သစ်ခက်သံလွင် ကဗျာစင်မြင့်၊ အောင်လွန်းမြိုင်၊ ဆလိုင်းမြတ်နိုးသူ၊ ဟာရှိန်း(မင်းတပ်)နှင့် ကိုပွေးတို့၏ကဗျာများ


လူ့ဘုံခန်းဝါ

www.blumandpoe.com
မနေ့ညက
ညဥ့်နက်နက်မှာ မွေးကင်းစ ကလေးနဲ့
သားသည်အမေ ပျောက်သွားတယ် တဲ့
ဗေဒင်အလိုအရ
ငါ့အနားက သပြေပင်အောက်
ထိုင်နေဆိုလား…
ကာလကြီးကိုမေ့ကာ
စိတ်ဒဏ်ရာနဲ့
အေးအေးလူလူ ယတြာချေလို့….
လူ့အသက် နှစ်ချောင်းကို
ပိုက်စိတ်တိုက် မရှာသင့်ဘူးလား…?
အော်…
လူ့ အန္ဓများ
သွေးအေးကြပုံ
ငါသေလို့ရတယ်ပြောပြီး
မသေ မရှင် ….။

အောင်လွန်းမြိုင်
   ..

 ဒီဇင်ဘာပြန်လည်အနည်ထိုင်ခြင်း
www.designbyhumans.com
 နွားတင်းကုပ်အောက်မှာ ထိုင်ပြီး ငြိမ်နေတဲ့ခွေး အငွေ့ပျံနေတဲ့
စကားလုံးတိကျမှုမရှိတဲ့ ဖြစ်နိုင်ခြင်းများစွာနဲ့ပါ ဒီဇင်ဘာ မင်းရဲ့
ကိုယ်ရေးအကျဉ်းဖြတ်စညှပ်စတွေကို လျှော်ဖွတ်မီးပူတိုက်လို့ ပြီးပါပြီ။
Church ကျောင်းထဲက ကြာဇံဟင်းရည်အနံ့ဟာ မွှေးလိုက်တာ။
ဟိုကောင်တွေကတော့ ကျောင်းစောင့်ကြီးလက်ချက်နဲ့ ဒဏ်ရာတွေရပြီး
ချောင်ထဲမှာ ငြိမ်သက် ကုသကြ။ ဒီဇင်ဘာ မင်းဟာ ငါ့ထက်ဘယ်လိုလုပ်ပြီးလှပနိုင်မှာလဲ။
မင်းမတွေးဖူးတာ ငါပြောမိ။ ဒါဟာ မင်းအတွက် ငါ့လက်ဆောင်
တောင်တွေ တီးတိုးစကားပြောနေကြ။ အိမ်တအိမ်ရဲ့အမှောင်ခန်းထဲက
အသံတွေ ငါဖွင့်ဖောက်ပြသလိုက်ရင် ဘယ်လိုဖြစ်လာနိုင်သလဲ။
ပျော်ရွှင်မှုဆိုတာ မင်းနဲ့ငါ့ကြားကလွဲပြီး ဘယ်သူ့ကိုမှ မထိခိုက်စေနိုင်။
အကြမ်းဖက်သမားတွေအများကြီး။ခရမ်းချဉ်သီးတွေ အများကြီး။ အမဲရိုးဟာ အရသာရှိတယ်လို့
ငါ့အပေါ် မင်းစွပ်စွဲချက်က သည်းမခံနိုင်စရာပဲ။
တရားတဘောင်ကိုနမ်း သင်္ချိုင်းမျက်စောင်းထိုး တနေ့ဆယ်ကြိမ်မက
စစ်မြေပြင်ကိုသွားရမှာဆိုတာလည်း ကိုယ်ချင်းစာပါတယ်။
ငါ့ကိုချစ်ပါလို့ ဘယ်တော့မှမပြောဘူး ဒီဇင်ဘာ။ လူ့ဘဝဟာ တိုက်ပွဲဆိုတာ ခဏ။
စစ်ပြေငြိမ်းစာချုပ်နဲ့ မြေကြီးဟာ ကျွန်နံ့ နံနေသေးသလို တဖြည်းဖြည်း ကျွံကျလာတဲ့
ပြင်သစ်ထုတ် ရေမွှေးတွေ။ငါသာဆို နင့်ကိုချစ်မိမှာပဲ။

ငါကတော့ဗိုက်ဖောင်းကြီး အသားမည်းမည်းကြီးဆိုလည်း စဉ်းစားမှာပဲပြောပြီး
တကမ္ဘာလုံးမှာ ငါတယောက်ပဲရှိတယ်ထင်ရအောင် တံခါးပိတ်ခဲ့စရာလား။
အိမ်သူခိုးကပ်လို့ ပစ္စည်းတွေပါသွားတာ ငါနဲ့မဆိုင် ပလက်ဖောင်းပေါ်ဖြစ်တဲ့ကိစ္စကလည်း
ငါနဲ့မဆိုင်။ ခေါင်းရှုပ်စရာကောင်းရအောင်ကလည်း ငါ့မှာ ခေါင်းတွေမရှုပ်။ ငါ့စွမ်းစွမ်းတမံ
ဆောင်ရွက်ချက်တွေ ရှိတယ်။ အိမ်ကကောင်မလေး အတွင်းခံဟိုကောင်ဝင်ဆွဲတော့
ကာကွယ်ပေးတာ။ အိမ်ရှင်မ ဆံပင်မွှေးတွေ ပြုတ်ကျကျန်ခဲ့တော့ ငါရှင်းပေးတာ
ဒီလိုဟာတွေအတွက် ငါဖြင့်သိပ်ဂုဏ်ယူတယ်။

