သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မြတ်လှိုင်း၊ စိုးခိုင်ညိန်း၊ နွန်လတ်တို့၏ကဗျာများ


ငါ့ကိုညှို့ယူသွားတဲ့
စွဲမက်မှုအတွေးအငွေ့များ
www.pinterest.com
တရှိုက်မက်မက်နဲ့
တိမ်တွေပေါ်စီးမျောရင်း
လမင်းနဲ့အိပ်ရာဝင်တဲ့ညတွေ
ကြယ်တွေကို ကဗျာရွတ်ပြခဲ့တယ်။

တခါတရံ
လောကကိုပြောင်းပြန်လှန်မိပေါ့
အထိအတွေ့ဟာ နှုတ်ခမ်းပေါ်က
ရသကို စွဲညှို့ယူဖူးခဲ့တယ်။

အိပ်မက်ကိုဖန်ဆင်းတဲ့တခဏတွေ
နေ့ဟာ အမှောင်
ညဟာ လင်းပွက်ထနေခဲ့
ဒါ သဘာဝတရားကို ဆန့်ကျင်ကောင်းဆန့်ကျင်နေလိမ့်မယ်
တချို့နဲ့မတူခဲ့တဲ့မျဉ်းကြောင်းကိုဆက်ဆွဲနေမိခဲ့။

ကတိကဝတ်က
ပြန်ထွက်သွားတဲ့ အခိုးအငွေ့တွေကို
တားဆီးကောင်းတားဆီးနိုင်ပေမယ့်
အကန့်အသတ်တရားရဲ့ဘောင်ထဲမှာရှိတယ်
ရင်ခုန်မျှော်လင့်ခြင်းပျောက်ဆုံးသွားတဲ့အခါပေါ့။

တစိမ်းဆန်သွားတဲ့ပန်းတပွင့်ကို
ကိုယ်တိုင်ဥပေက္ခာမပြုချင်ပဲ
ဥပေက္ခာပြုလိုက်မိတဲ့ စကားလုံးတချို့
ရင်ထဲပြန်မြိုချလိုက်မိတဲ့အခါ
ခေါင်းထဲကရှုတ်ထွေးနေတဲ့အတွေးတွေကို
အခိုးအငွေ့အဖြစ်
ပြန်ထုတ်ပြီး
လောကရဲ့ခေါ်သံမကြားနိုင်တော့တဲ့
တိတ်ဆိတ်ခြင်းခေတ်ကို ခြေလှမ်းခဲ့တယ်။

မမြင်နိုင်သေးတဲ့
ရှင်သန်မှုရက်တွေ
အနှုတ်လက္ခဏာပြကောင်းပြနေမယ်ဆိုတာ
မသိခြင်းက လက်ခံနေလိမ့်မယ်
ဝေဒနာတွေကိုရှူရှိုက်နေမိပေါ့။

ဒါပေမဲ့
ချစ်သောအရာတွေနဲ့
ချစ်သောသူတွေ ဝေးကွာနေခြင်းအတွက်
အထီးကျန်ညတွေမှာ
ရင်ဘတ်ခြင်းထိကပ်ပြီး
ရင်ခုန်သံတွေတိုးလျလျကြားခဲ့တဲ့
စိတ်ကူးတွေကိုပြန်ဖော်ပြ
လှပတဲ့သင်္ကေတတွေဖြစ်နေခဲ့တယ်။

အတွေးတစ်ပင်အောက်မှာ
ကော်ဖီတခွက်
စီးကရက်တလိပ်နဲ့ကဗျာ
ချစ်မိတာနဲ့
ပါရှင်းဒိဋ္ဌိလို့ခေါ်ချင်ခေါ်ကြပစေ
ငါ့ရဲ့စွဲမက်မှုနဲ့ ငါ
ဘဝကိုသေဆုံးမှုရသတွေနဲ့
ပြာလိုကြွေသွားလိမ့်မယ်ဆိုရင်လဲ
ငါ့ရဲ့ကျေနပ်ခြင်းနေ့ကိုပို့ဆောင်လိုက်ပါ။ ။

