သစ်ခက်သံလွင် တကိုယ်တော်ကဗျာ- ညိုထက်ညို၏ကဗျာများ

ဆံပင်တွေ မွှေးတယ် မိုးဟေကို

www.themodern.org
 
လွန်ခဲ့သော
နှစ်များစွာ
အဲဒီတုန်းက
ခန္ဓာကိုယ် အသားလှဆီတွေအကြောင်း
လူတွေ သိပ်မသိသေးပါ
အဲဒီညက
ဆိုးဆိုးဆတ်ဆတ် မိုးတွေရွာ
အဲဒီညက
ဖျိုးဖျိုးဖျတ်ဖျတ် မင်းဝင်လာ
ဒီဇာတ်ညွှန်း ကို ဘယ်သူရေးခဲ့ပါလိမ့်
ဖျတ်ခနဲ မီးထပျက်တော့
ကတ်လို့လည်း ဘယ်သူမှမအော်
မင်းအသံ အိုခနဲ ထွက်
ထပ်ခနဲ မီးခြစ်အလက်မှာ
မင်းကိုငါ ဘာခွေယူမလဲ တုန်တုန်ရီရီ မေးတော့
မင်းငါ့ကို ရှိတာပေးလို့ ရှက်ကိုးရှက်ကန်း ပြောခဲ့ဖူးတယ် မိုးဟေကို ။ ။

ညိုထက်ညို (စက်တင်ဘာ၊ ၂၀၀၈)

...

ဆင်ဖမ်းသမား

www.pinterest.com
 
သား ကြီးကြီးကျယ်ကျယ် တခုခုလုပ်ခဲ့ပါ့မယ် အမေ
ကတိအတိုင်း ဒီည ငါထွက်ခဲ့
မှောင်ကြီးထဲ
ငါ့ ရိုင်ဖယ် ငါ ကိုင်စွဲ
တောထဲချွတ်နင်း
ချဉ်းကပ်ဝင်ရောက်
ခြေရာကောက်
မျက်စိရှင်ရှင်
နားရှင်ရှင်
ခြေရှင်ရှင်
လက်ရှင်ရှင်
အတွေ့အထိ ရှင်ရှင်
အသိတရား ရှင်ရှင်
ငါ့ သားကောင် ငါ မြင်လိုက်တော့
ကွင်းပြင်ထဲ ထီးထီး
သတိကြီးကြီး နဲ့
မုဆိုးဒူးထောက်
အသက်အောင့် ချိန်ရွယ်
အကျယ်လောင်ဆုံး ပြေးခွင့်ပေးပြီး မောင်းကို ကွေးညွှတ်ချလိုက်တယ်
ဒဲ့ပဲ
ဒီတခါ ငါ မလွဲဘူး
ထိချက်ပြင်းတယ်
အသေဆတ်ဆတ်
သား ကဗျာကို အရှင်လတ်လတ် ဖမ်းမိခဲ့ပြီ အမေ ။ ။

ညိုထက်ညို (ဇူလိုင်၊ ၂၀၀၈)


တေးသံခါးခါး

www.high.org
 
ရွေ့နေတာက တိမ်လား စိတ်လား
မြင်နေရတဲ့ နှုတ်ခမ်းသားထဲ
မမြင်ရတဲ့ ဖြားယောင်းမှုတိုင်းမှာ
အကောင်းဆုံး ကစားသမား ဆိုတာ
ဂိုးသွင်း နိုင်သူသာ ဖြစ်လေ့ဖြစ်ထ ရှိတယ်
လူကနေပေမယ့် စိတ်ကစွေခဲ့
ကမ္မဇလေ
ငါ့ နှလုံးသား နာကျင်လေမှ
တရွရွ
စကားလုံးတွေကို ရေးချလိုက်မိတယ်
နာရီတွေကို နေ့ည ရွှေ့ပစ်ရင်း
ငါ ဆိုတာဟာ သေးသေးသိမ်သိမ်နဲ့
မင်း မခံမရပ် နိုင်လောက်အောင် အနံ့တွေ ပြင်းခဲ့ရပြီ ညီမလေး ။ ။

ညိုထက်ညို  (ဇူလိုင်၊ ၂၀၀၈)


နေ့လားညလား

www.liveauctioneers.com
 
တံခါးခေါက်သံတွေဟာ သားကို သူတို့လာခေါ်တာလား
အမေရယ်
အမေ့သားအိမ်ထဲ
ခဏ ဝင်ပုန်းပါရစေလား ။ ။

ညိုထက်ညို 
(ဖေဖော်ဝါရီ၊ ၂၀၁၀ )


ညိုထက်ညို စစ်စစ် တစ်ပက်လောက်

arthistory.about.com
 
ဟုတ်ခနဲ
ငြိမ်းတော့မယ့် ငါ့ မီးတောက်
သိနေတယ်
ဒီအပင်အောက်
ဒီအသီး သာ ကောက်ရပေလိမ့်
ကြီးကြီးကျယ်ကျယ်
ဝင်သက် နဲ့ ထွက်သက် ရဲ့ အလယ်မှာ
ဗျာဓိ မရဏ မူလဒုက္ခ
တခက်တခဲ တယုတယ
လက်ညှိုးနဲ့ လက်မကြား ငါ ကိုင်တွယ်စမ်းသပ်ကြည့်မှ
ငါ စိုးရိမ်မိတာ တခုတည်း
နောက်ထပ် ကဗျာတွေ မရေးနိုင်တော့မှာကိုပဲ ။ ။

ညိုထက်ညို


Comments