ကိုဇော် (IT) - ‌ရောင်စဉ်မဲ့သက်တံ

Design- KZ
 
‌ရောင်စဉ်မဲ့သက်တံ
ကိုဇော် (IT)

(သစ်ခက်သံလွင်) ဒီဇင်ဘာ ၂၉၊ ၂၀၂၅


Laptop ပေါ်က တကြောင်းပြီး တကြောင်း မမောနိုင်မပန်းနိုင်ပြေးနေတဲ့ ကုဒ်တွေကို ကြည့်ရင်း ဘေးနားက ခွက်ကိုယူပြီး မော့လိုက်တယ်။ ခွက်ထဲကြည့်တော့ ကြည်လဲ့လဲ့အရောင်ပြေးအရည်လေးတွေ။ သွားပြီ။ ဟိုတယောက် ငါ့ကို အဆိပ်ခပ်သွားပြီ။ ဒီလောက်သတိထားနေတဲ့ကြားက သူဘယ်လိုများထည့်သွားသလဲ။ သတိတချက်ပျက်ရုံနဲ့ မျက်စိရှေ့တင်ခံလိုက်ရပြီ။ ဘေးနားမှာ တဟဲဟဲနဲ့ အသံကြားတော့ ကျုပ်ကို မော့ကြည့်နေတဲ့ ဂျက်ကီ။
ဟာ.. ဒီကောင်က တွေ့ကရာ သောက်တဲ့ကောင်။ ဒီကောင် ဒါကိုတွေ့လို့ မဖြစ်ဘူး။ ပေါက်တဲ့နဖူး မထူးတော့။ ခွက်ကုန်မော့ချလိုက်တယ်။ ဒါနဲ့နေပါအုံး။ ခွေးဆိုတဲ့ သတ္တဝါက လူကတခုခုချကျွေးရင်တောင် အနံ့ခံပြီး ကြိုက်မှ စားတတ်တာလေ။ ဒါကိုလည်း သူကြိုက်မှ၊ သူ့အတွက် အန္တရာယ်မရှိနိုင်ဘူးလို့ ယူဆမှ သောက်မှာ။ မဟုတ်ရင် အနံ့ခံပြီး ချာခနဲလှည့်ထွက်သွားတဲ့ကောင်။ လူတွေကတော့ သူများရှေ့ဆိုရင် ကျွေးသမျှ ဘာမှမစဉ်းစားဘဲ အားနာနာနဲ့ စားလိုက်ကြရတာပဲ မဟုတ်လား။ ဒါဆိုရင် တိရစ္ဆာန်တွေနဲ့ လူတွေ ဘယ်သူကသာလဲ။ လူတွေ ငှက်တွေလို ပျံတတ်သလား။ ငါးလောက် ရေကူးကောင်းသလား။ မြင်းလောက် အပြေးမြန်သလား။ ခွေးတွေလောက် အနံ့ခံကောင်းသလား။ ဒါဆို တိရစ္ဆာန်တွေက လူတွေထက် သာနေတဲ့ အချက်တွေအများကြီးရှိတာပဲ။ လူတွေကော ဘာတွေသာလဲ။
ရုတ်တရက် ခေါင်းထဲ စူးခနဲ။ မြင်ကွင်းက ရိပ်ခနဲ။ ဒါက ဘာလဲ။ နာကျင်မှုလား။ ဒုက္ခဝေဒနာလား။ နေပါအုံး။ ခုတလော ဒုက္ခပေါင်း၊ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ တချိန်လုံး ဒုက္ခရောက်နေခဲ့တာပဲလေ။ အခုမှ ဒါကို ဒုက္ခတဲ့လား။ ဒါပေမယ့် ပြီးခဲ့တဲ့ညက ဒီအခန်းထဲမှာပဲ သူငယ်ချင်းတွေနဲ့ ပျော်ပါး သောက်စားခဲ့သေးတယ်။ ဒါပြီးတော့ ဂိမ်းတွေတူတူဆော့ကြတယ်။ နောက်ဆုံး ဂစ်တာတွေတီး သီချင်းတွေအော်လို့ပေါ့။ ပျော်လို့ရွှင်လို့။ ဒါဆို ပျော်ရွှင်မှုဆိုတာကြီးကရော။ ပြီးခဲ့တဲ့ပြဿနာကြီးတခုနဲ့ နောက်ပေါ်မလာသေးတဲ့ ပြဿနာကြီးတခုရဲ့ ကြားမှာရှိတဲ့ အင်မတန်သေးငယ်တဲ့ အချိန်အပိုင်းအခြားလေးဟာ ပျော်ရွှင်မှုမဟုတ်လား။ ခုတော့ ဒီအချိန်လေးတွေမှာတောင် အပြည့်အဝမပျော်ဖြစ်ခဲ့တာကို တွေးပြီး ကိုယ့်ကိုယ်ကို သနားမိတယ်။ 
