သစ်ခက်သံလွင်ကဗျာရှည်- အောင်မှူးဝေရဲ့စံပယ်တင်ယုတ်မာမှုတွေနဲ့ကမ္ဘာ

စံပယ်တင်ယုတ်မာမှုတွေနဲ့ကမ္ဘာ

  အောင်မှူးဝေ
 
 
KT#
 

၁။

သွေးစက်တိုင်းကိုမီးလောင်ပြီး
ခံစားချက်တိုင်းပြာကျတယ်
ရပိုင်ခွင့်တွေကရေမျောကမ်းတင်ဖြစ်ပြီး
ချမ်းသာမှုဟာရေစီးရေလာမကောင်းဘူး
ထမင်းဝတိုင်းမကောင်းမှုကိုပဲတွေးနေတယ်
ဟိုရှေ့ကတင်ပါးဝိုင်းဝိုင်းလေးကိုဝိုက်လိုက်ရဆိုတာမျိုး
လူထုဆန္ဒကိုမတရားကျင့်မယ်ဆိုတာမျိုး
နှစ်ပေါင်းငါးဆယ်လောက်လူလိုမနေရအမိန့်နဲ့
စာရွက်ပေါ်မှာပဲပညာတတ်စာရင်းပေါက်သူတွေ
သမိုင်းကိုမင်ဖျက်ဆေးနဲ့သွေးအေးအေးအဖျက်ခံထားရတယ်။
ကိုယ်ချင်းစာတရားကင်းမဲ့မှုအနံ့ပြင်းပြင်းနဲ့သေနတ်ပြောင်းတွေဟာ
သုသာန်တွေကိုပျော်စေတယ်
ဒီကမ္ဘာမှာ
၁၈ ရက်ပဲသမ္မတဖြစ်ခဲ့သူရှိသလို
နှစ်၂၀ ကျော်ရာဇပလ္လင်မှာ အမြစ်စွဲနေသူလည်းရှိရဲ့
ပြည်သူလူထုဟာ
ဆီကိုရေချိုးနေရာက
ငတ်ပြတ်ရတာကိုဝါသနာထုံလာတယ်
စပါးတောင်လိုပုံရာက
ဆန်နို့ဆီဗူးတလုံးပေးပါဘက်ကို
ဦးနှောက်သွေးကြောပြတ်သူလို
ယိုင်လဲလာတယ်။
မှောင်နေတဲ့လမ်းတွေမှာ
မှောင်နေတဲ့စိတ်ကူးနဲ့ကလေးတွေဟာ
လမ်းလယ်ခေါင်မှာ သံဝါသပြုတတ်လာတယ်
အေးဆေးပဲ။
ချိုမြိန်တဲ့ပုံပြင်တွေကိုတလတခါပုံမှန်စားသုံးပြီး
လှချင်ယောင်ဆောင်တဲ့ အိပ်မက်တွေကိုမက်လာတယ်
အိပ်ရာကနိုးတော့လူသေတွေလိုပဲ
အနာဂတ်ကအေးစက်တောင့်တင်းလို့။
စံပယ်တင်ယုတ်မာမှုတွေနဲ့
ကမ္ဘာ။

