သစ်ခက်သံလွင် ၀တ္ထုတို- အောင်မော်ဦးရဲ့ မောင်လူနပ်ကလေးတို့မြို့




မောင်လူနပ်ကလေးတို့ မြို့
 
အောင်မော်ဦး

ပန်းချီ သန်းဌေးမောင်

  
ကိုမောင်လူနပ်ကလေးက မိုးတဖြိုက်နှစ်ဖြိုက်ကျရာမှ မှိုပွင့်ကြီးများနှယ်ကားကားစွင့်စွင့်နှင့် အသင်းအဖွဲ့များ ပေါ်ပေါက်လာပုံကို ရှင်းပြနေသည်။ ထို့နောက် (ခန်းမ၏ယာဘက်ထောင့်ကို လက်ညိုးထိုးလျက်) “ဟောဟိုမှာဆိုရင် ဂုဏ်ထူးဆောင်နာယကအဖွဲ့ချုပ်ကြီးမှာ အသက်ထက်ဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ရာသက်ပန်နာယကချုပ်ကြီးရဲ့ ကိုယ်တပိုင်းရုပ်ထုကို လည်း ထုလုပ်ထားပြီး ပါရောလား” (လက်ခုပ်သံများ ဝေါကနဲ ထွက်ပေါ်လာသည်) "
......................................

သူ သည်မြို့လေးသို့ပြောင်းလာသည်မှာ မကြာသေး။ မြို့လေးသည် ချစ်ခင်နှစ်လိုဖွယ်ကောင်းသော်ငြား သူ့ဇာတိနှင့် နှိုင်းစာလျှင် ငယ်သည်ဟု ပြော၍ရသည်။ သို့သော် အချက်အချာကျသည့် မြို့ကြီးများနှင့် ထိစပ်သည့် နယ်နိမိတ်မျဉ်းပေါ်တွင်ရှိနေသဖြင့် ငယ်သော်လည်း မသေးဟုပြောလျှင်ရသည်။

မြို့လေး၏ဖွဲ့တည်မှုသည်ပင် မြို့သားများ၏ ဝတ်စားဆင်ယင်မှုနှယ် ထူးခြားထွေပြားသည်။ မြို့ခံများချည်း စုစည်း၍ သည်မြို့လေး ဖြစ်တည်လာခြင်းလား၊ သို့တည်းမဟုတ် နယ်စုံပယ်စုံမှလူပေါင်းစုံ လာရောက် အခြေချရာမှ သည်မြိုလေး ဖြစ်တည်လာခြင်းလားဟူသည်ကို ဒုတ်ဒုတ်ထိပြောရန် ခက်သည်။ မြို့သားများက သူတို့နားလည်သလို ပြောနေသရွေ့တခုခုကို အတည်ယူရန် ခက်ကောင်း ခက်နေပေမည်။ ထို့ကြောင့်ပင် ဘာသာစကားလည်း စုံသည်။ ယဉ်ကျေးမှုလည်းစုံသည်။


မြို့လေးသို့ပြောင်းလာပြီး မကြာမီပင် မြို့ခံတချို့နှင့် မျက်မှန်းတမ်းမိလာသည်။ မည်ကာမတ္တ လက်ဖက်ရည်ဆိုင်ကလေးတွင် ဆုံသည်။ ကပိုကရို စာအုပ်ဆိုင်ကလေးတွင် ဆုံသည်။ မဝယ်လျှင်မဖြစ်သည့် ဈေးကလေးတွင် ဆုံသည်။


တနေ့သားမတော့ သူ့အခန်းသို့ မြို့ခံတချို့ရောက်လာကြသည်။ သူတို့က သည်မြို့လေးကို တည်ထား သည်မှာ မည်ရွေ့မည်မျှကြာပြီဟု တပ်အပ်မပြောနိုင်သော်ငြား ယခုအချိန်အထိ မြို့တမြို့၏ ဥပဓိ မရှိသေးကြောင်း၊ မြို့တမြို့၏ အင်္ဂါရပ်များနှင့်ညီညွတ်စေရန် သက်ဆိုင်ရာ အသင်းအပင်းများ၊ အဖွဲ့ အစည်းများဖွဲ့စည်းတည်ထောင်ရန်လိုကြောင်း၊ ထို့ကြောင့် မြို့သူမြို့သားများအနေဖြင့် အသင်း အဖွဲ့များပေါ်ပေါက်လာရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း စသည်ဖြင့် ရှင်းပြကြသည်။

သူသာဆိုလျှင်တော့ ကိုယ်နှင့်မသိသည့် တစိမ်းတရံစာတဦးအား ငယ်ပေါင်းကြီးဖော်နှယ် သူတို့လို ပြောဆို ဆက်ဆံဖြစ်မည်မဟုတ်မှာ သေချာသည်။ သို့နှင့် သူ့အမည်ကို စာရင်းတို့ထားလိုက်ကြပြီး အသင်းဖွဲ့ စည်းရေးအတွက် သူ့ထံသို့ဖိတ်စာပို့လိုက်မည့်အကြောင်း၊ သူတို့ပြန်ဦးမည့်အကြောင်း ပြော၍ နှုတ်ဆက် ကြသည်။ အံ့သြစိတ်၊ ဝမ်းသာစိတ်တို့နှင့် ခေါင်းတညိတ်ညိတ်လုပ်နေမိသဖြင့် ကျေးဇူးတင် စကား ပင် ပြောဖို့မေ့သွားသည်။


တပတ်ခန့်အကြာ၌ တသက်နှင့်တကိုယ် မည်သည့်အစည်းအဝေးမျှမတက်ခဲ့ဘူးသည့်သူ့ထံသို့ ဖိတ်စာတစောင် ရောက်လာသည်။ စင်စစ် သူသည် မည်သည့်အသင်းအဖွဲ့တွင်မှလည်း ပါဝင်ခဲ့ဖူးသူ မဟုတ်ချေ။ သို့သော် ညနေ (၅) နာရီတိတိဟူသော အချိန်သတ်မှတ်ချက်၊ မပျက်မကွက် ကြွရောက်ရန် ဟူသည့် တိုက်တွန်းတဝက်တောင်းဆိုတဝက်နှောထားသည့် အမိန့်တပိုင်းပါဖိတ်စာနှင့် သူ့ထံ တကူးတက လာရောက်ဆွေးနွေးကြသူများ၏မျက်နှာများအား ထောက်ထားရမည်ဟူသည့်လောကဝတ်တို့ကြောင့် မငြင်းသာတော့။


====


အစည်းအဝေးခန်း၌ ပြီးခဲ့သည့်အပတ်က သူ့အခန်းသို့ လာရောက်ခဲ့ကြသူများအား တွေ့ရသည်။ သူ့အမည်ကိုခေါ်၍ ပြာပြာသလဲ နှုတ်ဆက်ကြသည်။ သူတို့၏အမည်များကိုမမှတ်မိခြင်းအတွက် ကိစ္စရှိပုံမရသော်လည်း သူ့ဘက်ကကြည့်လျှင်မူ မျက်နှာပူစရာ ကောင်းလှသည်။ ထို့ကြောင့်ပင် သူတို့ သတ်မှတ်ပေးသောနေရာ၌ အပြစ်ရှိသူတယောက်နှယ် မဝံ့မရဲထိုင်ရင်း သူတို့၏လှုပ်ရှားမှုများကို အငူသား ကြည့်နေမိသည်။


