သစ်ခက်သံလွင် ကဗျာစင်မြင့်၊ သစ်ငြိမ်း၊ ဇေမှိုင်း၊ ဇာနည်သွေး(ပလိပ်)

အလယ်ရိုးမ
 
www.all-art.org

ဒီတော
ဒီတောင်
ဒီမြောင်
ဒီချောင်း
သူတို့ကျင်လည်
တော်လှန်ရဲရဲ တိုက်ပွဲခေါ်ခဲ့
ငြိမ်းချမ်းရေးအတွက်
လွတ်မြောက်ရေးအတွက်
မတရားမှုအတွက် တိုင်းရင်းညီတူ
ပြည်သူ လူထုအတွက် …။

ခုတော့
သည်တောလဲပြုန်း
တောင်ကတုံးနဲ့
ကောနေတဲ့ချောင်း
သူတို့သာမြင်ခဲ့ရင်
မြို့ထဲဝင်လာတဲ့ဆင်
စပါးနဲ့ယာခင်းဖျက်တဲ့ ကြွက်
လက်နက်မဲ့ ပြည်သူ
အပူသည်ဘဝ
သူတို့ရိုးမ
လမ်းမတစ္ဆေ
မီးထိန်ထိန်လင်း
မြို့တော်ကြီးကို
သူတို့
ဘာများ
မှာတမ်းချွေလို့
ကြေညာစာတမ်းထုတ်မှာလဲ
သူတို့အသက်
ပေးဆပ်ရာမြေ
ဒီတော
ဒီတောင်
ဒီလျှိုမြောင်မှာ
သူတို့အတွက်
ဆက်လက်ရှင်သန်
ကျန်နေခဲ့သူ တာဝန်ယူလို့
အလယ်ရိုးမ လှပကဗျာ
ရွေးကာဆုပေး
ဒီနေ့တွေတိုင်း
မျက်ရည်ဝိုင်းရင်း
တောင်တန်းတွေပေါ် အနေပျော်သူ
သခင်သန်းထွန်းရေ
ဗိုလ်ဇေယျရေ
နိုင်ဝင်းဆွေရေ
ဟော့ဒီမှာ
ပျဉ်းမနားအစိမ်း
ဟော့ဒီမှာ မောင်သင်းခိုင်
ဟောဒီ့မှာ မောင်ကြူးရင့်
ဟော့ဒီမှာ ဇော်ဝင်းကို
ဟောဒီ့မှာ သန်းဆွေမိုး
ဟောဒီမှာ
ဟောဒီမှာ
ဟောဒီ့မှာ …ဟော့ဒီမှာ
ပျဉ်းမနားက ပေါင်းလောင်းမြစ်ဘေး
လွမ်းချင်းမဟုတ်။

မြသန်းတင့် ဒဂုန်တာရာ
ဗန်းမောင်တင်အောင်
ဆရာကြီးမှိုင်းကို လွမ်းသလိုပ
သပြေညိုအောင်ပန်းနဲ့
အောင်ဆန်းမျိုးဆက်
အသက်ဆက်သွင်း
အလွမ်းပန်းခြင်း ပို့လိုက်တယ်။ ။

သစ်ငြိမ်း


 ပိုလင်းပလာမယ့် ကြယ်စင်တွေ....
 
www.designbyhumans.com

မဟုတ်ပါဘူး
အငြင်းနဲ့ စ, ရမှတော့
ဘယ်ကောင်းလိမ့်.........

သစ်ရွက်တွေကြွေတာကိုကြည့်ပြီး
ရွက်ကြွေတွေကောက်စွန့်ရဦးမတဲ့.....

မဟုတ်ရေးချ မဟုတ်
သစ်ရွက်တွေကြွေတာမဟုတ်
ကြွေနေတာ ကြယ်တွေပါဗျာ..
ကြွေတာတောင် မြင်သူက ဆုတောင်း
တောင်းတိုင်းပြည့်ကတဲ့ဗျ.......

သမီးကမေးတယ်
" ဘဘ…ကြယ်တွေကြွေပြီးရင် ဘယ်ရောက်လဲ တဲ့? "
ဒီ့ထက် ပိုလင်းပမယ့်ကြယ်
ဖြစ်လာမှာပေါ့ သမီးလေးရယ်.....။

ဇေမှိုင်း
 7-6-16


 ငါတို့ခေတ်ရဲ့သီချင်း

www.saatchiart.com

ဘယ်ဘူတာကို ဆင်းမလဲမမေးနဲ့
ဒီ ရထားနဲ့သာဆို
ဘယ်ကမ္ဘာထိသွား သွား
ငါတို့က အလံလွှင့်ပြီးသားပဲ

ခေတ်မကောင်းလို့
ရူးချင်ယောင်ဆောင်နေတာလား
မှားမယ်
ရူးချင်ယောင်ဆောင်သူတွေကြောင့်
ခေတ်မကောင်းတာကို သိထား

လာ
အဲ့ဒီတောအုပ်ကို နင်းချေပြီး
ငါတို့လွင်ပြင်ဆီ လွင့်လာခဲ့လိုက်

ညတွေထဲ
အတူတူတွဲ ကခုန်ချင်လွန်းလို့
အဲ့ဒီလရောင်ကို
ဒီသီချင်းနဲ့ မျှားထားရတာ

သူခိုးတွေကတော့
ငါတို့ကို အရမ်းမုန်းနေမှာပဲ
ခွေးတွေကလဲ အူလို့

ငါတို့ကလည်း
ကိုယ့်အတွေးနဲ့ကိုယ်
ကိုယ့်သွေးနဲ့ကိုယ်
ကဗျာတွေရေးလို့ မဆုံးနိုင်

ပင်လယ်ကလည်း
သူ့လှိုင်းခတ်သံနဲ့သူ
အလှတရားစစ်စစ်ကို ထုဆစ်နေရဲ့

ကဲ
အချိန်သိပ်မကျန်တော့ဘူး
ရင်ခုန်သံညီရင်
ဒီကဗျာကို
အတူတူရွတ်ဆိုလိုက်ရအောင်……။ ။


ဇာနည်သွေး ( ပလိပ် )

29.2.2016
June 6 at 5:22pm

Comments