သစ်ခက်သံလွင်ကဗျာစင်မြင့်၊ ခရမ်းပြာထက်လူ၊ ကမ်လူဝေး၊ ဒိုရာ(Dora)

သစ်ပင် 

www.powersofobservation.com
 
ဘယ်ဘာသာနဲ့ထိုင်ပြောပြော
အရိပ်ကိုအရိပ်ခြင်းထပ်အောင်ခြွေချပေးနေတယ်။

ကြိုက်သလောက်ခူးစား
လပေါင်းများစွာ လလိုတွဲလဲ
ညည အစိမ်းရောင်ကတ္တီပါစပေါ်
အရည်တရွှဲရွှဲ
ဒီ လ သစ်သီးတွေ။

ပန်ချင်သလောက်ယူပန်
မနက်မနက် ရွှေဝါရောင်နုနုရင့်ရင့်နဲ့
မျက်နှာပြဲပြဲ
ဒီနေပွင့်ပန်းကြီးလွင့်နေ။

တာလီဘန်မိန်းမလှဆိုလည်း
ပွင့်မှာပဲ
အသေခံဗုံးခွဲသမားယောက်ျားအတွက်လည်း သီးမှာပဲ။
အချစ်မှာ မျက်စေ့မရှိဘူး အချစ်ပဲ
ငြိမ်းချမ်းရေးမှာတောင်
အချစ်မရှိဘူး ငြိမ်းချမ်းရေးပဲ
ပရမတ်သစ်ပင်
သေရင်တောင်
အားလုံးစားဖို့ သူ့ခန္ဓာမီးရှို့
ထမင်းအိုးဟင်းအိုးလေးတည်သွားပေးဦးမယ်။ ။

ခရမ်းပြာထက်လူ 


အဆိပ်သင့်ဘဝများ
 
KT#

မိုးမလင်းသေးဘူး
ရိုးစင်းသော မနက်စာရပြီတဲ့။

ရိုးစင်းမှုဟာ အဲဒီလောက် ရိုးသားလို့လား
ရိုးသားမှုကကော အဲဒီလောက် ရိုးစင်းသလား
ဖောက်ပြန်မှုက တခါတရံ ရိုးစင်းသလောက်
ရိုးသားမှုကလည်း တခါတရံ ဖောက်ပြန်နိုင်တယ်။

ကြည်လင်တဲ့ ရေတခွက်ကို သန့်စင်တယ်လို့
အားပါးတရ ပြောတဲ့သူနဲ့
ကြည်လင်တဲ့ ရေကို သန့်မသန့်
ဓာတ်ခွဲကြည့်သင့်တယ် ဆိုသူ
ဘယ်သူကမှန်မလဲ။

အမှိုက်ရောတဲ့ ရေတခွက်ကို
မသန့်စင်ဘူး ဆိုသူဟာ
ဘုံရန်သူ ဖြစ်သွားနိုင်တယ်။

စီးလာမိတဲ့ ဖိနပ်မတော်လို့
ခြေဖနောင့် ထွက်နေသလား
ထွက်နေတဲ့ ခြေဖနောင့်ကို လှီးပေးဖို့
သူရဲကောင်းတွေ များတယ်။

အသံပြာအောင်အော်
အင်္ကျီ ပြာပြာဝတ်
ခုံတလုံးပေါ် ထိုင်ရင်း
အရိုးအရင်း ကိုက်နိုင်မှတော့
လမ်းလျှောက်ဖို့ လိုပါ့ဦးမလား။      ။

ကမ်လူဝေး


ဖိနပ်ဆိုင်

www.artinamericamagazine.com

လမ်းတွေက
တိုက်ချွတ်မထားတဲ့ရှုးဖိနပ်နံရံထဲ တွန့်ကြေနေတယ်။
ဝင်ဝင်ခြင်းခင်ဗျားတွေ့နိုင်တာကလွဲရင်
အရာရာတိုင်းစနစ်တကျပုံသွင်းခံထားရတဲ့ ဖိနပ်နံပါတ်တွေ
ရွေးချယ်ခွင့်ပေးထားပြီး ရွေးချယ်လို့မရနိုင်တာကိုတော့
မတွေ့နိုင်ဘူး။
အဲကွန်းရဲ့လေထုထဲသရေစိမ်းရနံ့တွေစိမ့်ဝင်ဖော်က်ချနေတယ်။
လမ်းကြံ့ခိုင်မှုအတွက်ဖိနပ်တွေရဲ့အရာပြားပိုထူနေနိုင်တယ်။
မော်စီတုန်းရဲ့အတွေးအခေါ်ထုတ် ဖော့ဖိနပ်တွေ
ဒါက တရုတ်ပြည်ကတင်သွင်းလာတယ်လို့
ဝန်ထမ်းကောင်မလေးက ခင်ဗျားကိုဟာသအနေနဲ့ ပြောရောင်းနိုင်တယ်။
ဖော့ပြားပေါ်ကနှုတ်ခမ်းမွှေးကတော့ ရှင့်ခြေထောက်ကိုမဆူးနိုင်ပါဘူးနော်လို့ပြောပြီး
အိုင်းစတိုင်းတံဆိပ်နှိပ်ဖိနပ်တစ်ရံကို ထုတ်ပြကောင်းထုတ်ပြနိုင်တယ်။
ခင်ဗျားရွေးချယ်ပါ။
ဦးနှောက်နဲ့လုပ်ထားတဲ့ဆိုးပြားထူထူဖိနပ်ထဲကဖြစ်ဖြစ်၊
နိုင်ငံရေးသမားရဲ့နှုတ်းဖျားနဲ့ချုပ်တဲ့ရှူးဖိနပ်ကောင်းကောင်းတစ်ရံဖြစ်ဖြစ်၊
ဝန်ချီစက်တွေကြားရုန်းကန်နေရတဲ့အလုပ်သမားဖိနပ်တစ်ရံ
ဖြစ်ဖြစ်၊
ရွေးချယ်ပါ။
ခေတ်နဲ့မတော်တဲ့ဖိနပ်တွေကဦးနှောက်ထဲဖိနပ်ပေါက်စေတယ်။

                                             
ဒိုရာ(Dora)

Comments