သူတို့သည် ဖိုင်တွဲကိုယ်စီ၊ စာရွက်စာတမ်းကိုယ်စီနှင့် အလုပ်ရှုပ်နေကြသော်ငြား တဖွဲဖွဲဝင်လာကြသူများ အား ပြာပြာသလဲ နှုတ်ဆက်ခြင်း၊ နေရာချထားခြင်းများကို ဇယ်ဆက်သလို လုပ်ကိုင်နေကြသည်မှာ အကျွမ်းတဝင်နှင့် နိုင်နိုင်နင်းနင်း ရှိလှသည်။


သို့နှင့် ညနေ (၅) နာရီခွဲသွားသည်။ သူ့မိတ်ဆွေများ အလုပ်ရှုပ်နေကြဆဲဖြစ်သလို၊ သိနှင့်ပြီးသူ အချင်းချင်း ၏ ထွေရာလေးပါး ပြောသံဆိုသံများနှင့် ခန်းမလေး စည်ကားနေသည်။ ‘လူမစုံသေးဘူးလား’၊ ‘ငါးနာရီ တောင် ခွဲပြီးသွားပြီ’ ဟူသည့် အသံများ ကြိုကြားကြိုကြားထွက်လာသည့်အခါတွင်မှ အစည်းအဝေးစရန် သတိရကြတော့သည်။


သူ့မိတ်ဆွေများထဲမှ ပါးရည်နပ်ရည်ရှိပုံရသူက ယခုလို နောက်ကျမှ အစည်းအဝေးစတင်နိုင်သည့် အတွက် တောင်းပန်ပါကြောင်း၊ လူမစုံသေးသော်လည်း (နောက်ပိုင်း သူ့အတွေ့အကြုံများအရ ဘယ်တော့မှ စုံသည်ဟူ၍ မရှိ) ယခုလိုအချိန်ပေး၍ တက်ရောက်ကြသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ အစည်းအဝေးမစမီ တဦးနှင့်တဦး အပြန်အလှန်မိတ်ဆက်ကြရန်လိုကြောင်း ပြော၍ သူ့ကိုယ်သူ စတင် မိတ်ဆက်ပါတော့သည်။

သည်တကြိမ်တွင်တော့ မျက်နှာပူရသည့်အဖြစ်မျိုးထပ်မဖြစ်စေရန် တဦးချင်း၏အမည်များအား သေသေ ချာချာမှတ်ထား လိုက်မည်ဟု တွေးထားသည်။ သို့သော် တကယ်တမ်းမိတ်ဆက်ကြသည့်အခါ မျက်နှာများ ကို သေသေချာချာမကြည့်လိုက်မိသဖြင့် လူနှင့် နာမည်များကို တွဲ၍မမှတ်မိတော့။ ပါးရည်နပ်ရည်ရှိလှသည့် သူ့မိတ်ဆွေကပင် သူ့အခန်းသို့လာရောက်ခဲ့စဉ်က ပြောခဲ့သည့် စကားများကို ဥပမာ၊ ဥပမေယျများဖြင့် အာဝဇ္ဇန်းရွှင်စွာ ပြောနေသည်။ ဘေးမှတဦးက ထိုသူ ပြောသမျှကို လိုက်လံ ရေးမှတ်နေသည်။ ရပ်မိရပ်ဖဟု ထင်ရသူတဦးက သည်òမိ့လေးတွင် သာရေးနာရေးကိစ္စများသည် အဓိကကျကြောင်း၊ ထို့ကြောင့် သာရေးနာရေးအသင်းမျိုး ဖွဲ့စည်းသင့်ကြောင်း ထ၍ပြောသည်။ သူ့မိတ်ဆွေ (သူ့ကိုယ်သူ မိတ်ဆက်ပေးစဉ်က မောင်လူနပ်ကလေးဟု ပြောသည်ထင်သည်) ကိုမောင်လူနပ်ကလေးက အားလုံး၏သဘောထားကို တောင်းခံသည်။


စောစောက သူတခါ ငါတလှည့် ပြောဟယ်ဆိုဟယ်နှင့် သက်ဝင်လှုပ်ရှားနေသော ခန်းမလေးသည် အပ်ကျသံပင် ကြားရမလောက်ဗြုန်းစားချည်း တိတ်ဆိတ်သွားသည်။ မျက်လွှာချသူချ၊ စားပွဲကို လက်နှင့် ခြစ် သူခြစ်၊ တောင်တောင်အီအီကြည့်သူကြည့်နှင့် အမိန့်မရသေးသည့် တပ်ဖွဲ့တဖွဲ့နှယ် ချီတက်ရ ခက်နေ သည်။ စောစောက အားတက်သရော ပြောဆိုခဲ့ကြသူများကို တော်တော်အားနာ သွားသည်။ မဝံ့မရဲနှင့် လှမ်းကြည့်လိုက်တော့ သူ့ကိုပြန်ကြည့်နေကြသည်နှင့် သွားဆုံသည်။ ကြံရာမရ ယောင်နနနှင့် ခေါင်းညိတ် ပြလိုက်မိသည်။


အခြေအနေကို ထိန်းကျောင်းတတ်ပုံရသည့် ကိုမောင်လူနပ်ကလေးက ‘ဒီမိတ်ဆွေကတော့ အသင်းဖွဲ့စည်း ဖို့ သဘောတူကြောင်း ခေါင်းညိတ်ပြီး ထောက်ခံနေပါတယ်’ဟု သူ့ထံ လက်ညိုးထိုး၍ အားလုံး ကြားအောင် ပြောလိုက်သည်။ ထင်သည့်အတိုင်းပင် စူးစမ်းသည့်မျက်လုံးများ ဆလိုက်မီးမောင်းထိုးသလို သူ့ထံ ကျရောက်လာသည်။ 
အူတူတူယောင်နနနှင့် နောက်တကြိမ် ခေါင်းညိတ်ပြ လိုက်မိပြန်သည်။ ‘သဘောတူပါတယ်’ ဟူသည့် အသံများ ခန်းလုံးပြည့်သွားသည်။ ချက်ဆိုနားခွက်က မီးတောက်ပြီးသား ဖြစ်နေပုံရသည့် မှတ်တမ်း လိုက်သူက ‘သာရေးနာရေးအသင်း ဖွဲ့စည်းရန် တညီတညွတ်တည်းသဘောတူကြကြောင်း ဆုံးဖြတ် လိုက်သည်’ ဟု သူရေးထားသည့်စာရွက်ကို သူကိုယ်တိုင် ပြန်ဖတ်ပြသည်။


