သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ထက်သစ်၊ ကမ်လူဝေး၊ နရီမင်းတို့၏ကဗျာများ

မိသားစု စစ်ရှောင်စခန်း

www.artsyshark.com


သာလိကာဆိုတာ
စကားတတ်တဲ့ငှက်မျိုး
ခု....ကျုပ်
သာလိကာတကောင်
မွေးထားတယ်
ဝါးလှောင်အိမ်လေးနဲ့ပေါ့...
မိသားစုနဲ့ အနီးအပါးကလူတွေချစ်ကြတယ်
ဒီကောင် ခု စကားပြောတတ်ပြီ...
မှတ်ဉာဏ်ကတော့ အံ့မခန်းပဲ...
ဒီကောင်ပြောတဲ့စကားလား
ငြိမ်းချမ်းရေးရသင့်ပြီတဲ့။ ။
ခု...ကျုပ်နေတဲ့နေရာလား...
တောစပ်က ရွက်ဖျင်တဲလေးမှာ ။  ။


ထက်
သစ်
၂၇.၄.၂၀၁၆

….

သိုင်းလောကသူရဲကောင်း

www.notey.com

ကျင့်စဉ်မှားလို့
လေဖြတ်သွားတဲ့ သိုင်းသမားလို
ကျင်စဉ်လွဲလို့
တိုးတက်မှုနည်းတဲ့ သိုင်းသမားလို
အတွင်းအား မပြည့်လို့
အဆင့်မြင့် သိုင်းကွက်
အစွမ်းပျက်တဲ့ သိုင်းသမားလို
ငါတို့ရဲ့သူရဲကောင်းက
အကွက်သာ မဟန်ပေမဲ့
ပေးထားတဲ့ဓားကို
တအား တအား ရမ်းနေတော့။   ။

ကမ်လူဝေး

….

မင်းတို့ ခံစားတဲ့ အနုပညာ 

 
www.artbylt.com,

မင်းတို့ ခံစားတဲ့ ရုပ်ရှင်က
ဒီမိန်းမ ဒီခုတင်ပေါ်
ခြေအိတ်ချွတ်နေတာကိုပဲ ၁၅ မိနစ်တိတိ ပြတယ်။
အဖိနှိပ်ခံတွေဘက်က ရပ်တည်တဲ့
တို့မင်းသားကြီး ရွှေဘလို
ပိတ်ထိုးပစ်လိုက်စမ်းပါ။

မင်းတို့ခံစားတဲ့ကဗျာ
စကားလုံးတွေက အသက်မဲ့လို့
အဓိပ္ပာယ်တွေ ကွယ်ဝှက် စကားထာဝှက်သလိုပဲ။
ရဲရဲရေးစမ်းပါကွာ၊
တိုက်ရဲတယ် သေရဲတယ်
ဒါပဲပေါ့။

မင်းတို့ ခံစားတဲ့ ဂီတ
ကွိကွ ကွိကွနဲ့
ဓာတ်လိုက်သလို
ထ ကလိုက်သေးတယ်။
Fucking Government လို့
Guns n Roses လို
အော်ဆဲပစ်လိုက်စမ်းကွာ။

မင်းတို့ ခံစားတဲ့ပန်းချီက
ဆော့ဖ်ပက်စတယ်နဲ့
ပန်းသီးပုံ လုံးနေအောင် ရွရွပွတ်
ပိုက်ဆံရှိတဲ့ကောင် ကြွားရအောင်
ဧည့်ခန်းမှာ ဝယ်ချိတ်လိမ့်မယ်။
ဒီမှာ
စုတ်တံအပြားကြီးကို ဆေးနီပုံးထဲနှစ်
ကင်းဗတ်စ်ဖြူဖြူပေါ် ရိုက်ချလိုက်
သွေးအိုင်ထဲကနေ သွေးစက်တွေ ပြန့်ထွက်သွားပုံကိုရမယ်၊
၈၈ လို့သာ
ခေါင်းစဉ်တပ်ပစ်လိုက်ကွာ။

ဟိုကောင် လူယဉ်ကျေး
ခင်ဗျားဟာက
အနုပညာ ခေါင်းပါးလှချေလားဗျာတွေ ဘာတွေ လာမလုပ်နဲ့
မင်းတို့ ပြောပြောနေတဲ့ အနုပညာဆိုတဲ့အရာ
ငါ့ဆီက ထွက်သွားတာ ကြာပြီ။ 


နရီမင်း
၃၀- ၆- ၂၀၁၆

Comments