၂။

ဒီကမ္ဘာဟာ
အတိတ်ကတော့သက်ဦးဆံပိုင်စနစ်ပဲ
ပြည်သူရဲ့ဆံပင်ကိုဘုရင်ကပိုင်တယ်ဆိုတော့
ဘုရင်ကဆံသဆရာပေါ့။
ဘုရင်ဆိုတာဘုရားအလောင်းမို့
စိတ်နဲ့တောင်မပြစ်မှားရဲဘူး
သည်မောင်က
ညာလက်ရုံးမီးဟုန်းဟုန်းတောက်ဆိုသကိုး။
ယောက်ျားသားများအားကျဖွယ်တခုက
ဘုရင်ဆိုတာ
မိန်းမအများကြီးယူနိုင်တာပဲ
ဘုရင်တွေလူကုန်ကူးတော့
ပဏ္ဏာဆက်တယ်ခေါ်ပေါ့
တရားတယ်။
ရေတွေမြေတွေအကုန်လုံးကဘုရင်ပိုင်ဆိုတော့
အများသုံးအိမ်သာတွေလည်းဘုရင်ပိုင်တာပေါ့
ကောင်းကင်အထိအာဏာစက်သက်ရောက်တယ်ဆိုပြီး
အဲ့ဒီခေတ်က
လေယာဉ်ပျံမပေါ်ခဲ့ဘူးလေ။
လေယာဉ်ပျံပေါ်တဲ့ခေတ်လည်းရောက်ရော
ကိုယ်ပိုင်လေယာဉ်နဲ့ဈေးဝယ်ထွက်ကြတယ်။
ဘုရင်ကကိုယ့်နှမကိုမျက်စပစ်လို့ရပေမယ့်
ဘုရင့်နှမကိုကိုယ်ကမျက်စပစ်ရင်
မျက်လုံးဖောက်ထုတ်ခံရတယ်။
လူသားတိုင်းဟာ
ကိုယ်ပိုင်ဂုဏ်သိက္ခာနဲ့မွေးဖွားလာကြတယ်
ဒီစကားဟာ
ဘုရင်တွေအတွက်တော့ဟာသပဲ
ပြည်သူလူထုကောင်းစားရေးဆိုတဲ့စကားကြောင့်
ဘုရင်တစ်ထောင်အသက်ရှူရပ်ဖူးတယ်
စံပယ်တင်ယုတ်မာမှုတွေနဲ့ကမ္ဘာလေ
ရက်ရက်စက်စက်
လှတယ်။

၃။

တခါတခါ
ကွန်ပျူတာရှေ့ထိုင်ပြီး
ကျောက်ခေတ်ကိုပြန်သွားတယ်
လူတွေကိုလူတွေကဖမ်းပြီး
တိရစ္ဆာန်တကောင်လိုနှိပ်စက်တယ်။
လမ်းခင်းကျောက်ခဲလိုနှလုံးသားနဲ့
ဝါဂွမ်းစလေးလိုနူးညံ့ပြသူတွေဟာ
ဇာတ်လိုက်ပဲ။
အကျဉ်းထောင်ထဲ
ခြေကျင်းကိုတီထွင်ခဲ့သူကြီးလည်း
ခြေကျင်းပြန်ခတ်ခံရတာပဲ
သံဝေဂတွေ
မိုးလုံးပြည့်အောင်ရပါတယ်။
တရားမျှတမှုနဲ့
အမှန်တရားကိုကယ်တင်သူတွေကဗီလိန်
အေးချမ်းစွာဆန္ဒဖော်ထုတ်သူတွေက
ဆူပူလှုံဆော်ရေးသမား
မီဒီယာဆိုတာသတင်းရောင်းစားပြီး
ပြည်သူလူထုကိုရောဂါပေးနေတာ ….တဲ့
လူလူချင်းနောက်ပြောင်တာတောင်
ကမ္ဘာကိုအကြည်ညိုပျက်စေမှုနဲ့
ဖမ်းလို့ရတဲ့ကမ္ဘာ။
ကမ္ဘာမြေအမှီပြုတဲ့
လူထုအားလုံးခွေးသေဝက်သေဖို့ပဲကျန်တော့တယ်။
သြော်
စံပယ်တင်ယုတ်မာမှုလေးနဲ့ကမ္ဘာ။