မြတ်လှိုင်း


နေ့လယ်ခင်း ၁၁ 
 
www.pinterest.com
 နာရီစက္ကန့်တွေနဲ့ ကုက္ကိုရွက်တွေ တဖွဲဖွဲ
အိပ်ရာခေါင်းအုံးပေါ်မှာ
သဲသဲမည်းမည်း ကျွမ်းလောင်
ရှင်သန်ခြင်းကို စိမ်းနေတဲ့
ရွက်လှပင်လေးနဲ့ ကိုင်းကူးထား။

လွှတ်တင်ထားတဲ့ မေတ္တာတရားကို
notification ဖွင့်ကြည့် ၊ like စာရင်း ဖြဲကြည့်
သူ မlike သေးတော့ ဒီအတိုင်းထားခဲ့လို့မရ
comment မှာ မပျော်ရွှင်တဲ့အကြောင်း ရေးထားခဲ့
chat box မှာ စိမ်းနေတဲ့ သင်္ကေတလေးနဲ့
သူရှိနေမှန်းသိရ
စိမ်းနေတဲ့ သင်္ကေတလေးနဲ့ပဲ
သူစိမ်းကားမှန်းသိရ
ပြောဖူးတဲ့ စကားတွေမှာလည်း
အစိမ်းရောင်တွေနဲ့။

မှုန်မှိုင်းနေတဲ့ တိမ်တွေကို ငေးမော
လက်က ကော်ဖီခွက်ဆီရောက်၊
စီးကရက်ဗူးဆီရောက်
ကိုယ်ကတော့ ဘယ်ကိုမှ မရောက်။

ရယ်စာရာပြောလည်း ရယ်လို့မရ
ဘာပြောပြော
ဒီနေရာပဲ ပြန်ပြန်ရောက်
နေ့တွေ မိတ္တူပွားထားတဲ့ ဝင်္ကဘာ။

မထူးဆန်းလှတဲ့နေထိုင်ခြင်းနဲ့
နေရောင်ခြည်ကို အထူးအဆန်းလုပ်ကြည့်
အသက်မဲ့သလို သွေးအေးငြိမ်သက်
နေကောင်းရဲ့လားဟင် ဆိုတော့မှ
တကယ် ဖျားသွားတယ် ။။ 


စိုးခိုင်ညိန်း


မောင်ချောနွယ်ကဗျာတွေဖတ်ပြီး 
သံအမတ်ဖြစ်ချင်ခဲ့ဖူးတယ်

www.pinterest.com
ပြောစရာသိပ်မရှိပါဘူး
ခေါင်းပေါ်မြှောက်တင်ခဲ့တဲ့ သူတွေရော
ခေါင်းပေါ်တက်နင်းခဲ့တဲ့ သူတွေကိုရော
ချစ်ခဲ့ပါတယ်။

လောကဓံတရားဟာ ရှစ်ပါးဆိုပေမယ့်
လေးပါးက အစပ်
လေးပါးက အချို
ပုထုဇဉ်ပေမို့ ချိုတဲ့အရသာကို ပိုလိုချင်ခဲ့မိပါတယ်။

အနည်းငယ်ပုပ်နေတဲ့သစ်သီးတွေမှာမှ ချိုတဲ့ အရသာ နည်းနည်းရပြီး
စိမ်းစိုလတ်ဆတ်တဲ့ ငရုတ်သီးတောင့်တွေမှ
စပ်တဲ့အရသာအပြည့်အဝပါဝင်နေတာကတော့
ကံတရားပေါ့လေ
ကျေနပ်ရပါတယ်။

သင်္ဘောနဲ့ ပင်လယ်မဖြတ်ဖူးဘူး
လေယာဉ်ပျံမစီးဖူးဘူး
ထောင်မကျဖူးဘူး

ရှင်လိင်ပြန်ဖူးတယ်
မင်္ဂလာဆောင်ဖူးတယ်
လူဖြစ်ရတာတန်ပါတယ်။

ဒီထက်နည်းနည်းပိုခွင့်ရမယ်ဆို
မောင်ချောနွယ်ပြောဖူးသလို
ဘဝမှာ သံအမတ်တော့ ဖြစ်ခွင့် ရဖူးချင်ရဲ့။       ။

နွန်လတ်


Comments