့အတူ အာဇာနည်ဗိမာန်ကို ချီတက်အလေးပြုဖို့ဆုံးဖြတ်ချက်ချခဲ့လို့ပါပဲ။ ဗမာ တပြည်လုံးနဲ့ရန်ကုန်မြို့ရဲ့အာဇာနည်နေ့အကြိုတင်းမာမှုတွေဟာ ကျမတို့မြို့ ကလေးကိုလည်း ဂယက် ထခဲ့ပါတယ်။

-
အာဇာနည်နေ့မှာ ပါတီအဖွဲ့အစည်းတွေ တဖွဲ့ကို လူ(၂၀) ပဲ ချီတက်ရမယ်လို့ ကန့်သတ်ထားပေမဲ့ ကိုယ့် ခေါင်းဆောင်ရဲ့လမ်းစဉ်အတိုင်း မြို့ကလေးရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်တွေဟာ မတရားတဲ့ အမိန့်အာဏာဟူသမျှကိုတာဝန်အရ ဖီဆန်ကြပါပြီ။ လူ(၂၀၀)ကျော်ပါဝင်တဲ့အဖွဲ့ဝင်တွေဟာ ပန်းနီနီ
တွေနဲ့အဖွဲ့ချုပ်အလံ ပုံစံဖော်ကျူးထားတဲ့ ပန်းအလံကြီးကိုကိုင်ဆောင်လို့မြို့လေးရဲ့ အာဇာနည် ကျောက်တိုင်ရှိရာ ချီတက်လာကြပါပြီ။

လမ်းဘေး ၀ဲယာတလျှောက်က အားပေးနေတဲ့ ပရိသတ်ရဲ့လက်ခုပ်သံတဖြောင်းဖြောင်း ကြားထဲမှာ ကျမဟာ နေမကောင်းတဲ့ကြားထဲက စီးမျော ပါဝင်သွားမိပါပြီ။

မြို့လေးရဲ့အာဇာနည်ကျောက်တိုင် သွားရာလမ်းမှာ မီးရထား သံလမ်းဂိတ်တခုကို ဖြတ်ရတယ်။ အိုး …ရထားတံခါးပိတ်ထားပါလား။ ဥသြသံမြည်ပြီး မီးရထားကြီး ၀င်လာပါတယ်။ အဖွဲ့ဝင်တွေ ချီတက် လာတဲ့လမ်းရှေ့မှာ မီးရထားကြီးက ကန့်လန့်ဖြတ်အနေအထားနဲ့ရပ်လိုက်ပါရော။ ဒါပေမဲ့ ရထား
စက်ခေါင်းမောင်းသမားကြီးက ချီတက်လာတဲ့လူတန်းကြီးနဲ့အဖွဲ့ချုပ်ရဲ့ပန်းအလံကြီးကို မြင်လိုက်တဲ့ အခါမှာ …ဥသြတချက် ထပ်ဆွဲပြီး ရထားကြီးကိုနောက်ပြန် ဆုတ်သွားပါတယ်။ အဖွဲ့ချုပ်ခေါင်းဆောင်က လူအုပ်ထဲ က ထွက်လာပြီး ရထားလမ်း တံခါးထိန်းဆီသွားပြီး တံခါးဖွင့်ပေးပါလို့ပြောတော့ သူက ရထားရှိနေတယ် လို့ ပြန်ပြောပါတယ်။ ဒီအချိန်မှာ စက်ခေါင်းမောင်းသမားကြီးက ခေါင်းတွဲထဲ က ပြေးဆင်းလာပြီး ``ဟေ့- ဖွင့်ပေးလိုက်..မောင်းတဲ့ ငါမရှိဘဲ ရထား မထွက်ဖူးကွ´´ဆိုတော့မှ ရထား တံခါး ပွင့်သွားပါတယ်။ အဲဒီတော့မှ လူတန်းကြီးက အရှိန်မပျက် ဆက်လက်ချီတက်သွားချိန်မှာ လမ်းဘေး တလျှောက်က ပရိသတ်ရဲ့ လက်ခုပ်သံတဖြောင်းဖြောင်း ညံသွားပါတော့တယ်။

