သစ်ခက်သံလွင် ကဗျာစင်မြင့်၊ နေစိမ့်၊ ကိုပွေး၊ လူခက်တို့၏ကဗျာများ

ဝင်ကစွပ်ကောင်
 
KT#
 လမ်းကငါ့ဆီတည့်တည့် ပြန်လျှောက်လာတယ်
အဖျားကိုဆက်ပြီးသွားမလား
အရင်းမှာတင်ရပ်တန့်လိုက်မလား
အဖြေတွေများပြီးမေးခွန်းကတခုထဲ
တချို့ ဇာတ်ဝင်ခန်းတွေကထိန်ချန်ထားလိုက်ပါတယ်
အသက်ဝင်နေဆဲအသားစပုတ်လိုက်လာလို့
အစိမ်းလိုက်လှီးဖြတ်ထုတ်ပစ်ရတာ
သိပ်လည်းစိုးရိမ်မနေပါနဲ့ 
ခြေတုလက်တုစက်ရုံတွေကမ္ဘာ့အဆင့်မီလာ တရားဝင်နေထိုင်တဲ့နိုင်ငံမှာတရားမဝင်တဲ့မတရားမှုတွေက
ကမ္ဘာ့အဆင့်ကျော်နေတာတခုပဲ
တရားဓမ္မတော်လာ
လွယ်လွယ်နဲ့အလျှော့မပေးတတ်တဲ့ကံကြမ္မာက
ငါ့ကိုဘယ်ကာလအထိများထူးခတ်ထားမလဲ
နောက်ဘဝအထိမေးခွန်းတွေအတွဲလိုက်
အဓိပ္ပာယ်အပြည့်အစုံနဲ့ ခြွင်းချက်မရှိ
လက်နက်ချအလင်းဝင်လိုက်တဲ့အယူခံမှာ
ကြိုတင်ထည့်မတွက်ထားတဲ့အစီအမံတွေက အခိုင်အခန့်
လက်စသတ်တော့မယ့် ဂိတ်အဆုံး
လိုအပ်ရင်ပြုပြင်လို့ရတဲ့ငါ့အရေပြားပေါ်ကမြေပုံမှာ
မူရင်းလိပ်စာမဖျက်သေးဘူး
နစ်ရှေးလိုမစဉ်းစားချင်
တွေးခေါ်မြော်မြင်မှုတွေက ဗိုင်းရပ်စ်ကိုက်နေတယ်
ကမ္ဘာကြီးက ငါ့ကိုလိုချင်နေတာလား
ငါက ကမ္ဘာကြီးကိုလိုချင်နေတာလား
အဲဒါ…

နေစိမ့်



စိတ္တဇပန်းချီတဲ့လား
 
KT#
ဒီအခန်းတွေရဲ့နောက်မှာ
ဒီအရောင်ပုန်းနေမယ်လို့ ထင်မထားမိဘူး
"လှလိုက်တာ"
ရှားပါးမျိုးစိတ်တခုကောက်ရလိုက်သလို
ဂူနံရံပေါ်မော်ဒန်ပန်းချီဆွဲထားတာပါပဲ
တခါတလေ
ထင်မှတ်မထားတာတွေက
ဘဝရဲ့တကယ့်အစပ်အဟပ်တွေ
အိမ်ပြန်နောက်ကျတဲ့ တိမ်တွေမှာ
ရောင်စုံမျက်ရည်စတွေ တွဲလို့ ရွှဲလို့
ဒီကားကို
သူ့အရေပြားပေါ်သူ့သွေးသားနဲ့ဒီတဘဝလုံး
စုတ်ပေါက်သလို တချက်ချင်း ဆွဲခဲ့ရတာ
နားမလည်သူတယောက်အနေနဲ့
တောင်ခြစ်မြောက်ခြစ်ထက် မပိုပါဘူး
အဲဒီနေ့က
ကျနော်ပြောချင်နေတာ အဲဒါပဲဗျ။

ကိုပွေး 
၃၀၇၁၆


အတွေး ၂ 
 
KT#

သဲတရှပ်ရှပ် ကံတရားနဲ့
အစုလိုက်အပြုံလိုက် ဖုန်လုံးနဲ့
ဝုန်းဒိုင်းကြဲ ဒဏ်ရာတွေနဲ့

သေသေချာချာတွေးကြည့်မှ
မသေချာတာတွေ
လုပ်မိတဲ့လုပ်အားနဲ့

ကျကွဲရင် ပြန်ဆက်မရနိုင်တဲ့
မျှော်လင့်ချက်တွေနဲ့

လရောင်နဲ့ ဆေးလိပ်မီးတို့ချင်တယ်
ကောင်းကင်နဲ့အမြင့်ပြိုင်ချင်တယ်

မြေပြင်ထဲ စိုက်ဝင်နေတဲ့ အော်သံနဲ့
ရွှံ့ နံ့မကင်းသော လူတယောက်။

လူခက်

Comments