၎။

ဒီကမ္ဘာမှာ
ဆင်ဖြူတော်ပိုင်ချင်တာလည်းကင်ဆာပဲ
ချိုးဖြူငှက်ကိုသတ်စားပြီးငြိမ်းချမ်းရေးလို့
ထထအော်တယ်။
ရေထဲမျောလာတဲ့ဆင်သေကြီးကို
မင်းအာဏာနဲ့အတင်းရပ်ခိုင်း
တစ်စီးရှင်အမည်ခံသူလည်းရှိခဲ့
တခြားကမ္ဘာကိုဆင်ဖြူတောင်း
မရတော့စစ်ခင်း
လူ့အသက်များစွာနဲ့ ဆင်တကောင်ကိုလည်းလဲလှယ်ဖူးခဲ့တယ်။
နန်းရင်ပြင်မှာ
ထမင်းတွေဟင်းတွေအပြည့်ခင်း
နင်းချေပြီးနန်းတက်တဲ့ဘုရင်လည်း ရှိဖူးတယ်။
သာသနာပိုင်ကိုသတ်ပစ်တဲ့ကမ္ဘာ
တိပိဋကကိုထောင်ချတဲ့ကမ္ဘာ
ဒီကမ္ဘာမှာအပြစ်မရှိရှာပါဘူး
စံပယ်တင်ယုတ်မာမှုကလေးပဲရှိပါတယ်။

၅။

KT#


လျှပ်စစ်မီးအတွက်အခွန်တွေပုံမှန်ကောက်ပြီး
လျှပ်စစ်မီးပုံမှန်မလာတဲ့ကမ္ဘာ
ရေခွန်တွေပုံမှန်ကောက်ပြီး
ရေပုံမှန်မလာတဲ့ကမ္ဘာ
အမှိုက်အိတ်တွေရောင်းစားပြီး
အမှိုက်ပုံမှန်မသိမ်းတဲ့ကမ္ဘာ
မီးအားက မီးယပ်ချမ်းထသလိုတက်လိုက်ကျလိုက်မို့
မီးခဏခဏလောင်တဲ့ကမ္ဘာ
ကန်ထရိုက်တိုက်တွေပြိုကျပြီး
လူတွေမာလကီးယားတဲ့ကမ္ဘာ
တို့ဘဝတို့ကမ္ဘာဟာ
ငရဲကြီးရှစ်ထပ်ကိုဆေးအသစ်သုတ်ထားသလိုလို
ပြိတ္တာဘုံကိုအလှပြင်ထားသလိုလို
မှန်ထဲပြန်ကြည့်မိတိုင်း
မှန်ကိုရိုက်ခွဲချင်မိတဲ့ကမ္ဘာ။
ဒီကမ္ဘာမှာအပြစ်မရှိရှာပါဘူး
စံပယ်တင်ယုတ်မာမှုလေးပဲရှိပါတယ်။

၆။

အသက် ၁၄ နှစ်လောက်ကလေးတွေဆိုက္ကားနင်းစားပြီး
သက်ကြီးရွယ်အိုတွေတောင်းစားနေရပြီ
ဒါလည်း
ရွှေကမ္ဘာလို့အော်နေတုန်း။
သားသည်မိခင်တွေဟာသတင်းစာတွေဖတ်ပြီး
စိတ်ဆင်းရဲလွန်းလို့ ….တဲ့
နို့မထွက်ကြတော့ဘူး။
ပြည်သူလူထုဟာ
ဒီနေ့ကမ္ဘာကိုမကျေနပ်တိုင်း
မနေ့ကဘုရင်တွေကိုအော်ဆဲမိကြတယ်
စိတ်တွေဟာကြိတ်ချေလို့မရခဲ့ပုံများ
နာကျည်းစိတ်တွေခဲနေပြီ။
ကျောင်းတံခါးကြီးကိုပိတ်
ကျောင်းသားတွေကိုသတ်ပစ်တဲ့ကမ္ဘာ
ရာဘာတောကြီးထဲ
အရှင်လတ်လတ်ကျင်းတူးပြီးမြှုပ်ပစ်တဲ့ကမ္ဘာ
ပရိတ်ရွတ်တဲ့သံဃာတွေကို
သူပုန်တွေလို့သဘောထားတဲ့ကမ္ဘာ
အလုပ်သမားတွေ
မဖြစ်စလောက်လခတိုးတောင်းတာကို
နံပါတ်တုတ်နဲ့ရိုက်တဲ့ကမ္ဘာ
ဒီကမ္ဘာဟာ
စံပယ်ပန်းလေးလိုဖြူစင်ခဲ့ပါသတဲ့
ကြည်ညိုလိုက်ကြပါ။

