သစ်ခက်သံလွင် ကဗျာစင်မြင့်၊ စမ်းစမ်းတင်၊ တည်ဘွားဦး၊ မင်းငြိမ်းအေး၊ နွန်လတ်

လွမ်းခွင့်


www.ianmasseyart.co.uk

လောကဓမ္မတာ

သေကွဲရှင်ကွဲ တကွဲကွဲနဲ့ ခွဲရမှာသိရက်

လွမ်းနာက ကျချင်သေး



ဒီကမ္ဘာမှာ ကျန်ရစ်သူနဲ့ ချန်ရစ်သူချည်း

ဆရာတာရာ…ဆရာပါ.. ဆရာဂျမ်း..ဆရာနတ်.. မမိုး…*

သူတို့ဟာချန်ရစ်သူတွေ

ကျန်သူတွေဟာ ကျန်ရစ်သူတွေ

ကျန်ရစ်သူတွေလည်း တနေ့ချန်ရစ်မှာ မလွဲ

ဒီကမ္ဘာထဲ… ဘယ်သူများ ထာရ၀လက်တွဲနိုင် ခင်တွယ်နိုင်ပါလိမ့်

ချန်ရစ်သူတွေကို ကျန်ရစ်သူ လွမ်းဘွဲ့သီ

ကွဲကွာခြင်းများအတွက် လွမ်းချင်းတော့ဖွဲ့ခွင့်ပေးစေချင်

လောကဓမ္မတာမင်း သခင်….


စမ်းစမ်းတင်
26.5.2016
*ဒဂုန်တာရာ။ ပါရဂူ။ တင်မိုး။ နတ်နွယ်။ မိုးမိုး-အင်းလျား

…..

ပန်းချီကား 
 
www.canvasmatch.com

ပန်းသီးကို

ဓားနဲ့ခွဲချလိုက်တိုင်း

သွေးတွေသာ

ပန်းထွက်နေတော့တာ ။ ။ 

တည်ဘွားဦး
...

အုတ်ဂူစာ

www.behance.net


ထူးအိမ်သင်က
ဝေးသွားတဲ့အခါ
လှသန်းက
ကဗျာတွေရှင်ချင်ရင်
ကဗျာဆရာတွေသေဖို့သာပြင်တော့
မင်းသုဝဏ်က
မောင်ခွေးနဲ့
ဖိုးမောင်ကိုထားခဲ့ပြီ
ကိုဌေးမြိုင်က
ငြိမ်းချမ်းရေး
မြသန်းတင့်က
ရှေ့မှာတလုံးစွက်ပြီး
စစ်ကိုဘာသာပြန်တယ်
မှိုင်းက ညီညတ်ရေးနဲ့
အသက်ရှည်ရှည် ခင်ခင်မင်မင်
သန်း(၅၀)ကျော်မှာ
စာမတတ်သူပပျောက်ရေးနဲ့
သေတာနဲ့
ရှင်တာဟာ
အသက်ရှုသံကို နားထောင်လို့မရဘူး
ငါ့အုတ်ဂူစာကို
ဒီလိုရေးထွင်းခဲ့ပါတယ် ။


မင်းငြိမ်းအေး
…..

တောင်စောင်းက သစ်တပင်

jemurphy3.wordpress.com


ရေတိုက်စားလို့
အမြစ်တွေလည်း ပေါ်နေပြီ

တောင်စောင်းမှာပေါက်ရလို့
အမြင်တွေလည်း စောင်းနေပြီ

သူဟာ တစုံတရာကိုပြောချင်နေပုံပဲ
ပြောလည်းပြောခဲ့ပါတယ်

အရွက်တွေချွေချပြီး ပြောခဲ့တယ်
အကိုင်းအချို့ကျိုးကျပြီးပြောပြတယ်
ဘယ်သူမှမကြားကြဘူး

'ဝုန်း'ခနဲပြိုလဲပြီးမပြောသ၍
ဘယ်သူမှမကြားခဲ့ကြဘူး။  ။

နွန်လတ်

Comments