ထိုမျှ ရေလာလျှင် မြောင်းပေးရန် ဝန်မလေးတတ်သည့် ကိုမောင်လူနပ်ကလေးက ‘အသင်းတခု ဖွဲ့မည် ဆိုလျှင် ယင်းအသင်း အား လမ်းညွှန်သွန်သင်မည့် နာယကအဖွဲ့တခု ဦးစွာဖွဲ့စည်းရန်လိုကြောင်း၊ ထို့အတူ ယင်းအသင်းအား ဦးစီးဦးဆောင်ပြုမည့် ကော်မတီတခုလည်း ဖွဲ့စည်းရန်လိုကြောင်း၊ နာယကအဖွဲ့တွင် မြို့မိမြို့ဖများ၊ ဂုဏ်သရေရှိပုဂ္ဂိုလ်များ ပါဝင်ကြရန်လိုကြောင်း၊ ကော်မတီတွင် သွက်သွက်လက်လက် ရှိသူများ၊ အရည်အချင်းရှိသူများ၊ တက်တက်ကြွကြွလုပ်ကိုင်ဆောင်ရွက်လိုသူများ ပါဝင်ကြရန်လိုကြောင်း’ အားတက်သရော ပြောတော့သည်။


ကိုမောင်လူနပ်ကလေးက “ကျနော့်အနေနဲ့ကတော့ နာယကအဖွဲ့မှာ ဟောဒီက မြို့မိမြို့ဖ (၃)ဦးနဲ့ ဟောဟို က ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီး (၂)ဦး၊ ပေါင်း (၅)ဦးကို အဆိုပြုလိုပါတယ်” ဟု ပြော၍ကန့်ကွက်မည့်သူ ရှိပါသလားဟု သုံးကြိမ်သုံးခါ မေးသည်။ မည်သူမျှ တုတ်တုတ်မလှုပ်ကြသဖြင့် မှတ်တမ်းလိုက်သူက နာယကအဖွဲ့ကြီးအောင်မြင်စွာဖွဲ့စည်းလိုက်ကြောင်း ဝမ်းခေါင်းသံကြီးနှင့်ကြေညာသည်။


‘ခုလို နာယကအဖွဲ့ကြီးကို အောင်မြင်စွာဖွဲ့စည်းပြီးတဲ့နောက် နာယကလူကြီးများရဲ့ဦးဆောင်လမ်းညွှန်မှုနဲ့ အသင်းကော်မတီ ကို ဖွဲ့စည်းခွင့်ပြုရန် ပန်ကြားအပ်ပါတယ်ခင်ဗျား’ ဟုအတိုင်နှင့် အစချီလိုက်သည်။ စကားပင်မဆုံးသေး၊ အဟမ်း .. အဟမ်း ဆိုသည့် ချောင်းဟန့်သံကြီးထွက်လာသည်။


တိုင်ပြီးလျှင် ဖောက်ရသည့်သဘောသဘာဝအတိုင်း အသစ်ချပ်ချွတ်နာယကကြီးက ကိုမောင်လူနပ် ကလေး၊ မှတ်တမ်းလိုက်သူနှင့် အခြား (၇) ဦးကို အဆိုတင်တော့သည်။ ထုံးစံအတိုင်းပင် အသင်း၏ အမှုဆောင်ကော်မတီကို အောင်မြင်စွာဖွဲ့စည်းကြောင်း ကြေညာအပ်ပါသည်ခင်ဗျားဟူသည့် ဝမ်းခေါင်းသံ ကြီး ထွက်လာပြန်သည်။ သည့်နောက်မတော့ အစည်းအဝေးပြီးဆုံးကြောင်း ကြေညာသဖြင့် အလျှိုအလျှို ထပြန်ကြသည်။


သူလည်း ပြန်မည်အပြုတွင် ‘အေးဗျာ .. ကျနော်က နာယကကြီးနဲ့ ကြိုညှိထားပေမယ့် ခင်ဗျား ခေါင်းညိတ် လိုက်လို့ ဒီအသင်းလေးဖြစ်လာတာဗျ၊ ကျေးဇူးတင်တယ်ဗျာ၊ အလုပ်တွေကတော့ အများကြီးလုပ်ကြရ ဦးမယ်ဗျို့’ ဟု ကိုမောင်လူနပ်ကလေးက သူ့ကို လက်ဆွဲနှုတ်ဆက်ရင်း ပြောသည်။ ဘာကြောင့်မှန်းတော့မသိ ခေါင်းညိတ်ပြမိပြန်သည်။

====

မြို့လေး၏မနက်ခင်းသည် လက်ကမ်းကြော်ငြာများကြောင့် လှုပ်လှုပ်ရွရွ ဖြစ်နေသည်။ အသစ်စက်စက် ဖြစ်စဉ်တို့၏ ထုံးစံအတိုင်း အသင်းနှင့်ပတ်သက်သည့် အမျိုးမျိုးသောထင်မြင်ချက်များသည် လူအများ၏ နှုတ်ဖျား၌ ချဲ့ချဲ့ကားကား နေရာယူထားကြသည်။ လဖက်ရည်ဆိုင်တွင်လည်း ပြောကြသည်။ စာအုပ်ဆိုင်တွင်လည်း ပြောကြသည်။ ဈေးတွင်လည်း ပြောကြသည်။


မည်သူကစ၍ တီထွင်လိုက်မှန်းမသိသော်လည်း ဤအခေါ်အဝေါ်သစ်များကြောင့်ပင် မြို့လေး၏ ဂုဏ်သိက္ခာမှာ ကြီးကြီးမြတ်မြတ် ဖြစ်လာသည်။ အတည်အခန့်ရှိနှင့်ပြီးသော ပုဂ္ဂိုလ်များအား တင့်တင့် တယ်တယ် အသုံးအနှုန်းများနှင့်ပေါင်းစပ်လိုက်၍ ထင်၏။ ဟွန်ဒါယဉ်ကျေးမှုနှင့်အတိပြီးသော မြို့လေးသည် ကြည်ညိုစိတ်များဖြင့် ဖိတ်ဖိတ်လက်နေသည်။


လက်ဖက်ရည်ဆိုင်လေးတွင် ဖောက်သည်တိုင်း၏အကြိုက်ကို နောကျေနေသည့် စားပွဲထိုးလေးက ‘အဘ လာတယ်ဟေ့၊ အဘအတွက် ပေါ့ကျဝမ်း၊ ပဲနံဝမ်း’ ဟု လှမ်းအော်လိုက်ပြီး၊ ချထားသည့် သတင်းစာကို ကိုင်၍ ဖတ်နေကျအဘအားပေးရန် အဝ၌ စောင့်ကြိုမည် ပြင်သည်။ ထိုအခါမျိုးများ၌ အဘသည် ‘မှန်းစမ်း ..ဘာတွေများ ထူးသတုံးဟ’ ဟုဆိုပြီး အိတ်ထောင်ထဲမှ ရွှေကိုင်း မျက်မှန်ကလေးကို ထုတ်ကာ ထိုင်နေကျ စားပွဲ၌ထိုင်၍ နံနက်ခင်းသတင်းစာလေးကို စိမ်ပြေနပြေ ဖတ်မည်။


ထိုအချိန်၌ (နောက်တကြိမ် ပြန်လုပ်မည်ဆိုလျှင် ဤအတိုင်းဖြစ်ရန် တော်တော်လေးဇာတ်တိုက်ယူရမည့် အဖြစ်အပျက်တခု ရုတ်ချည်းဖြစ်သွားသည်။) သူ၏စားပွဲနှင့် ဓားလွယ်ခုတ်သာသာတွင် ထိုင်နေသည့် ကိုမောင်လူနပ်ကလေးသည် ငေါက်ခနဲထ၍ ‘ဟာ ..နာယကကြီးကြွပါခင်ဗျား၊ ကျနော်တို့စားပွဲမှာ ထိုင်ပါခင်ဗျား’ ဟု ခရီးဦးကြိုပြုလိုက်သဖြင့် သမားရိုးကျ နံနက်ခင်းကလေး ပြိုကွဲသွားတော့သည်။