အာဇာနည်ကျောက်တိုင်ရှေ့မှာတော့ တခြားအဖွဲ့တွေရဲ့ပန်းခွေတွေ ချထားနှင့် ပါပြီ။ မဝေးသေးတဲ့ လှုပ်ရှားမူ အရှိန်အဟုန်တွေနဲ့ ...ပြည်သူလူထုရဲ့အားပေးမူ.. အဖွဲ့ချုပ်ရဲ့အင်အားတွေကြောင့် တဖက်
အာဏာပိုင်တွေက လေးစားမှုရှိတော့ ဘာမှကန့်ကွက်မှုမရှိဘဲ အေးအေးဆေးဆေး ပန်းခွေချခဲ့ ရပါတယ်။


++++++++

(၁၉၉၀) (၄၃) နှစ်မြောက် အာဇာနည်နေ့

အဲဒီနှစ်က စလို့…..မြို့ကလေးရဲ့အာဇာနည်ကျောက်တိုင်လေးဟာ အချုပ်ကျတော့တာပါပဲ။ အာဇာနည်ကျောက်တိုင်နားကို ဘယ်သူမှပန်းခွေချလို့မရအောင် (၁၈) ရက်နေ့ ညကတည်းက ပီနံကြိုးကြီးတွေနဲ့ လမ်းကို ဖြတ်ချည်ပြီးအကျည်းတန်စွာ လမ်းပိတ်ခံ ရပါတယ်။ လမ်းသွား လမ်းလာ တောင်ဖြတ်ခွင့် မပြုပါဘူး။ မြို့လေးရဲ့နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့ကျောင်းသားထုက
နည်းမျိုးစုံနဲ့ ပန်းခွေချဖို့ကြိုးစားကြလို့ အတားအဆီး ခံကြရပါတယ်။

အဲ့ဒီမနက်က အိမ်က ညီမတွေအကုန်လုံး အာဇာနည်နေ့ ကျောင်းသားအခမ်းအနားတခုမှာ ပါဝင်ဖို့ အိမ်က ထွက်သွားကြတော့ အိမ်မှာ ဖေဖေနဲ့ကျမ နှစ်ယောက်ထဲ ကျန်ခဲ့ပါတယ်။ မြို့ထဲက အာဇာနည်နေ့အခမ်း အနားကျင်းပမဲ့သူတွေကို စိတ်ပူရင်း၊ ဖေဖေက ``ကဲ …ဒီနေ့တော့ တို့အိမ်မှာပဲ ဗိုလ်ချုပ်တို့ကို အလေးပြု ကြမယ်´´တဲ့။

သားအဖနှစ်ယောက်သား မြန်မာ့အသံရေဒီယိုကို ဖွင့်ပြီး (၁၀)နာရီ (၃၇)မိနစ်မှာ ဥသြဆွဲမဲ့ အသံကို စောင့်နေပါတယ်။ ဘာ ဥသြဆွဲသံမှထွက်မလာပါလား။ ခါတိုင်းဆို ရေဒီယိုကဥသြဆွဲသံအပြီးမှာ မေလှမြိုင်ရဲ့ ``နှစ်လကြာရှည် ခါရာသီ ရွေ့ပေမဲ့......အာဇာ နည်နေ့ကိုတော့ မမေ့သင့်ပါပြီ´´
ဆိုတဲ့သီချင်းသံလေးကို လွမ်းဆွတ် နာကျင်စွာကြားနေကြပါ..။ ခုတော့ အာဇာနည်နေ့နဲ့ ဘာမှမဆိုင် တဲ့ ရေဒီယိုအစီအစဉ်တွေပဲ လာနေပါလား။