ဒီဇင်ဘာရေ ငါဟာဘာကိုမျှော်နေမှန်းမသိ မျှော်နေတုန်းပဲ။
လှပတဲ့မနက်ခင်းတွေကို သဘောကျတယ်။ ငါမသိတဲ့အရာတွေအတွက်တော့ ဘယ်ကောင်ကိုမှ
ကျေးဇူးတရားကြီး တစက်မှမရှိ။ ဒီဇင်ဘာရေ ငါဒီနေရာမှာ ထိုင်ရင်း
အရေမရအဖတ်မရဆိုတာကိုဖြင့် ငါ့မှာ သင့်အတွက် လက်မ မရှိ။
ဒီဇင်ဘာရေ ချယ်ရီတွေ ခေါ်မလာပါနဲ့ကွာ
အသည်းနှလုံး ရင်ဘတ်ကြီးနဲ့ပါဆိုတာ လူတိုင်းသိတဲ့ကိစ္စပါ
အခုတော့ တောမဟုတ် ဘာမဟုတ် ငါ့မာဖလာပေါ်နှင်းတွေ ရွှဲရွှဲစို။
ဒါဟာ ငါ့အတွက် တခါက မင်းပြောဖူးတယ်။ အခုလည်း ဒီအတိုင်းပါပဲ။
မျက်ရည်နဲ့ဘာမှလုပ်လို့မရ။ ဘယ်တော့မှ ဘာမှ ဖြစ်မလာနိုင်သော အရာ
နည်းနည်းများသွားတယ်လို့ ငါခံစားမိပါတယ် ဒီဇင်ဘာရေ Good bye ပါ ငါလစ်ပြီ။

ဆလိုင်း မြတ်နိုးသူ
2016 June 24
 


ခေတ်သစ်ပုံပြင်

en.wikipedia.org
 

အလင်ရောင်​​ကြောက်တဲ့ ရောဂါသည်ဟာ

အလင်ရောင်ထုထည်ကြီးထဲ ပြေးပုန်းလို့

မှောင်ဝင်လာတဲ့အခါ

နတ်ဆိုးဟာ လာရာလမ်းအတိုင်း လားရာတူသွားခဲ့။



မနက်မိုးလင်းလာတိုင်

သူခိုးတွေဟာ ကြမ်းပိုးတွေ​​အဖြစ်နဲ

လူရိုးဟာ ရှာလို့မတွေ့တော့ဘူး။



ဟာရှိန်း(မင်းတပ်)

..

ငါတို့ဟာ ခေတ်ထဲကိုကျွံကျ

stanley-spencer.blogspot.com
 မတော်လို့ ရရင် ရမယ်
မခေါ်လို့ ဘယ်ရမလဲ
ကျူံးရေဟာ လေးဘက်လေးတန်ငြိမ်သက်
တံခါးပိတ်ထားတဲ့ကျောင်းထဲ
ရေနီမြောင်းဟာ တိတ်တိတ်လေးငိုကျွေး
အဝေးကကြည့်ရင် ပုံပြင်ထဲကအိမ်လိုပဲ
တချိန်က ရင်ခုန်ဖွယ်ရာ
သူရဲချောက်သည်ဆိုသောကျောင်းတော်
တမာရွက်ကြွေများ လမ်းပေါ်တရွေ့ရွေ့
တငွေ့ငွေ့စကားပြောသံများညနက်ထဲ
အသည်းချင်းထူးခတ်လွန်းထိုး
စိုးထိတ်ပျော်ရွှင်သော ကျောင်းညများ
၇၃ လမ်းဟာ ကျူံးနဲ့ကျောင်းကို ထမ်းလို့
ငါတို့ကလည်း အချစ်နဲ့စနစ်ကို ထမ်းလို့
၃၅ ကုန်းတံတားကို ကြုံးဝါးနင်းတက်ပြီး
ဘရိတ်မမိပဲ ခုန်ဆင်းခဲ့သလိုမျိုး
စက်ဘီးတစီးရဲ့ ရဲရင့်ရူးသွပ်မှုမျိုးနဲ့
ငါတို့ခေတ်ကို ငါတို့ ချစ်ခဲ့တယ် ။

ပညာရေးစနစ်ဟာ အရူးမ လင်ပဲ
အရူးချီးပန်း သင်ရိုးညွှန်းတမ်းများနဲ့
ပညာတတ်စနစ်က အရူးဇာတ်ဖြစ်ရတယ်
ငါတို့မှာ
ငွေကုန် အချိန်ကုန် အရွယ်ပါကုန်ခဲ့ရ
ငါတို့ဟာ
လူမသိသူမသိ  ဖျက်ဆီးခံခဲ့ရ
ငါတို့ဟာ
ဓာတ်ပုံကပ် ဂျပ်ထူစက္ကူတရွက်
ငါတို့ဟာ
ဘာမှ သုံးစားမရခဲ့
ငါတို့ဟာ
စနစ်တကျ အသတ်ခံရ
ကုန်းပေါ်ရောက် ငါးတကောင်လို
စနစ်ဟာ ခေတ်ပဲ
ငါတို့ဟာ ခေတ်ထဲကိုကျွံကျနေတဲ့
မသေမရှင်ကျွန်တွေ
ငါတို့ခေတ်က ငါတို့နစ်ခဲ့တယ် ။  ။  ။
 

ကိုပွေး

                           

Comments