၆။

ဒီကမ္ဘာကို
တခြားကမ္ဘာကလူတွေလာအုပ်စိုးတုန်းက
တက္ကသိုလ်ကြီးတွေဆောက်ခဲ့တယ်
ဒီကမ္ဘာကိုဒီကမ္ဘာကလူတွေအုပ်စိုးတော့
သမဂ္ဂကျောင်းဆောင်ကြီးကိုဖောက်ခွဲပစ်လိုက်တယ်
ရွှေအုတ်နဲ့ပြန်ဆောက်ပေးပါ့မယ် …တဲ့
တခြားကမ္ဘာကလူတွေဖိနပ်စီးပြီး
ဘုရားပေါ်တက်တော့
အသည်းကိုခွေးကိုက်သလိုနာခဲ့တယ်
ကိုယ့်ကမ္ဘာကလူဟာ
ဖိနပ်စီးပြီး ထီးဆောင်းတက်ပြတယ်
ငရဲကျမယ့်အကောင်…ဆိုတာကလွဲပြီး
ဘာမှမပြောရဲကြဘူး
ဒီကမ္ဘာကလူတွေဟာ
ဟေ့ …မိကျောင်း
မင်းကိုရေနှစ်သတ်ပစ်မယ်ဆိုတဲ့စကားမျိုး
သိပ်ပြောတတ်တာပဲ။
သားသတ်သမားသမ္မတဖြစ်ဖူးတဲ့ကမ္ဘာဟာ
ရယ်သံကိုကကြောက်စရာကြီး။
အဖန်ငါးရာငါးကမ္ဘာလူဖြစ်ရှုံးဖို့က
ပန်းတိုင်လား။
ဒီကမ္ဘာဟာ
မိန်းမပျက်တယောက်ထက်ပိုမိုရိုးသားခဲ့ပါတယ်
စံပယ်တင်ယုတ်မာမှုလေးနဲ့လေ
သူက
ဖလော်ရာသုံးလို့သိပ်လုံခြုံတာပဲ။

၈။

ဘာမှမလုပ်နဲ့
ဘာမှမပြောနဲ့
ဘာမှမကြံစည်နဲ့
ကမ္ဘာကိုအုပ်စိုးသူတွေဟာပါရမီရှင်တွေ
ကုသိုလ်ကြီးလို့ဖြစ်နေတာ
ဖြေဆည်ရာစကားတွေဟာယင်တလောင်းလောင်းပဲ
ကျန်းမာကြပါစေ
ချမ်းသာကြပါစေ
ဓားထမ်းပြီးမေတ္တာပို့ကြတယ်
ဘာပဲဖြစ်ဖြစ်ထောက်ခံပါတယ်
တဆွေလုံးတမျိုးလုံးတောင်းစားရလည်း
ထောက်ခံပါတယ်
ဒါပဲပြော
မင်းနဖူးကိုဘယ်တော့မှကျည်ဆံမမှန်ဘူး။
အဲဒီလိုချစ်စရာကောင်းတဲ့ကမ္ဘာ။