မြို့ထဲက ခါတိုင်းလို ဥသြဆွဲသံတွေလည်း တိတ်လို့။ သားအဖ နှစ်ယောက်သားရင်ထဲမှာ ကြေကွဲစွာ။ ခံပြင်းစွာ။ ၀မ်းနည်းခြင်းကြီးစွာနဲ့ ကိုယ့်အထိမ်းအမှတ်နဲ့ကိုပဲ မိနစ်အနည်းငယ်ငြိမ်သက် အလေးပြု ခဲ့ကြရပါတယ်။

++++++


အဲဒီနှစ်ကစလို့ နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့ရောက်ရင် အိမ်ရှေ့ဧည့်ခန်းက ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံကြီးရှေ့မှာရပ်ပြီး ၁၀ နာရီ ၃၇ မိနစ် တိတိမှာ ကျမတို့သားအဖနှစ်ယောက် အလေးပြု ဖြစ်ပါတယ်။
ဖေဖေက`သတိ..ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွကျဆုံးလေပြီးသော..အာဇာနည်ခေါင်းဆောင်ကြီး များကို အလေးပြု´´လို့ အမိန့်ပေးပြီး အာဇာနည်နေ့အခမ်းအနားကို ကျင်းပမြဲ။ ဖေဖေရဲ့အမိန့်ပေးသံ ထဲမှာ လှိုက်လှဲဆွတ်ကျင်တဲ့ခံစားချက်တွေပါနေတော့ အလိုလိုနေရင်း မျက်ရည်တွေ ၀ဲလာတယ်။
ပေါင်းတည်မြို့လေးရဲ့ အာဇာနည်ကျောက်တိုင်ဟာ အဝေးပြေး ကားလမ်းမကြီးဘေးမှာ ခြုံနွယ် ပိတ်ပေါင်းတွေဖုံးလွှမ်းလို့ မြို့လေးရဲ့သမိုင်း ဂုဏ်သိက္ခာတွေကို နင်းခြေ ဖျက်ဆီးခံနေရသလို။


+++


(လွန်ခဲ့တဲ့ (၆) နှစ်က ကျမရဲ့ ကိုယ်ပိုင်ဘလော့စာမျက်နှာ http://nijuly.blogspot.com/2010/04/blog-post_3745.htmr မှာ ရေးခဲ့မိတဲ့  ဒီစာစုကလေးကို ပြန်ဖတ်မိတော့.. နည်းနည်း ထပ်ဖြည့်ချင်ပါတော့ တယ်)
၂၀၁၆  ဇူလိုင်လ(၁၈)ရက်  အာဇာနည်နေ့အကြိုညမှာတော့  ပေါင်းတည်မြို့ လည် ရန်ကုန်-ပြည် ကားလမ်းဘေးက အာဇာနည်ကျောက်တိုင်လေးဟာ.. ဆေးရောင်အသစ်များနဲ့တောက်ပနေပါပြီ..။

ဇူလိုင် (၁၇) (၁၈) ညများကတည်းက  အာဇာနည်ကျောက်တိုင်တ၀ိုက်မှာ အမျိုးသားခေါင်းဆောင် ကြီး ဦးအောင်ဆန်းရဲ့မိန့်ခွန်းတွေကို  ဖွင့်လှစ်ထားပါပြီ..။ မီးရောင်စုံထွန်းညှိထားတဲ့ အာဇာနည် ကျောက် တိုင်ကလေးမှာ နက်ဖန်မနက်ဆို မြို့လုံးကျွတ်အစုအဖွဲ့အသီးသီးက  လှပခမ်းနားတဲ့ ပန်းခွေတွေနဲ့ လာရောက်အလေးပြုကြပါလိမ့်မယ်..။ အာဇာနည်ကျောက်တိုင်ကလေးကတော့
သူဖြတ်သန်းခဲ့တဲ့ ခေတ်သမိုင်းမျိုးစုံကို  ... ရင့်ကျက်စွာ ဖြတ်ကျော်နေဦးမှာပါ..။  ။

Comments