စားပွဲထိုးလေးအပါအဝင် “အဘ”ဟု အများကခေါ်ဝေါ်နေကြသည့် အဘခမျာ ကြောင်အမ်း အမ်း ဖြစ်သွား သည်။ ဘုမသိ ဘမသိနှင့် အိုးတို့အမ်းတမ်းဖြစ်တတ်သူတို့၏ အငိုက်မိပုံအတိုင်း အဘသည် ခေါင်းကုတ် သလိုလို၊ ခါးကုတ်သလိုလို မလုံမလဲနှင့်မယုံရဲရဲ ဖြစ်ကာ ကိုယ့်အရိပ်ကိုယ်ပြန်ကြည့်သည်။ ထို့နောက် တခုခုကို သဘောပေါက်သွားသလိုလို၊ ကျေကျေနပ်နပ် လက်ခံသွားသလိုလို မျက်နှာပေးမျိုးဖြင့် မိန့်မိန့်ကြီး ပြုံးလိုက်ပြီး (သူ့ခြေထောက်ထဲသာ ရောက်အောင်ပေးလို့ကတော့ သေချာပေါက် ဂိုးရမည်ဟူသည့် တိုက်စစ်မှူးတဦး၏ယုံကြည်မှုမျိုးဖြင့် ကြုံးကန်ထည့်လိုက်ပုံက) ‘ဥက္ကဋ္ဌကြီးရော ရောက်နေတာကြာပြီလား ’ ဟု တလေးတစား ပြန်မေး လိုက်ပုံက အသက်ဝင်လှသည်။


(အန်ထွက်လာသည့် ဘောလုံးတိုင်း မဝင်မှာမပူရသည့် အကူတိုက်စစ်မှူးတယောက်၏သေချာမှု မျိုးဖြင့် သေသေသပ်သပ် ပိတ်သွင်းလိုက်ပုံလေးကလည်း)  ‘ဟုတ်ကဲ့ ..ကျနော်နဲ့ တွဲဘက်အထွေထွေ အတွင်းရေးမှူးတို့ရောက်နေတာ သိပ်မကြာသေးပါဘူး’ဟု ပြောကာ အဘနှင့် ကိုမောင်လူနပ်ကလေးတို့ စားပွဲခုံ၌ နေရာယူကြသည်။

ရှိလှ (၃)မိနစ်သာသာခန့်သာကြာမည့် ထိုအဖြစ်အပျက်လေးကြောင့် တဆိုင်လုံးငုတ်တုပ်မေ့သွားသည်မှာ နံပြားဖိုမှတူးနံ့ကြီးသာ စူးခနဲထွက်မလာဘူးဆိုလျှင် တော်ရုံနှင့် သတိလည်ကြဦးမည်မထင်။


====


မြို့သားများသည် ‘နာယကကြီး’၊ ‘ဥက္ကဋ္ဌကြီး’၊ ‘အထွေထွေအတွင်းရေးမှူး’၊ အမှုဆောင်ကြီး’ ဟူသည့် အခေါ်အဝေါ်များအား ထွက်ကာစသီချင်းသစ်များလို မရတရ လိုက်ဆိုကြသည်။ ဆိုရင်းဆိုရင်း နှုတ်ဖျားစွဲ လာသဖြင့် ဆိုပြီးရင်း ဆိုကြသည်။ နာယကကြီးနှင့် ကော်မတီဝင်များသည်လည်း သွားအတူ လာအတူ ဟိုမှာသည်မှာ တပူးတွဲတွဲနှင့် မကြာမကြာတွေ့ရတတ်သည်။


သူတို့နှင့် တွေ့ရဆုံရသည်မှာ အကြောင်းမဟုတ်လှ။ သို့သော် သူတို့ကို နှုတ်ဆက်ရသည်မှာ ခွတီးခွကျ နိုင် သည်ဟု ပြောသံကြားရသည်။ နာယကကြီးနှင့်တွေ့လျှင် နာယကကြီးဟု ခေါ်ဝေါ်နှုတ်ဆက် လိုက်ရုံပင်။ ဥက္ကဋ္ဌကြီးနှင့်တွေ့လျှင် ဥက္ကဋ္ဌကြီးဟု ခေါ်ဝေါ်နှုတ်ဆက်လိုက်ရုံပင်။ သို့သော် တဖွဲ့လုံးနှင့် ပက်ပင်းတိုးသည့် အခါ မည်သို့ခေါ်ဝေါ်နှုတ်ဆက်ရမည်မသိ။ နာယကကြီးတဦးတည်းကိုသာ ကွက်ပြီးနှုတ် ဆက်မည် ဆိုလျှင် လည်း အခြားသူများကို မလေးမစားပြုရာရောက်မည်။ 

တဦးချင်းကိုနှုတ်ဆက်နေရမည်ဆိုလျှင်လည်း အချိန် အတော်ယူရမည်။ ထိုပြဿနာကို ရှောင်လွှဲ၍လည်း မရ၊ နေစဉ်နှင့်လည်းအမျှ ရင်ဆိုင်နေရသူမှာ လက်ဖက် ရည်ဆိုင်ပိုင်ရှင်ပင် ဖြစ်သည်။


နှုတ်သွက်လျှာသွက်ရှိသူများထဲတွင် ကားစပါယ်ယာနှင့် စားပွဲထိုးများအား ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်များအဖြစ် အသိအမှတ်ပြုရုံနှင့် မလုံလောက်တော့ဟု ထင်သည်။ တီထွင်ဉာဏ်နှင့် ဖြတ်ထိုးဉာဏ်ကောင်းခြင်းအတွက် ဘွဲ့တခုခု (လောလောဆယ်မရှိသေးလျှင် လည်း ခပ်သွက်သွက်တီထွင်၍) အပ်နှင်းသင့်သည်ဟု ထင်သည်။

‘ဟာ .. ဆရာတို့အဖွဲ့လာတယ်ဟေ့။ နေရာပေး၊ ခုံရှင်း၊ သတင်းစာယူ၊ တူးတီးသရီးကော် ထူးရှယ် ဆွဲမယ်ဟေ့’  ဟု လှမ်းအော်လိုက်သည့် စားပွဲထိုးလေး၏ ပြာပြာသလဲ ခရီးဦးကြိုပြုလိုက်သံက ထွန်းကားတော့မည့် ယဉ်ကျေးမှုသစ်တခု၏ ကြွေးကြော်သံတခုသဖွယ် ဖြစ်သွားသည်။

နောက်ပိုင်းရက်များ၌ တဦးချင်းနှင့် အဖွဲ့လိုက်ဆက်ဆံရေးကို အောင်မြင်စွာထူထောင်လိုက်နိုင်ပြီဖြစ် သဖြင့် မြင့်သည်ထက်မြင့် တက်လာနေသည့် မြို့လေး၏ယဉ်ကျေးမှုကို မြို့သားများကိုယ်တိုင်ပင် တအံ့တသြ ဖြစ်နေရသည်။ အခြားသူများထက် လာဘ်မြင်တတ်သည့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်၏ ‘ဆရာ’ ခေါ်သံက အကျယ်ဆုံးဖြစ်မည် ထင်သည်။


