သစ်ခက်သံလွင် ကဗျာစင်မြင့်၊ နေစိမ့်၊ စိုးခိုင်ညိန်း၊ ဟာရှိန်း(မင်းတပ်)


ခြေရာများ 

ink361.com

သူတို့လာတယ်
သူတို့ဖြစ်တယ်
ထားခဲ့ကြ…
ပြန်လှည့်မကြည့်ဘဲ ထားခဲ့ရမယ့်အရာတွေ
သိုးနေတဲ့ ကျွန်စော်နံပညာရေး သင်ရိုးတွေထားခဲ့
၏ သည် မရွေးတွေကိုထားခဲ့
နံပါတ်တွေ စီထားတဲ့ စာမေးပွဲတွေကိုထားခဲ့
Valentine နေ့ကို စီးကရက်ပြာလို ခါချထားခဲ့
မျက်ရည်စို့ မိဘရင်ခွင်ကို ထားခဲ့
ဟောဒီလက်ထဲမှာ ဆုတ်လို့
ခွပ်ဒေါင်းအလံတော် သွေးရဲရဲနဲ့
ဘေးလွယ်အိတ်ထဲ အနာဂတ်ကြီးတစ်ခုလုံးကို သိမ်းကျုံးထည့်
တည့်တည့်မေးထားတဲ့ မေးခွန်းတွေ
ကျစ်ကျစ်ပါအောင် ဆုတ်လို့
တွေ့လား…ဟောဒီလက်ထဲမှာ ဗလာ
အပ်တိုတစ်ချောင်းတောင် ယောင်လို့ ယူမလာဘူး
ရင်ဘတ်နဲ့အပြည့်…
အမိနိုင်ငံတော် ချစ်တဲ့ ချစ်ခြင်းမေတ္တာတွေ
အမျိုးသားကောင်းစိတ်ဓာတ် အလျှံအပယ်
စခဲ့တာက…
ဗိုလ်အောင်ကျော် ဒုန်းစိုင်းနှင်လာတဲ့ မြင်းခွာသံတွေနောက်မှာ
ဟုန်းဟုန်းတောက် ဟီးဟီးထ
ခေတ်အဆက်ဆက် ကျကျန်ခဲ့တဲ့ မျိုးစေ့တွေ
အလွတ်ကျက်မရတဲ့ အထက်တန်းစား မျိုးချစ်စိတ်နဲ့
ကြည့်ထား….
သူရဲကောင်းကို သူရဲကောင်းကိုယ်တိုင် မွေးဖွားရသလို
ကိုယ်ထူကိုယ်ထ လမ်းမတွေမှာ…။     ။

နေစိမ့်
20.12.2014


အရူးတို့ကမ္ဘာ ၃

www.notey.com

သူမက ဘာကိုမှ စိတ်မ၀င်စားဘူး၊ မပူပင်ဘူး
ဆီးရီးယားအကျပ်အတည်း ဒုက္ခသည်များအရေး
မြောက်ကိုးရီးယား နျူကလီးယားခြိမ်းခြောက်မှု
သွေးပျက်ဖွယ်အော်ဟစ်သံတွေကြားထဲ ဟားတိုက်ရယ်မောနေတယ်
အချိန်ကာလ နေရာဒေသ မြေပေါ်မှာပဲ အေးအေးဆေးဆေး
ကိုယ့်ဟာကိုယ်ဘာမှန်းမသိ၊ နာကျင်ရကောင်းမှန်းလည်း မသိ
ဘယ်ယောက်ျားတယောက်နဲ့မှန်း မသိတဲ့သူနဲ့ရတဲ့ကလေးကိုတော့ သိတယ်
"ဒါဟာ ငါ့သား ၊ ဒီနိုင်ငံတော်ကြီးနဲ့ရထားတဲ့ ငါ့သား
တနေ့ ငါ့သားလေး နိုင်ငံတော်သမ္မတကြီး ဖြစ်ရမယ်" တဲ့
အဲဒီလို တွေ့သမျှလူ လိုက်ပြောနေတယ်။ ။

စိုးခိုင်ညိန်း
1.4.2016)


မင်းတပ် - ၁၁
www.canadianabstractart.ca

အိမ်ရဲ့ပြူတင်းဝကနေ
ညင်ညင်သာသာလေး တိုးဝင်လာတဲ့တိမ်မျှင်တွေမှာ
ရိုးသားခြင်းရဲ့အေးမြမှုရနံ့ကိုရတယ်
လေအဝှေ့မှာ ထင်းရှုးရနံ့ရတယ်
အိမ်ရှေ့မှာ မြေသင်းနံ့တွေ ကခုန်လို့
မြင်လေရာ တောင်တန်းတွေဟာ အပြာရောင်မဟုတ်တော့ဘူး
တိမ်စိုင်တိမ်ထုတွေနဲ့ နေသားတကျ အဖြူရောင်နန်းတော်
ဒီအရပ်ဒီဒေသမှာ နေမင်းကြီးဟာ ကာလနဂါးတကောင်ပဲ
စွေစွေလေးရွာနေတဲ့မိုးဟာ ရပ်လို့မရတဲ့ရထားပဲ
ပိတ်လို့မရတဲ့ သံပတ်တခုပဲ
ပြီးရင်တော့......ချယ်ရီတွေ တောင်ဇလပ်တွေက
တစ်တောလုံး တတောင်လုံးကို သိမ်းပိုက်နေပါဦးမယ်။

ဟာရှိန်း(မင်းတပ်)




Comments