သစ်ခက်သံလွင်- ၆၉ နှစ်မြောက်အာဇာနည်နေ့ဂါရဝပြုဦးညွတ်ခြင်း၊၊ ခရမ်းပြာထက်လူရဲ့ " ဦးအောင်ဆန်း ဂဠုန်ဦးစော မေလှမြိုင်နဲ့ ငါ မင်းကို သတ်ချင်တယ် "


ဦးအောင်ဆန်း ဂဠုန်ဦးစော မေလှမြိုင်နဲ့

ငါ မင်းကို သတ်ချင်တယ်

ခရမ်းပြာထက်လူ



ရွှေဖလားရောင် ဘန်ကောက်လုံချည် ပိုးအင်္ကျီနဲ့ ဆံပင်ကို တိတိရိရိဖြတ်ထားတယ်
ဖိုင်တွဲနဲ့ စာအုပ်တွေကို မြန်မပြည်မြေပုံကိုပိုက်ထားသလို ပွေ့လို့၊ တယောက်တည်းတက်လာတယ် အတွင်းဝန်ရုံးအပေါ်၊ ဒီနေ့ သူ သိပ်လန်းနေပေါ့လေ။
လေတောင်ချွန်နေသလားမသိ။

စစ်ဝတ်စစ်စားနဲ့မဟုတ်
ကိုယ့်လူတွေရဲ့ဝိညာဉ်နဲ့၊ ရန်သူ့ရဲ့သွေးတွေ ကပ်ပါနေတဲ့ စစ်ဝတ်စစ်စားနဲ့ မဟုတ်။

အရပ်သားဝတ်စုံ
လွတ်လပ်ရေးနဲ့ အပြီးအပိုင်လက်ထပ်တော့မယ့် သတို့သညားလောင်းရဲ့ ဟန်ပန်
အမြင်ဆန်း အသွင်ဆန်း ကျွန်တော်တို့ရဲ့ ဦးအောင်ဆန်း။
လေပြည်လေညင်းလေးတွေ ခိုးနမ်းချစ်စရာကောင်းလောက်အောင် ကောင်းကင်ဆန်နေတဲ့
ဦးအောင်ဆန်း။

ဘရင်းဂန်းအလက် (၂၀၀) ခိုးထုတ်သွားသတဲ့

လေပြည်လေညင်းလေးတွေကို ပစ်သတ်ဖို့
နံ့သာတောအုပ်ကြီးတအုပ်ကို ပစ်သတ်ဖို့
ပဒေသာပင်ကြီးကို ပစ်သတ်ဖို့ မစားရတဲ့အမဲ သဲနဲ့ပက်ကြဖို့။

ယုံကြည်မှုဟာ ဝီရိယလွန်သွားသလား
ရေကာတာကြီးတွေ စောင့်ကန်တွန်းဖွင့်ပြီးဝင်လာတဲ့မုန်တိုင်း
ချစ်ခြင်းမေတ္တာဟာ အထွဋ်အထိပ်ရောက်သွားခဲ့သလား
တောင်ကျ ချောင်းရေတွေလို ပျံဝဲပြေးဝင်လာတဲ့ ကျည်ဆန်များ
ဟေ့ လက်ကို တားကာ ငါ မပြီးသေးဘူး
ဟေ့ - ဒါ ခုမှ စမှာဟေ့၊ အော်လိုက်သလေား၊ နောက်ကျသွားခဲ့ပေါ့။



ပြေးဝင်လာတယ် အနက်ရောင် နတ်ဆိုးများ
ပြေးဝင်လာတယ် အနက်ရောင်တိမ်တိုက်များ
ပြေးဝင်လာတယ် အနက်ရောင် ကျီးကန်းများ
ပြေးဝင်လာတယ် အနက်ရောင် ထဘီစကြီး လည်ပင်းပတ်လို့
အနက်ရောင် မျက်မှန်အနက်ကြီး မျက်လုံးစွပ်လို့၊ ပြောရဦးမယ်
ပြေးဝင်လာတယ် အနက်ရောင် ဝတ်ရုံကြီးခြုံလို့ ပြောရဦးမယ်
အနက်ရောင်ထဘီကြီးထဲက အနက်ရောင် ချုံခိုတိုက်ခိုက်မှုနဲ့ထွက်ကျလာတဲ့ အနိဋ္ဌာရုံများ။