အဖွဲ့လိုက်နှင့်ဆုံလျှင် ‘ဆရာတို့’ ဟုခေါ်၍ တဦးချင်းနှင့်ဆုံလျှင် ‘ဆရာ’ဟု ခေါ်လိုက်ရုံပင်။ ကောင်းသည် ထက်ကောင်းသည် မှာ လူချင်းမသိလျှင်ဖြစ်စေ၊ သိသော်လည်း နာမည်မေ့နေလျှင်ဖြစ်စေ (သို့တည်း မဟုတ်) ရာထူးအဆင့်အတန်းကို မသိလျှင်ဖြစ်စေ၊ သိသော်လည်း မေ့နေလျှင်ဖြစ်စေ ‘ဆရာ’ဟု တခွန်း တည်းခေါ်လိုက်ရုံနှင့် ကိစ္စပြတ်သွားသည်။ ခေါ်စ၌ မရဲတရဲဖြစ်နိုင်သော်လည်း ခေါ်နေ ကျသွားသော အခါ နှုတ်ကျိုးသွားကြသည်။


သို့သော် ယဉ်ကျေးမှုတရပ် ထွန်းကားသည်ထက် ထွန်းကားလာလျှင် အရှိန်လွန်တတ်သလား မပြောတတ်။ ဆိုက်ကားနင်းသူကို ဆိုက်ကားဆရာ၊ ကားမောင်းသူကို ကားဆရာ၊ မြင်းလှည်းမောင်းသူကို မြင်းလှည်း ဆရာ၊ ဆံပင်ညှပ်သူကို ဆံသဆရာ စသဖြင့် ဆရာချင်း မိုးမွှန်ကုန်သည်။ လက်ပွေ့သတင်းစာရောင်းသူ ကိုပင် ‘ဗျို့…. သတင်းစာဆရာ၊ ဒီမှာ တစောင်လောက်’ ဟု ခေါ်၍ ဝယ်ကြသည်။ လမ်းမီးတိုင်များအောက်မှ ပုရစ်ကောက်သူများပင်လျှင် ဝယ်သူနှင့်စကားပြောရာ၌ တဗူးမှ တဆယ်ထဲပါ ဆရာဟု ပြောရောင်း ရောင်းကြသည်။


====


‘ ဒီအစည်းအဝေးက အရင့်အရင် အစည်းအဝေးတွေထက် အရေးကြီးတယ်ဗျ၊ ဆက်ဆက်လာခဲ့ဗျာ၊ ရော့ … ဒီမှာ ဖိတ်စာ’ ဟု ပြောပေး ပေးသွားသော အစောင် ၅ဝ မြောက်ဖိတ်စာလေးကို သူ ထရံ၌ ထိုးထားလိုက် သည်။

ပုံမှန်အားဖြင့်ဆိုလျှင် သတ်မှတ်ချိန်ထက် တနာရီခန့်နောက်ကျလေ့ရှိတတ်၍ သတ်မှတ်ဦးရေထက် သုံးပုံတပုံခန့်လျော့လေ့ ရှိတတ်သည့် အစည်းအဝေးများ၌ ယေဘုယျ ဆုံးဖြတ်ချက်များသာလျှင် အတည်ပြုနိုင်သည်က များသည်။ ချခဲ့ပြီးသမျှ ဆုံးဖြတ်ချက်များ သည်လည်း တော်တော်နှင့် အကောင် အထည်မပေါ်။ အများနဲ့လုပ်ရတာဆိုတော့ ဒီလိုပေါ့ဗျာဟု ညည်းပြော ပြောတတ်ကြသည်။

များသောအားဖြင့် ပြောမည့်အကြောင်းအရာကို ကြိုတင်ပြင်ဆင်မထားကြ။ ပြင်ဆင်သည်ဆိုလျှင်လည်း အိပ်ရာဝင်ခါနီး အညောင်းတထိုင်စာမျှသာ။ လက်တန်းပြောကြသည်က များသည်။ 

ထို့ကြောင့် တောင်ရောက်မြောက်ရောက်နှင့် လိပ်ပတ်မလည်။ လိုရင်းမရောက်။ 

မူလ ပြောသောအကြောင်းအရာက ပျောက်ကာ ဆင့်ပွားဥပမာများနောက် တကောက်ကောက်လိုက်၍ မဆုံးနှင့် နိဂုံးချုပ်ရ ခက်နေတတ်သည်။


တချို့က စကားကြုံလိုက်တတ်သည်။ (ကိုယ်ဘာပြောမည်ကို ကြိုတင်သတ်မှတ်မထားဘဲ အခြားသူ ပြော သည့်စကားအဆုံးကို ကောက်၍ ထိုနေရာမှ စပြောတတ်သည်) တချို့က ထူးမခြားနား အကြောင်း အရာကိုပင် ထူးခြားလေသယောင် ပြောတတ်သည်။ တချို့က ပြောပြီးသည့်အကြောင်းအရာ ကိုပင် တကြိမ်တခါမျှမပြောရသေးသည့်နှယ် အတည်ပေါက်နှင့် ပြောတတ်သည်။


တချို့က ရေလည်းမြင့်စေ ကြာလည်းတင့်စေဟူသည့် သဘောမျိုးဖြင့် ကိုယ့်ထက်မြင့်သူကို တင်၍ ပြော တတ်သည်။ တချို့က အခြားသူကို အပြစ်ဖို့၍၊ တချို့က လက်သီးလက်မောင်းတန်းသည်။

တချို့က ကိုယ့်ကိုယ်ကိုဖော် မသူတော်ဟူသည့် နီတိကို ဖိနပ်နှင့်အတူ ချွတ်ခဲ့ကြပုံရသည်။ တချို့က ဝန်ခံ၍ အမြတ်ထုတ်ကြသည်။ (မှားသည်ဟုကိုပြော၍မရသည့် မဆိုစလောက်ကိစ္စလေးတခုကို တကဲ့အပြစ်အနာ ကြီးတခုနှယ်ချဲ့ကား၍ ဝန်ခံကာ ကျန်သည့် ၉၉ ရာခိုင်နှုန်းကိုသူ့ဘက်ယက်၍ ပြောတတ်သည်။ 

များသောအားဖြင့် တဦးတည်းကဒိုင်ခံပြော၍ ပြောသမျှလည်းအတည်ဖြစ်သည့် အစည်းအဝေးများသည် မကျင်းပသေးမီနှင့် ကျင်းပပြီးအခြေအနေမှာ အဖြေသိပြီးသည့် ပွဲဟောင်းပြန်ကြည့်ရသလိုပင်။


