သစ်ခက်သံလွင် ကဗျာစင်မြင့်၊ စည်သူငြိမ်း၊ မောင်ဖူးဝေ(ထီလာ)၊ ဆောင်းယွန်းလ၊ လူခက်

ဗျိုင်းနဲ့ကြာပန်း 

 
www.etsy.com
 
ငွေရောင်တံစဉ်​​ကောက်ကမလှီးလိုက်ဘဲ
ကျောက်စိမ်းသားထဲ ပတ္တမြားပွင့်လာ
တဲနဲ့ပနံတင့်သွားရော ။ ။

စည်သူငြိမ်


စကားပုံတခု၌တွေ့ရှိခြင်း
 
blog.lisacall.com

(၁)

" မိုးပြိုအများ " တဲ့
မိုးပြိုမှာကြောက်
ခြေထောက်မိုးထောင်
တစ်တီတူးကောင်....မဟုတ် ။
" မိုးခါးရေသောက်" တဲ့
အားလုံးနဲ့တယောက်
ရောယောင်သောက်ခဲ့
အမတ်ကြောက်.....မဟုတ် ။
" ရေလိုက်ငါးလိုက်" တဲ့
ရေစီးကြောမှာ
မျောပါစုန်ဆင်း
ငါးဖျင်း.....မဟုတ် ။

(၂)

ဘယ်သူသေသေ
ကျုပ်နံမည်...." ငတေ " ။ ။

မောင်ဖူးဝေ(ထီလာ)
၂၆.၁၂.၈၈


တိမ်ငေးသူ (၂)

www.etsy.com

 စိတ်ကူးနဲ့
အိပ်မက်တွေထဲက လွဲရင်
တိမ်ဆိုတာ
အိမ်နဲ့ဝေးလွန်းတဲ့ကောင်းကင်ကမ္ဘာမှာ….
ကြည်ကြည်လင်လင် တိမ်တချို့နဲ့
တရင်းတနှီးမိတ်ဖွဲ့ဖို့
အိမ်ကခွာခဲ့တဲ့ အိမ်ပြေးဟာ
ဘယ်ကမ်းကိုမှမကပ်နိုင်သေးခဲ့….
ဒီလိုနဲ့..
အိမ်ပြေးဟာ
အဝေးမှာ သာတဲ့လနဲ့
အမြင့်မှာတောက်တဲ့တိမ်တွေကို
အဝေးက ကြည့်ငေးရင်း
တိမ်တွေနဲ့ဝေး အိမ်နဲ့ဝေးဖြစ်ခဲ့ရ….
တိမ်တွေနဲ့
တိမ်ငေးသူ့ရဲ့ကြားမှာ
မဆုံးတဲ့နှစ်တွေသာ ကမ္ဘာခြားသွားခဲ့….။

ဆောင်းယွန်းလ
မေ ၂၃၊၂၀၁၆


ကိုယ်ပိုင်ခံယူချက်

www.artbylt.com

လမင်းကိုလည်း အားမကျပါဘူး
ကြယ်တွေကိုလည်း အန်မတုပါဘူး

လင်းနေတဲ့ မီးလုံးတွေကိုလည်း
ပြိုင်ဘက်လို့ သဘောမထားဘူး

ပိုးစုန်းကြူးတကောင်လိုကိုယ်ပိုင်အလင်းနဲ့
ညကိုအလှဆင်ချင်ရုံ သက်သက်
ကမ္ဘာကြီးပေါ် မတ်တတ်ရပ်ခဲ့တယ်

လူခက်
18.5.2016
Mon 6:42pm

Comments