ဘယ်သူလဲ သိလား သား
မစ္ဆရိယစိတ်နဲ့ စိတ်ကြိုက် လိင်တူဆက်ဆံခဲ့သူကြီး။
ဘယ်သူလဲ သိလား သမီး
၅ တန်းနဲ့ ပြိုင်တိုင်း ဘယ်တော့မှ အနိုင်မရခဲ့သူကြီး။
ဘယ်သူလဲ သိလား သား
ဆန်ကုန်မြေလေး လူကြီးပြီး အချိန်မစီးခဲ့သူကြီး။
ဘယ်သူလဲ သိလား သမီး
ဂလုံ ဂလုံနဲ့ အဆံချောင်၊ အချောင်ကြံခဲ့တဲ့ ဂဠုန်ကြီး။
ဘယ်သူလဲ သိလား သား
အကြံကုန်လို့ ဂဠုန် ဆားချက်ခဲ့သူကြီး
ဘယ်သူလဲ သိလား သမီး
တနင်္ဂနွေ ဂဠုန် ငရဲမီးတွေ ငုံလာခဲ့သူကြီး။



ကျုပ်ပိုက်ဆံအိတ်ကို ခွဲသွားတာထက်
ကျုပ်နှလုံးသားကိုခွဲထုတ်ယူသွားခဲ့တဲ့ သူခိုးဓားပြကြီး။
ငါသေတဲ့အခါ သင်းရှိတဲ့ နေရာလိုက်ရှာပြီး
ထပ်ကာ ထပ်ကာ သံသရာအဆက်ဆက် ကိစ္စလိုက်တုံးပစ်ရမယ့်သူကြီး။
တကမ္ဘာလုံးအတွက် တရက်စောသွားခဲ့သူကြီး။
သခင်မြနဲ့ ဦးဘဂျမ်း သင်းအကြံကို ဒီနေ့အစည်းအဝေးမှာ မတင်ပြနိုင်ခင် ခင်ဗျားဦးသွားခဲ့လေခြင်း

ဘာပဲဖြစ်ဖြစ် အာဇာနည်တွေကို သတ်တာဟာ ဘုရားစင်ကို ဖြိုတာပဲ
ဥသြဆွဲသံတွေကိုသတ်တာဟာ ငါတို့နှလုံးသားတွေကို သေနတ်နဲ့ပစ်တာပဲ
ခင်ဗျားတို့ သတ်ခဲ့တယ်
ဒါပေမဲ့ ဥသြဆွဲသံတွေဟာ နေ့တိုင်း၊ စက္ကန့်တိုင်း၊ မိနစ်တိုင်းနဲ့ ရာသီတိုင်းမှာ
ငါတို့ရင်ထဲက သွေးကြောတွေထဲ ရထားအစီးစီး ခုတ်မောင်းသလိုပြေးလွှား

မေလှမြိုင်ရဲ့ “အာဇာနည်နေ့ကို မမေ့သင့်ပါပေ” အဲဒီ့ ဆွေးဆွေးမြည့်မြည့်အသံကြားရင်
မီးလောင်ပေါက်ကွဲပြီး အရှိန်လွန် ကျိုးပေါက်တက်လာတဲ့ ရေနံတွင်းတတွင်းလို

ငါ မင်းကို သတ်ချင်တယ်
ငါ မင်းကို သတ်ချင်တယ်
ငါ မင်းကို သတ်ချင်တယ် ဒီသီချင်းကို ချက်ချင်းကြီး ကီးချိန်းသွား။
                                      အားလုံးမီးဟုန်းဟုန်း တောက်သွားတယ်။


                                                                                      (၂၀၁၃)

ခရမ်းပြာထက်လူ၏ "၉၉" မှ ထုတ်နှုတ်တင်ဆက်ပါသည်။

Comments