====


စာအုပ်ကိုယ်စီနှင့် စာထိုင်ဖတ်နေကြသူများကိုတွေ့လိုက်ရသဖြင့် အခန်းများ မှားဝင်ခဲ့မိလေသလားဟု ထင်လိုက်မိသည်။ အားနာပါးနာနှင့် ပြန်ထွက်မည်ပြုစဉ် မျက်မှန်းတမ်းမိနေသူတဦးက ‘ ဟေ့လူ .. လာလေဗျာ’ ဟု လှမ်းခေါ်သည်။ တချို့က စာရေးနေကြသည်။ တချို့က ပုံဆွဲနေကြသည်။ တကြောင်းဆွဲပန်းချီ၊ ရုပ်ပြပန်းချီ၊ ကာတွန်းရုပ်ပုံ၊ ကယ်ရီကေးချား စသည်ဖြင့် စိတ်ဦးတည့်ရာ ရေးခြစ်နေ ကြသည်။ တချို့က ဂဏန်းပေါင်းစက်တလုံးနှင့် ငွေစာရင်းတွက်နေကြသည်။ တချို့က သိုသိုသိပ်သိပ်နှင့် တိုးတိုးကြိတ်နေကြသည်။ တချို့က တယ်လီဖုန်းနှင့် ဂိမ်းကစားနေသည်။ (ထိုဖုန်းများကြောင့်ပင် အစည်း အဝေးများ၌ ပြောသူရော နားထောင်သူပါ အာရုံနောက်ရသည်မှာ အကြိမ်ကြိမ်)။


စောစောက လှမ်းခေါ်သူက ‘ဒီလိုပေါ့ဗျာ။ လူစုံအောင်ချည်းစောင့်နေရတော့ မပြတ်သေးတဲ့ ရုံးအလုပ်တွေ ရှိရင် ဒီကိုယူလာပြီး လုပ်ရင်လည်းလုပ်၊ ဒါမှမဟုတ် အပျင်းပြေ တခုခုဖတ်ရင်လည်းဖတ်ပေါ့။ ဒါနဲ့ …ခင်ဗျား လက်ထဲက ဘာစာအုပ်တုန်းဗျ’ ဟု မေးသည်။ ‘မဂ္ဂဇင်းစာအုပ်ပါ၊ ပြန်အပ်ဖို့ယူလာတာ’ ဟု ပြောတော့ ‘ဒါဆို လဲဖတ်ရအောင်ဗျာ’ ဟုဆို၍ သူ့လက်ထဲမှစာအုပ်ကို ထိုးပေးသည်။


ခန်းမ၏အပြင်အဆင်မှာ ပြည့်စုံချင်လွန်းသည့် နှစ်ပတ်လည် အစီရင်ခံစာတစောင်၏ မျက်နှာဖုံးတခုနှင့် တူနေသည်။ ဓာတ်ပုံများကို နေရာမလပ်ချိတ်ဆွဲထား၍ ကြေညာချက်များကိုသင်ပုန်း လေးငါးခုနှင့်အပြည့် ကပ်ထားကြသည်။ နှစ်ပတ်လည် စုံညီ အစည်းအဝေးဟူသည့် စာတမ်းကို နက်ပြာရောင် နောက်ခံ ပိတ်စ ပေါ်တွင် စာလုံးဖြူဖြင့် ဖောက်ထားသည်။ ရှေ့၌ နာယကများနှင့် သဘာပတိများ နေရာယူရန် အတွက် ထိုင်ခုံများ ချထားသည်။ စားပွဲခုံရှည်ကြီး၏အလယ်၌ ပန်းဖလားတခု တင်ထားသည်။ စားပွဲခုံပေါ်၌ အလံတိုလေးများ၊ ရေနွေးကြမ်းအိုးများ၊ လက်သုတ်စက္ကူ လိပ်များ၊ နှစ်ထပ်ဘီစကွတ်မုန့်များ၊ ဆေးလိပ် ခွက်များ၊ ဖိုင်တွဲများ ချထားသည်။


စင်မြင့်တဝိုက်၌ လက်ပတ်ကိုယ်စီပတ်ထားသူများ ဟိုမှသည်သို့လူးလားခေါက်တုံ့သွားလာနေကြသည်။ ရင်ဘတ်၌ ရွှေရောင်တောက်တောက် ရင်ထိုးတံဆိပ်ကားကားကြီးများ ထိုးထားသည်ကိုကြည့်ရသည်မှာ အလွန်အရေးပါသူများဖြစ်မည်မှန်း မပြောဘဲနှင့် သိနိုင်သည်။ ခန်းမ၏ယာဘက်ထောင့်၌ ကိုယ်တပိုင်း ရုပ်ထုကြီးတခုကို တွေ့ရသည်။ သုံးလေးဦးက မီးများလင်းမလင်း၊ ပန်ကာများ လည်မလည်၊ မိုက်များ အသံထွက်မထွက် စစ်ဆေးနေကြသည်။ သုံးချောင်းထောက် ကင်မရာများကို ကြည့်ရသည်မှာ သားကောင်တွေ့လျှင် မညှာမတာခုန်အုပ်ကြတော့မည့် ကျားရဲများနှယ် စူးစူးရဲရဲနိုင်လှသည်။


‘ ဥက္ကဋ္ဌကြီးအား မိန့်ခွန်းပြောကြားပေးပါရန် လေးစားစွာပန်ကြားအပ်ပါသည်ခင်ဗျား’ ဟုပြောလိုက်သည့် အခမ်းအနားမှူး၏ စကားအဆုံး၌ ကိုမောင်လူနပ်ကလေး ရှေ့ထွက်လာသည်။


“ကဲ …ကျနော်တို့မြို့မှာဆိုရင် ဘယ်လောက်ဂုဏ်ယူစရာကောင်းသလဲ။ မဖွဲ့ထားသေးတဲ့ အသင်းအဖွဲ့ ရယ်လို့ မရှိသလောက် ဘဲ။ ပညာရေးနယ်ပယ်မှာပဲကြည့်ကြည့်၊ ကျန်းမာရေး နယ်ပယ်မှာပဲကြည့်ကြည့်၊ ဘယ်နယ်ပယ်မှာပဲကြည့်ကြည့် သူ့အသင်းအဖွဲ့နဲ့သူ ဖွဲ့စည်းပြီးသားချည်းပဲ။ ဒီလို အသင်းအဖွဲ့လေးတွေနဲ့ ချည်း မလုံလောက်လို့ အဲဒီအသင်းအဖွဲ့လေးတွေကို စုဖွဲ့ထားတဲ့ အသင်းအဖွဲ့ချုပ်ကြီးကလည်း အခိုင်အမာရှိပါရောလား။ အဲဒီ အသင်းအဖွဲ့ချုပ်ကြီးကိုဦးဆောင်မယ့် ဂုဏ်ထူးဆောင် အသင်းအဖွဲ့ချူပ်ကြီး ကလည်း ရှိပြန်ပါရောလား။ အဲဒီ ဂုဏ်ထူးဆောင်အသင်းအဖွဲ့ချုပ်ကြီးကို လမ်းညွှန်မယ့် ဂုဏ်ထူးဆောင် နာယကချုပ်အဖွဲ့ကြီးကလည်း ရှိပြန်ပါရောလား။


