* ပုံ - နယူးယောက်မြို့ မော်ဒန်အနုပညာပြတိုက်နံရံပေါ်က စာ
ကမ္ဘာမှာငါတို့ရှိကြောင်း
လင်းနွေးအိမ်
(သစ်ခက်သံလွင်) ဇန်နဝါရီ ၁၊ ၂၀၂၆
နှစ်ထောင့်နှစ်ဆယ့်ငါးဟာ
အမှောင့်အဖျက်ကြားကပဲ
အရင်နှစ်တွေလို
ပြည်သူတွေဖြတ်သန်းခဲ့ကြတာ
ဒါ ... သမိုင်းပေါ့။
သားလိုနေတဲ့ တူမီးအတွက်
နားကပ်ဖြုတ်ပေးခဲ့တဲ့ စစ်ကိုင်းကအမေကိုလည်းမမေ့သလို
သေနတ်ဒဏ်ရာနဲ့သေခါနီးမေ့မြောနေတဲ့
သမီးအတွက်
မွေးနေ့ကိတ်ခွဲဆုတောင်းခဲ့တဲ့
ပျဉ်းမနားကမြသွဲ့သွဲ့ခိုင်ရဲ့အမေကိုလည်း မမေ့ကြဘူးထင်ပါရဲ့။
ဒီလိုပါပဲ
၈၈ မှာ အသက်ပေးသွားတဲ့
မဝင်းမော်ဦးကိုလဲ သတိရကြမယ်ထင်ပါရဲ့။
အဓမ္မမြေသိမ်းခံရတဲ့သူတွေ
ကိုယ့်ထမင်းကိုယ်စားပြီး လမ်းဖောက်အလုပ်ကြမ်းထဲလိုက်ခဲ့ရတဲ့သူတွေကို မမေ့သလို
သားလေး စစ်ထဲထည့်မှာကြောက်နေရတဲ့အမေတွေကိုလည်း မမေ့ခဲ့ကြပါဘူး။
အိမ်ဖျက်ခံလိုက်ရတဲ့သူတွေကိုမမေ့သလို
အိမ်ကနေပြေးခဲ့ရတဲ့သူတွေကိုလဲ မေ့မှာမဟုတ်ကြပါဘူး။
ပင်ပန်းနွမ်းနယ်နေတာသိပါရဲ့
ကျေးဇူးပြုပြီး ထိုင်မချလိုက်ပါနဲ့။
ဆက်လျှောက်ကြပါစို့
မျက်မှောက်ကမ္ဘာမှာ ငါတို့ကိုမသိတဲ့သူတွေ
နောင်တချိန်မှာ အံ့အားသင့်နေအောင်။
၁၂/၃၁/၂၀၂၅
* ပုံ - နယူးယောက်မြို့ မော်ဒန်အနုပညာပြတိုက်နံရံပါ်ကစာ

Comments
Post a Comment