သစ်ခက်သံလွင် ကဗျာစင်မြင့် ၄ ဦးကဗျာ







မေ့လျော့နေတဲ့
ဒီနေ့


www.artistsnetwork.com

ဝင်္ကဘာ ပန်းချီကားတချပ်ထဲ
ငါထွက်ပေါက်ရှာနေမိတယ်
မနက်ဖြန်ကို ငါပိုင်သလား
ခက်ဆစ်အမေးကို လမ်းညွှန်မြေပုံလိုကြည့်ခဲ့
စီးကရက်တလိပ်လို ပြာကျနေခဲ့
ငါ့ကိုလောင်ကျွမ်းခဲ့တဲ့နေ့တွေ တလိပ်ပြီးတလိပ်
ဒီပစ္စက္ခကို ဖြေရှင်းဖို့ရိက္ခာရှာရင်း
မနက်ဖြန်အတွက် သိက္ခာတရားဝမ်းစာကိုမေ့လျော့ နေခဲ့
ခန္ဓာကိုယ်ဟာ တဖြေးဖြေးဖောင်းပွလာ
ဦးနှောက်ကပိုလီယိုရောဂါသည် ဖြစ်နေရ
ငါတို့ ထွက်ပေါက်ဟာ
တဖြေးဖြေးကျဉ်းမြောင်းလာခဲ့
မနက်ဖြန်ဟာ ဘာဖြစ်မလဲ
ကံကြမ္မာကြိုးဆွဲနေတဲ့ ရုပ်သေးတရုပ်လို က နေရမှာလား
ရုပ်ဝတ္ထုတွေကြီးထွားလာတဲ့မြို့ကြီးဟာ
အနာဂတ်စိတ်ဝိညာဉ်တွေကို စိန်ခေါ်နေကြတယ်
ဒီဝင်္ကဘာ ပန်းချီကားထဲမှာ
ထွက်ပေါက်ရှာရင်း
အတိတ်တွေထားပစ်ခဲ့ပြီး
အရိပ်လိုထွက်သွားခဲ့တဲ့  ငါတွေ
စာတကြောင်းကို ရေးနိုင်ခဲ့သလား
ဒီနေ့ကို ရှာဖွေဖို့အရေးကြီးတယ်။

မြတ်လှိုင်း

(ရေရိုင်းမြေရိုင်းအလွန် ငြိမ်းချမ်းရေးနှင့်ကဗျာအင်အားစုမှသစ်ခက်သံလွင်သို့ပေးပို့သောကဗျာ)

....

ခရီး

naomisilverart.com



မျက်မြင်သက်သက်နဲ့တော့ တောင်တွေရဲ့အမြင့်ကို

တိုင်းတာလို့မရဘူး

 သစ်ရွက်တွေလိုက်ရေနေရုံနဲ့
သစ်တောရဲ့အကျယ်အဝန်းကို မသိနိုင်

ရထားဘယ်ကိုသယ်ဆောင်မယ်ဆိုတာတော့
သံလမ်းတွေလာရာလမ်းကို
မှန်းကြည့်ရုံပါပဲ။ ။



နွန်လတ်



....


မျဉ်း 

tylerblogs.com


ဖြတ်လျှောက်ရုံလေး
ဖြတ်လျှောက်ပါ
မနေ့က အမှည့်လွန်တဲ့သစ်သီးတွေ
ဒီနေ့  မြေသြဇာအဖြစ်
ဖြစ်ကောင်းပါရဲ့
မနက်ဖြန့်
ဟော့ဒီ သစ်သီးထဲက
သစ်စေ့ကလေး
အညွန့်တလူလူတက်လို့ ။  ။

        

ရိုးခက်
12.5.2016


…..

ကိုယ်ပိုင်ခံယူချက်

tylerblogs.com

လမင်းကိုလည်း အားမကျပါဘူး
ကြယ်တွေကိုလည်း အန်မတုပါဘူး

လင်းနေတဲ့ မီးလုံးတွေကိုလည်း
ပြိုင်ဘက်လို့ သဘောမထားဘူး

ပိုးစုန်းကြူးတကောင်လိုကိုယ်ပိုင်အလင်းနဲ့
ညကိုအလှဆင်ချင်ရုံ သက်သက်
ကမ္ဘာကြီးပေါ် မတ်တတ်ရပ်ခဲ့တယ်

လူခက်
Mon 6:42pm

 


 

Comments