ကိုမောင်လူနပ်ကလေးက မိုးတဖြိုက်နှစ်ဖြိုက်ကျရာမှ မှိုပွင့်ကြီးများနှယ်ကားကားစွင့်စွင့်နှင့် အသင်းအဖွဲ့များ ပေါ်ပေါက်လာပုံကို ရှင်းပြနေသည်။ ထို့နောက် (ခန်းမ၏ယာဘက်ထောင့်ကို လက်ညိုးထိုးလျက်) “ဟောဟိုမှာဆိုရင် ဂုဏ်ထူးဆောင်နာယကအဖွဲ့ချုပ်ကြီးမှာ အသက်ထက်ဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ရာသက်ပန်နာယကချုပ်ကြီးရဲ့ ကိုယ်တပိုင်းရုပ်ထုကို လည်း ထုလုပ်ထားပြီး ပါရောလား” (လက်ခုပ်သံများ ဝေါကနဲ ထွက်ပေါ်လာသည်)


“အဲဒီလို အဘက်ဘက်က အားကောင်းနေပေမယ်လို့ ကျနော်ကတော့ ပြီးပြည့်စုံတယ်ရယ်လို့ မယူဆသေး ပါဘူး။ ဒါဟာ ကျနော်တို့ရဲ့ဖြတ်သန်းမှုတွေ၊ အတွေ့အကြုံတွေကို အခြေခံပြီးတော့မှ ပြောခြင်းဖြစ်ပါတယ်။ ကျနော်တို့ဟာ မြို့လေးရဲ့အကျိုးအတွက် အသင်းအဖွဲ့တွေကို ဖွဲ့ခဲ့ကြတယ်။ ဖွဲ့ပြီးတဲ့အခါ သူ့ဆီ ကိုယ်သွား လေ့လာ၊ ကိုယ့်ဆီ သူလာလေ့လာ၊ သူ့ဖွဲ့စည်းပုံ ကိုယ့်ပေး၊ ကိုယ့်ဖွဲ့စည်းပုံ သူ့ပေး၊ ကိုယ့်ကြေညာချက် သူ့ပေး၊ သူ့ကြေညာချက် ကိုယ့်ပေး၊ သူနဲ့ကိုယ်နဲ့ ပူးပေါင်းလေ့လာ၊ သူနဲ့ကိုယ်နဲ့ ပူးပေါင်းဖွဲ့စည်း၊ သူနဲ့ကိုယ်နဲ့ ပူးပေါင်းကြေညာ စသည်ဖြင့် လုပ်ဆောင်နိုင်ခဲ့ကြတာဟာဖြင့် အလွန့် အလွန်ကို အဖိုးမဖြတ်နိုင်တဲ့ အောင်မြင်မှုတွေသာ ဖြစ်ပါတယ်။ ဒါကို ကြီးကျယ်ခမ်းနားတဲ့ သမိုင်း မှတ်တိုင်များ စိုက်ထူနိုင်ခဲ့ခြင်းရယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုရင်လည်း ရနိုင်ကောင်းရဲ့လို့ ထင်မိပါတယ်” ကိုမောင်လူနပ်ကလေး က စကားပြောရင်း ပရိတ်သတ်ကို မျက်လုံးဝေ့၍ အကဲခတ်သလို ကြည့်လိုက် သည်။ ထို့နောက် လည်ချောင်းရှင်းသလို ချောင်းတချက်နှစ်ချက် ဟန့်သည်။


“ဒါပေမယ့် အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးအဆင့်ကိုတော့ မရည်ရွယ်ဘဲ ချန်လှပ်ခဲ့မိကြတယ် လို့ ပြန်လည်သုံးသပ်မိပါတယ်။ ဒါဟာ ဘယ်လို အသင်းအဖွဲ့မျိုးတွေကို ဖွဲ့ကြမလဲ၊ ဖွဲ့တဲ့အခါ ဘယ်လိုဖွဲ့ကြ မလဲ ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒါကလည်း ကျနော်တို့မှာ အတွေ့အကြု့မကြွယ်ဝသေးလို့၊ အသိသုတ နည်းပါး နေသေးလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ခုလို ပြန်လည်သုံးသပ်နိုင်တဲ့ အခါကျတော့ နောင်မှာ ဒီလို မဖြစ်ရအောင် ပြင်ကြရပါလိမ့်မယ်။


ဒီနေရာမှာ မခြွင်းမချန်ဝန်ခံဖို့နဲ့ မဖြစ်မနေတောင်းပန်ဖို့လိုအပ်တာကတော့ (ရုပ်ထုကြီးကိုလက်ညိုးထပ်ထိုး) နာယကလုံးဆိုင်ရာ နာယကချုပ်ကြီးကိုပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဤနေရာဤစင်မြင့်ပေါ်ကနေ အားလုံးရဲ့ ကိုယ်စား နာယကလုံးဆိုင်ရာ နာယကချုပ်ကြီးအနေနဲ့ ကျနော်တို့ရဲ့အားနည်းချက်တွေကို ခွင့်လွှတ်ဖို့ အနူး အညွတ်တောင်းပန်အပ်ပါတယ်” (လက်ခုပ်သံများမစဲသေးသဖြင့် ရေသောက်ချိန် ရသွားသည်။)

“ဒါကြောင့် နာယကလုံးဆိုင်ရာ နာယကချုပ်ကြီးရဲ့ ရှေ့မှောက်မှာပဲ ‘အသင်းအဖွဲ့များဆိုင်ရာ အသင်းအဖွဲ့’ တခုကို စတင် ဖွဲ့စည်းလိုက်ကြောင်း အသိပေးကြေညာအပ်ပါတယ်” 


(ဝေါခနဲလက်ခုပ်သံများ သောသောညံ သွားသည်)


====


ဘယ်သူ့အကျိုးရယ်ဟူ၍ အပ်ကျမတ်ကျ ပြောရခက်မည်ဖြစ်သော်လည်း မမျှော်လင့်ဘဲ ညောင်ရေ အလောင်းခံလိုက်ရသည်ဟု ခံစားလိုက်ရသည်ကား အမှန်ပင်။


“လူကြီးမင်းများခင်ဗျား၊ ဒီနေ့အစည်းအဝေးမှာ တဦးချင်းအလှည့်ကျ ပြောပြီးဆိုပြီးကြပြီဖြစ်လို့ တော်တော် လည်း ပြည့်စုံပြီလို့ ထင်ပါတယ်။ ဒါပေမယ့် ဒီအသင်းကိုမဖွဲ့စည်းခင် အရေးပါတဲ့ပုဂ္ဂိုလ်တဦးနဲ့ လူကြီးမင်း များကို မိတ်ဆက်ပေးလိုပါတယ်။ ဒီပုဂ္ဂိုလ်ဟာ ဒီမြိုလေးကို ကျနော်တို့နောက်မှ ရောက်လာပေမယ့်လည်း ပထမဆုံးဖွဲ့စည်းခဲ့တဲ့ သာရေးနာရေးအသင်းကလေးကနေစပြီး ခုချိန်ထိ စိုက်လိုက်မတ်တတ် ပါဝင်ဆောင် ရွက်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် သင့်တော်ရာတာဝန်တခုခု သတ်သတ်မှတ်မှတ် ပေးဖို့ရာ ကတော့ ကျနော်တို့အားလုံးရဲ့တာဝန်ပဲ ဖြစ်ပါတယ်။ ဒါမှလည်း မြို့လေးရဲ့အကျိုးကို ခင်ဗျားတို့ ကျနော်တို့ လို သယ်ပိုးနိုင်မယ် မဟုတ် လား”ဟုပြောပြီး သူ့ကို လက်ညိုးထိုးပြကာ အားလုံးနှင့် မိတ်ဆက်ပေးလိုက် သည်။ (လက်ခုပ်တီးခြင်း၏အဓိပ္ပာယ်ကို ကောင်းစွာခွဲခြား မသိသော်လည်း ခုလို အသက်ပါသည့် ဇာတ်ဝင် ခန်းမျိုးအရောက်၌ ဘာလုပ်ရမည်ကို ကောင်းစွာသိထားကြသည့် မြို့သားများက တာဝန်ကျေပွန်စွာပင် လုပ်ရိုးလုပ်စဉ်အလုပ်ကိုအချိန်ကိုက် လုပ်ဆောင်နိုင်ခဲ့ကြသည်။)