၉။

မင်းကောင်းမင်းမြတ်တွေအုပ်စိုးနေပါတယ်ဆိုမှ
ကိုယ်ပျောက်ခေါင်းတုံးက
ကောင်မလေးတွေကိုလိုက်ပွတ်သတဲ့
မိုးလေဝသညီညွတ်ပုံကတော့စံပဲဟေ့
မုန်တိုင်းကြီးတိုက်ပြီးလူတွေသေဖူးတယ်
စေတီတော်တွေပြိုကျတယ်။
ဘိန်းစားတွေချောင်းပစ်လို့
စစ်သားတွေလည်း သေဖူးတယ်
ဘယ်နတ်ဒေဝါပေးမှန်းမသိတဲ့
ဘွဲ့တံဆိပ်တွေလည်မှာဆွဲပြီး
အသက်ရှူကြပ်နေသူတွေရဲ့ကမ္ဘာ
အင်မတန်ပျော်စရာကောင်းပါလား
ပျော်ရင်းနဲ့ကြေကွဲနေရတယ်
ကတ္တရာလမ်းပေါ်ခုန်ချမိတဲ့
ကြက်ဥတွေလိုလေ။

၁၀။

 
KT#

ဒီကမ္ဘာမှာ
အာဏာရှင်တွေဘာပင်စိုက်စိုက်တင့်တယ်ပြီး
ငြိမ်းချမ်းရေးသမားရဲ့သစ်စေ့တွေဟာ
ပုပ်ကုန်တယ်။
ဒီကမ္ဘာမှာ
အာဏာရှင်မကောင်းကြောင်းရေးမိလို့
ဘဝပျက်ရတဲ့သူရဲကောင်းတွေရှိတယ်။
ဒီကမ္ဘာမှာ
လမ်းဘေးရွှေအတုတွေလို
နှစ်ရှည်လများအရောင်ပြောင်းနိုင်စွမ်းတဲ့
အသားထဲကလောက်တွေရှိတယ်။
သံဃာတော်တွေကိုမီးသင်္ကန်းကပ်ပြီး
လူတွေကိုတော့ရေခဲဝတ်စုံဝတ်ဖို့
ရေခဲတိုက်ထဲပို့လိုက်တယ်။

၁၁။

စင်တော်မှာ
ဘီလူးဆိုင်းတီးပြီးမင်းသားက
ကဖို့
ဘုန်းတန်ခိုးတေဇာတောက်ပကြတယ်ပေါ့
ဘယ်လို က က
မကြိုက်လည်းကြည့်ရဦးမှာပဲ
ပွဲခင်းထဲ
ပွဲထိန်းတွေအပြည့်မို့
စိတ်မပါရင်အိပ်နေပေါ့။
ခေတ်အဆက်ဆက်ရခဲ့တဲ့ဒဏ်ရာတွေလည်း
အခုတော့
အမာရွတ်ကလေးတွေထဲဝင်စားလို့
ပွတ်သပ်ချော့မြှူချင်စရာပဲ။
ဒီကမ္ဘာအတွက်သင်ခန်းစာဆိုတာ
အဆင်သင့်ထုပ်ပိုးပြီးသားမရှိဘူး
သူရောက်ချင်မှရောက်လာတာ။
ဒီကမ္ဘာကလူငယ်တွေဟာ
စစ်အုပ်ချုပ်ရေးကိုမမှုဘဲ
ထောင်ထဲရင်ကော့ဝင်သွားကြတယ်။
ထောင်ထဲရောက်တော့ကျောပါကော့ရောလေ
ဒီကမ္ဘာအတွက် ဒုက္ခဟာ ပိုလျှံလွန်းလို့
တခြားကမ္ဘာကိုတောင်ရောင်းစားနေရတယ်။

၁၂။

ဒီကဗျာဟာ
ကဗျာရေးသူရဲ့အာဘော်မဟုတ်ဘဲ
အသုံးမကျတဲ့ခေတ်စနစ်တွေနဲ့
ကဗျာရေးချင်စိတ်ရဲ့အာဘော်သာဖြစ်ပါတယ်။
သြော်
စံပယ်တင်ယုတ်မာမှုလေးနဲ့ကမ္ဘာရယ်။ ။


အောင်မှူးဝေ
၁၀-၃-၂၀၁၅
၁၀း၁၀း၁

Comments