လည်ပင်းထဲက ပိုပိုကြပ်လာတယ်။ ဘာကညှစ်နေလဲမသိ။ ဆိုက်ရာနိုက်ကြောင့်လား။ ဒါတွေထားတော့။ အခု အချိန်အနည်းငယ်ရတုံး ဘာတွေလုပ်ချင်သေးလဲ။ စဉ်းစားမိမှ ဘာလို့ ငယ်ငယ်က လုပ်ချင်ခဲ့တာတွေကို မလုပ်ဖြစ်ခဲ့ရတာလဲ။ ဆရာကိုတာရဲ့ စာအုပ်တခုမှာ ဖတ်ဖူးတယ်။ လူတွေက အသက်ကြီးလာရင် ဘာလို့များ ဘောင်အပြင်ကိုထွက်ပြီး အရောင်မခြယ်ကြတော့တာလဲတဲ့။ ဘာလို့လဲ။ ဒီဘောင်အနားတွေကို ကျော်ပြီးခြယ်ရင် တယောက်ယောက်က တခုခုအပြစ်ပေးမှာမိုလို့လား။ ကိုယ်တိုင်ပဲ ဒီထဲကမထွက်ချင်တော့တာလား။ ဒါမှမဟုတ် ထွက်သွားမှာကိုပဲ ကြောက်နေခဲ့တာလား။ ငယ်ငယ်တည်းက ရှိဖူးခဲ့တဲ့ ဝါသနာတခု၊ ဒါမှမဟုတ် လုပ်ချင်တာတခုကိုလုပ်ဖို့ ဘယ်သူ့ကို ကျုပ်တို့ ဂရုစိုက်ရမှာလဲ။ ခင်ဗျား လုပ်စရာရှိတာထလုပ်လိုက်။ ခုထွက်ခြယ်လိုက်။ ခုချိန် ဘောင်အပြင် ထွက်ခြယ်လို့ ခင်ဗျားကို အမှတ်လျှော့မယ့်သူ မရှိဘူး။ တယောက်ယောက်က တခုခုလာပြောလဲ ဘာဖြစ်လဲ။ သတ္တိရှိရင် ငါ့လိုအပြင်ထွက်ခြယ်ရဲလားလို့ ပြန်မေးလိုက်။ 
သို့သော် ခင်ဗျားကိုယ်တိုင်က မအားသေးတာဆိုရင်တော့ ခင်ဗျားရဲ့ ရောင်စုံခဲတံလေးကို ခဏသိမ်းထားလိုက်။ အိပ်ကပ်ထဲဖြစ်ဖြစ်၊ သေတ္တာထဲဖြစ်ဖြစ် ဒါမှမဟုတ် ဒီထက် ပိုလုံခြုံတဲ့နေရာတခုခုမှာပဲဖြစ်ဖြစ် သေချာလေးထုပ်ပိုးပြီး သိမ်းထားလိုက်။ အားတဲ့တနေ့ ဒါကိုထုတ်ပြီး အရောင်ခြယ်ပေါ့။ လွှင့်မပစ်လိုက်နဲ့။ မပျောက်စေနဲ့။ ဒါအရေးကြီးတယ်။
ဒီထပ်ပို အရေးကြီးတာကတော့ ကျုပ်ပေါ့။ အရင်က ကျုပ်တွေးဖူးတာက လူတယောက် အသက်မထွက်ခင် တယောက်ယောက်ကလာပြီး ပရိုမိုးရှင်း ဆင်းမယ်ထင်ခဲ့တာ။ ဒီလိုနှစ်သစ်ကူးကာလမျိုးမှာဆို အထူးလျှော့ဈေးနဲ့ ဒီထပ်ပိုပြီး လျောလျောရှူရှူညင်ညင်သာသာဖြစ်မယ်၊ ဘာညာပေါ့။ အခုတော့ ကျုပ်အနားတယောက်မှမရှိကြဘူး။ 
ဂျက်ကီပါမရှိတော့တာ။ 
 ပြောရင်းဆိုရင်း ကျုပ်သွားရမယ့် ခရီးစဉ်အကြောင်း Trip Plan ထွက်လာပြီ။ "အနက်ရှိုင်းဆုံးဆိုတဲ့နေရာထက် လက်မအနည်းငယ်ပိုနက်တဲ့ တွင်းနက်ကြီးထဲ တနာရီ ကီလိုမီတာ လေးငါးရာလောက်နဲ့ ဝရုန်းသုန်းကားကျဖို့ စက္ကန့်အနည်းငယ်အလို" တဲ့။ 

ကိုဇော် (IT)

ဒီဇင်ဘာ ၁၈၊ ၂၀၂၅။




Comments