ထို့နောက် စကားပြောရန်ဖိတ်ခေါ်သည့် အခမ်းအနားမှူး၏ ပန်ကြားသံထွက်ပေါ်လာသည်။ ကိုမောင်လူနပ်ကလေးကို အားကိုးတကြီး လှမ်းကြည့်လိုက်မိသည်။ 
ပယ်နယ်တီဧရိယာထဲ ဖြတ်တင်ပေးလိုက်သည့် ဒေးဗစ်ဘက်ဟမ်း၏ မျက်နှာပေးမျိုးဖြင့် သူ့ကို ပြုံးကြည့်နေသည်။


သူ ထမှဖြစ်တော့မည်။ အစည်းအဝေးတက်သက်ရင့်သော်လည်း စကားပြောအတွေ့အကြုံလုံးလုံးမရှိသဖြင့် ရင်တွေတဒုန်းဒုန်း ခုန်လာသည်။ လက်ဖျားခြေဖျားများ အေးစက်စေးထန်းလာသည်။ လည်ချောင်းများ ခြောက်ကပ်လာသည်။ လူနှင့်ကုလားထိုင်ပင် ထိနေသလိုလို၊ လွတ်နေသလိုလို ခံစားနေရသည်။ မျက်လွှာချ၍ လက်ဖဝါးချင်း  ဖျစ်ညှစ်ပွတ်ချေနေရာမှ ဆတ်ကနဲမော့ကြည့်လိုက်သည်။

အလို .. သူ့ကို စိတ်ဝင်တစားစောင့်ကြည့်နေကြသည့် မျက်လုံးများ။ ချွေးစေးများပင် ထွက်လာသည်။ ကြံရာမရသည့်အဆုံး ရှေ့တွင်ချထားသည့် ဗလာစာရွက်များကို ကောက်ယူ လိုက်သည်။ လေတချက်မျှ မတိုက်ပါဘဲနှင့် ဖျပ်ဖျပ်လူးနေသည့်စာရွက်များအား ကတုန်ကယင်လက်နှစ်ဖက်ဖြင့် ဖျစ်ညှစ်ချုပ်ကိုင် ကြည့်သည်။ မရ။ စိတ်တည်ငြိမ်မှုရရန် ဗလာချည်းသက်သက်စာရွက်များအား မှိတ်မသုန် စိုက်ကြည့်နေ သည့် သူ့ဟန်က ဆွေးနွေးမည့်အကြောင်းအရာကို အလေးအနက် ဆင်ခြင်နေသည်လားဟု ထင်ကောင်း ထင်စရာပင်။

သူ့ကိုယ်သူ အားတင်းလိုက်သည်။ ရှေ့မှစားပွဲခုံကို လက်နှစ်ဖက်ဖြင့် တင်းတင်းရင်းရင်းဆုပ်ကိုင်ရင်း ထရပ် လိုက်သည်။ ထိုအခါတွင်မှ တရစပ်တုန်နေသည့်ဒူးများ ညွှတ်ခွေကျသွားတော့ မည်လားဟု စိုးရိမ်လာ သည်။ ဒူးကိုအာရုံစိုက်၍ ထိန်းမည်ကြံကာရှိသေး၊ ရင်ထဲကတလှပ်လှပ်တုန်၍ ခေါင်းထဲမလည်း မူးနောက်နောက် ဖြစ်လာသည်။ အာခေါင်များလည်း ခြောက်သည်ထက် ခြောက်လာသည်။


မရည်ရွယ်ဘဲနှင့် ချောင်းတချက်ဟန့်မိသွားသည်။ သို့သော် အသံကားမထွက်။ ဤတွင်မှ ထွက်ပေါက်ရသွား သည့် သားကောင်တကောင်လို ရဲရဲတင်းတင်း ချောင်းတချက်ဟန့်လိုက်သည်။
 (စစ်မြေပြင်၌ ပထမဆုံး သော ကျည်ဆံတတောင့် ပစ်လိုက်ပြီးကာမှ ရဲစိတ်ဝင်သွားသည့် စစ်သားတယောက်နှယ် ခန်းမထဲ၌ နေသားတကျဖြစ်သွားသည်) ဘာဖြစ်ဖြစ်ဟူသည့်စိတ်ကို နှလုံးသွင်း၍ ကောက်ကာငင်ကာ ပြောချလိုက် သည်။

“ကျနော်ပြောချင်တာကတော့ ခုနက သူပြောသွားတာနဲ့အတူတူပါပဲ”ဟု ရှေ့ခုံမှလူကိုလက်ညိုးထိုးပြပြီး အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။


အားလုံးက သူ့ကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေဝကသဖြင့် ဘာများပြောခဲ့မိပါလိမ့်ဟု အထိတ်ထိတ် အလန့်လန့် စဉ်းစား ကြည့်သည်။ သို့သော် ဗလုံးဗထွေးနှင့်ပြောလိုက်မိသည်များကို ကောင်းကောင်း မမှတ်မိတော့။ မတတ်နိုင်။ ပြီးမှပဲ အစည်းအဝေး မှတ်တမ်းကို ဖတ်ကြည့်ရတော့မည်။


သိသိသာသာနှင့် အတော်ဝကာကြာတိတ်ဆိတ်သွားသည့်ခန်းမထဲ၌ လက်ခုပ်သံများ သောသောညံ ထွက်ပေါ်လာသည်။ (တဦးပြောပြီးတိုင်း အခြားသူများက လက်ခုပ်တီးကိုတီးရသည့် ယဉ်ကျေးမှုကိုသာ တီထွင်မထားခဲ့လျှင် သည်လိုအခြေအနေမျိုး၌ မည်သို့ ရှေ့ဆက်ရမည်ကို သိရန်ခဲယဉ်းလှသည်)

ဘာကြောင့်ရယ်ဟူ၍တော့ တပ်အပ်မပြောနိုင်။ သူသည်လည်း လက်ခုပ်တီးနေမိသည်။



အောင်မော်ဦး
၂၃၊ ၅၊ ၂ဝဝ၎

- မှတ်ချက်။ ။ ၂၀၀၄ ခုနှစ်ဝန်းကျင်က ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ခေတ်ပြိုင် အွန်လိုင်းပေါ်တွင် ဖော်ပြခံခဲ့ရဖူးသည့် ၀တ္ထုတိုတပုဒ်ဖြစ်ပါသည်။ 

Comments