သစ်ခက်သံလွင်- ၆၉ နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ကဗျာ၊ မြတ်လှိုင်း၊ မောင်ရဲနွေ ပလိပ်

 ငှက်ဆိုးတကောင်လိုထိုးနေတဲ့ ဇူလိုင်
studiodapore.blogspot.com
နှလုံးသွေးတွေနဲ့
ယစ်အပူဇော်ခံခဲ့ရတဲ့ ဇူလိုင်
တိုက်ဆိုင်မှုတွေဟာမတူညီတဲ့ပုံသဏ္ဍာန်နဲ့
ဟောဒီ ရင်နံရံပေါ်မှာ
သွေးစိမ်းရှင်ရှင်ဒဏ်ရာတွေရှိတယ်။

သစ္စာတရားအတွက်
ငါတို့လမ်းတွေဘယ်လောက်ဖျက်ရဦးမှာလဲ
လောကရဲ့ပရိယာယ်မာယာတွေကို
ရက်ရက်စက်စက်လှတဲ့မိန်းမတယောက်ကိုမုန်းသလိုမျိုး
ငါရက်ရက်စက်စက်မုန်းတယ်။

ပန်းတွေပွင့်ဖို့
လရောင်ဟာကျိန်စာအသင့်ခံခဲ့ရ
မနက်ဖြန်မနက်တိုင်းဟာ
ဘယ်တုန်းကမှအိပ်မက်ကောင်းကောင်းမက်ပြီးမနိုးထခဲ့ရဘူး
ကိုယ့်အရှုံးကိုယ်ထမ်းပြန်ခဲ့ရတဲ့တိမ်တောက်ချိန်
အာဏာပါးကွက်သားတွေရေချိန်ကိုက်နေကြပြီ
ဒီအချိန်လေးဟာ
အေးစက်တိတ်ဆိတ်လွန်းနေတယ်
ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းလွန်းနေတယ်
အသုဘအိမ်ထဲကထွက်လာတဲ့
ဇူလိုင်ဟာ
မျက်ရည်တွေနီရဲလို့
အံကြိတ်သံ၊သက်ပြင်းချသံ၊ ငိုရှိုက်သံတွေရောထွေးနေတဲ့
ငါတို့ရဲ့ဘယ်ဖက်ရင်အုံကို
ငါတို့ကိုယ်တိုင်ဆွဲလှုပ်ပြီး
တော်လဲသံတွေမြည်ဟီးပစ်လိုက်တယ်။

သစ္စာဖောက်တွေကိုကြိုးကွင်းစွပ်ခဲ့ပြီးပြီ
နောက်ထပ်ကြိုးကွင်းစွပ်ဖို့
ဇူလိုင်ဟာခုံရုံးပေါ်သက်သေတက်ရလိမ့်မယ်
အခုထိတော့
ဇူလိုင်ဟာ
ငှက်ဆိုးတကောင်လိုထိုးနေခဲ့တုန်းပဲ။  ။

မြတ်လှိုင်း
ဥသြဆွဲသံ 
 
Moe Z Dzai  ၏ ဖေ့ဘွတ်မှယူပါသည်။
၁၉၄၇
ဇူလိုင်  ၁၉
၁၀ နာရီ ၃၇ မိနစ်...။

ဥသြဆွဲသံကြားလိုက်တယ်
ဒီနေ့ဟာ
သမိုင်းစာမျက်နှာထက်
သွေးစွန်းရက်
သွေးစွန်းခဲ့...။

ဥသြဆွဲသံ ကြားလိုက်တယ်
ဒီနေ့မှာ
ဗိုလ်ချုပ်နဲ့ လုပ်ဖော်ကိုင်ဖက်ခေါင်းဆောင်များ
မျိုးချစ်သူရဲကောင်းများ
ပြည်သူ့အကျိုး
တိုင်းပြည်အကျိုးဆောင်ရွက်ခိုက်
အငိုက်ခံရ

ဥသြဆွဲသံကြားလိုက်တယ်
ဒီနေ့မှာ
ပြည်သူတွေ မျက်ရည်စီးဆင်း
ပင်လယ်ကြီးအလား
သမုဒ္ဒရာတစင်း ဖြစ်လို့သွား..။

ဥသြဆွဲသံကြားလိုက်တယ်
ဘယ်တော့မှ မမေ့ဘူး
ဒီနေ့ကို မေ့ပစ်လို့ မရဘူး
(ဥသြဆွဲဖို့ ငြင်းခဲ့သူတွေ အတွက်ကတော့
ထားရော့……),..။
ဥသြဆွဲသံကြားလိုက်တယ်
ဒီနေ့ကို 
မိုးဖွဲဖွဲလေးတွေကတောင် ဂုဏ်ပြုတယ်...။

ဟေ့…
သူငယ်ချင်းတို့
ဥသြဆွဲသံကြားရ
(အားလုံး မတ်တပ်ထ
တစ်မိနစ်ငြိမ်)
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော
အာဇာနည်ခေါင်းဆောင်ကြီးများကို
အလေးပြု....။  ။

မောင်ရဲနွေ ပလိပ်


Comments