သစ်ခက်သံလွင်ကဗျာ- ဟာရှိန်း (မင်းတပ်) ရဲ့ ရန်ကုန်ဟာ ရန်တွေမကုန်သေးဘူးဆိုရင် ပင်လုံဟာ မလုံခြုံသေးဘူး

ရန်ကုန်ဟာ ရန်တွေမကုန်သေးဘူးဆိုရင် 
ပင်လုံဟာ မလုံခြုံသေးဘူး


flickeringfuse.wordpress.com
ရန်ကုန်နဲ့ ပင်လုံ 
ပင်လုံနဲ့ရန်ကုန်
တောင်တန်းနဲ့ပြည်မကို တသားတည်းကျစေချင်တဲ့ ကဗျာပါ။

ကရင်တစ်ကျပ် ဗမာ တစ်ကျပ်
ဒီလိုနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကြီးဖြစ်စေချင်တာပါ။


ဆယ်စုနှစ်ပေါင်းများစွာ
ကရင်သုည ဗမာသုည တိုင်းပြည်ကချောက်ထဲမှာ
ကမ္ဘာ့အချမ်းသာဆုံးတိုင်းပြည်ဟာ ဖွံ့ဖြိုးမှုအရ နောက်ကရေတွက်ရင်
ထိပ်ဆုံးဆယ်နိုင်ငံဝင်တယ်

မသမာသူတွေ ဝိလောဘသမားတွေ အာဏာရှင်တွေ
ကပ်ဖားတွေ ဖားမြောင်တွေ ခရိုနီတွေ ကတော့ ဖွံ့ကြဖြိုးကြနဲ့ပါ။


အခုတော့ ရာစုသစ်တစ်ခုရဲ့အပြောင်းအလဲ
မျှော်လင့်ထားတဲ့ ကောင်းကင်ကြီးကိုမြင်ရ
အရွယ်တူကြယ်ဖြူ တစ်ဆယ့်လေးလုံးကို မျှော်လင့်ကြမျှော်ကိုးကြ
မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာ ကြာပြီ
အချင်းချင်းကိုက်နေရတာကြာပြီ။


ပိတ်ထားတဲ့ အတွင်းဝန်ရုံးကို အပြင်ဘက်နေစေ့စေ့ကြည့်ပြီး
ရန်ကုန်ရောက်ဖူးတဲ့ တောင်ပေါ်သားတွေ အံကိုကြိတ် ပြီး မျက်ရည်စို့ခဲ့တာ
ဇူလိုင် တစ်ဆယ့်ကိုးမှမဟုတ်ဘူး
ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှ မဟုတ်ဘူး
အခွင့်အခါသင့်တိုင်း ဗန္ဓုလပန်းခြံက လွတ်လပ်ရေးမှတ်တိုင်ကြီးဟာ
ပိုမိုခမ်းနားလာ။


ပင်လုံရေ
တောင်တန်းသားတို့ သွေးတွေ ချွေးတွေကို သမိုင်းအဆက်ဆက်မေ့လိုက်ပါ
ပင်လုံ ဝမ်းနဲ့ လွယ်ခဲ့ရတဲ့ လွတ်လပ်ရေး သားရတနာဟာ
ခုထိ အချုပ်အနှောင်နဲ့
သား ရတာ နာ လို့ ကျနော်တို့မတွေးခဲ့ဖူးပါဘူး
အမေနဲ့တူတဲ့ အမေ
အဖေနဲ့ တူတဲ့အဖေ
ကျနော်လို့ရခဲ့ပြီးပါပြီ
ကျနော်တို့ရဲ့ အတူမွေး အတူရှင်ခဲ့တဲ့ နောင်တော်ပင်လုံကိုသာ လွတ်လပ်ခွင့် ရစေချင်တာပါ။

ပင်လုံဟာ
နတ်ကြီးတယ်။


ပင်လုံဟာ
စည်ကမ်းကြီးတယ်။
ပင်လုံဟာ ညီမျှတယ်။


ပင်လုံဟာ တန်းတူညီတူ တစ်အိုးတစ်အိမ်တည်းဘဝကို လိုလားတယ်။
ပင်လုံဟာ အနာဂတ်ကို ကိုယ်စားပြုတယ်။


အခုတော့
ပင်လုံလည်းမလုံခြုံတော့
ရန်ကုန်လည်း ရန်မကုန်တော့
သမိုင်းကို ဖျက်ချင်တဲ့ သူရူးတွေနဲ့
သမိုင်းကို ပြင်ချင်တဲ့ သူတောင်းစားတွေနဲ့
တောင်းစားတာချင်းတူခဲ့မယ်ဆိုရင်တောင် ကရင်တစ်ကျပ် ဗမာတစ်ကျပ်တော့ 
ကျနော် ကျမတို့လည်း လိုလားကြောင်းပါ။


ဒီကဗျာဟာ 
ပြည်မနဲ့ တောင်တန်း
တောင်တန်းနဲ့ ပြည်မ
ရန်ကုန်နဲ့ ပင်လုံ
ပင်လုံနဲ့ ရန်ကုန်ကို တသားတည်းကျစေချင်တဲ့ကဗျာပါ။


ဟာရှိန်း(မင်းတပ်)

Comments