သစ်ခက်သံလွင် ကဗျာစင်မြင့်၊ လင်းခါး၊ တေဇလင်း-နည်းပညာတက္ကသိုလ်၊ လွှေး

အများကြိုက် ပေါင်မုန့်ကို ယိုသုတ်ဖို့ 
uk.pinterest.com
ငါတို့ ပေါင်မုန့်ကို ယိုသုတ်ခဲ့တုန်းက
ပေါင်မုန့်မီးကင်စက်နဲ့ မီးလှုံနေကြသူတွေ
"ယိုအသုတ်ခံ ပေါင်မုန့်တွေဘက်က ရပ်တည်ကြ"
ကြွေးကြော်သူတွေက
ခုမှ ပေါင်မုန့်ကို ယိုနှစ်ထပ်သုတ်ကြသတဲ့လား
ဝမ်းနည်းမိတယ်
ပေါင်မုန့်ကို ယိုသုတ်ရင်း လဲကျခဲ့ရသူတွေ
အောက်မေ့မိတယ်
အမှောင်ထဲ စမ်းတဝါးဝါး
ပေါင်မုန့်ကို မှန်းဆ ယိုသုတ်ရင်း ကျဆုံးခဲ့ရသူတွေ
အားကျမိတယ်
ပွယောင်းယောင်းပေါင်မုန့်ကို
ရဲရဲတောက် ယိုသုတ်ခဲ့သူတွေ
ငါ ဦးညွတ်လိုက်ပါရဲ့
အခုများလေ
ငါ ပေါင်မုန့်တွေကို
ဘယ်သူ ယိုသုတ်သွားခဲ့သလဲ။

လင်းခါး
၁၇-၆-၂၀၁၆


ညီအစ်ကို
www.pinterest.com
တယောက်နဲ့တယောက်
ကြည့်မရတာကခပ်များများ
တယောက်ကို … … …
အခြားတယောက်ကများလာထိကြည့်
ဘယ်မျက်နှာမှမကြည့်တော့ဘူး။  ။


တေဇလင်း - နည်းပညာတက္ကသိုလ်


ကျွန်တော့်အင်္ကျီမှာ ငါးညှီတွေပေနေတယ် မေမေ
www.tes.com
 ကတ်ကိုဘိန်းလို အတွေးမျိုးဖြင့်
ငါ့နားထင်ငါပြန်တေ့ထားမိတဲ့သေနတ်
ဘယ်အချိန် ပစ်ဖောက်မိမယ်မသိ
မျှော်လင့်ချက်အသေ ရောခံထားရတဲ့မနက်ဖြန်တွေ
ရေခဲရိုက် ရင်ခုန်သံတချို့နဲ့
ပုံသေနည်းဆန်ဆန် နေ့ရက်တွေအတွက်
နီးသထက်တော့ နီးလာပြီထင်ရတယ်
စီးမိခဲ့တဲ့ သားရေဖိနပ်လေးမှာ
မလိုချင်တဲ့ စက္ကူကတ်ထူပါလာသလိုမျိုး
ဒုက္ခတချို့မှာ ဆန်၊ ဆန်ကွဲ ကွဲပြားသွားခဲ့
တချို့တချို့သော သူငယ်ချင်းဆိုတဲ့ကောင်တွေလည်း
မိုးရွှာမှထွက်လာတတ်တဲ့ ဖားတွေလို
နွေမရောက်ခင် ပျောက်ကွယ်သွားကြ
တဒင်္ဂအန္တရာယ်မှာ ထာဝရဝေးကွာခဲ့ရ
ဇာတ်မသိမ်းခင် ဇာတ်ရံတယောက်လျှောသွားပြန်ပြီ
ပျော်ရွှင်ဖွယ်ဇာတ်သိမ်းတွေအတွက်
စောင့်ကြည့်ခဲ့မိတဲ့ အခွေချပ်တွေ
သေမလားရှင်မလား သိချင်လွန်းလို့
ဆက်ဖတ်နေမိတဲ့ စာမျက်နှာတွေ
နောက်ဆုံးတော့လည်း ဆက်လက်ကြိုးစားပါဦးမည်တဲ့
ဘာတပ်မက်စရာမှမရှိတဲ့လောကမှာ
ငါရော ဘာလို့လောဘတွေ အတောမသတ်နိုင်ရတာလဲ
ဓားသွေးရင်း အာနပါန မှတ်နိုင်ဖို့ဆိုတာ
ငါ အတော်ရုန်းကန်ရဦးမယ်
အရှိုးတွေထပ်ခါပေးပြီး ချစ်လို့ပါပြောလာသူ
ဒဏ်ရာတွေနဲ့ငါ့မှာ ဘယ်လိုဖြေသာရပါမလဲ
ဘာမှမဟုတ်ပါဘူး ခေါင်းစဉ်တပ်ဖို့အတွက်
ငါမှာတော့နေ့မနားညမအား အပတ်တကုပ်ကြိုးစားခဲ့ရ
ပြီးတော့လည်း ပြီးသွားတာပေါ့
မပြီးသွားတာက ဒဏ်ရာတွေ
မှန်ပေါ်မှာ နဖူးကအမာရွတ်မြင်တိုင်း
မဟော်သဓာကိုအခဲမကျေတဲ့ ကေဝဋ်ပုဏ္ဏားလို
ပစ်ခတ်သူဟာ သရေကွင်းသေးသေးလေးပါ
ငါမှန်တာမျက်လုံးဆိုတော့ မေ့မဆုံးပေါ့
မရှိမှုတွေမှာ ပျော်မွှေ့နေခဲ့
မသိမှုတွေမှာ ရောင်ရဲနေခဲ့
နေပျော်ပျော်အရှုံးတွေမှာ
လူလိမ္မာယောင်ဆောင်ရမှာထက်စာရင်
လူမိုက်စစ်စစ်ဖြစ်ချင်ရှာတဲ့အမေ့သားဟာ
ဒီဥပုသ်နေ့လည်း ဘုန်းကြီးကျောင်းမရောက်ဖြစ်ပြန်ဘူး အမေ

လွှေး
ရေရိုင်းမြေရိုင်းအလွန် ငြိမ်းချမ်းရေးနှင့် ကဗျာအင်အားစုမှ ပေးပို့ပါသည်။

Comments