ပြတ်ကျခဲဲ့သော သက္ကရာဇ်များ
မိုးမြင့်ယံ
(သစ်ခက်သံလွင်) ဇန်နဝါရီ ၂၀၊ ၂၀၂၆
ခပ်ဝေးဝေးမှ လင်းကြက်တွန်သံနှင့် အတူတကွ ရွာဦးထိပ် ဘုန်တော်ကြီးကျောင်းမှ အုန်းမောင်းခေါက်သံသဲ့သဲ့သည် တညလုံး ကြက်အိပ်ကြက်နိုးဖြစ်နေသော ကျွန်တော့် နားစည်သို့ တွန်းတိုက်ထိုးခွင်းဝင်ရောက်လာပေသည် ။
နံဘေးရှိ ဘတ္ထရီညှပ်ကလစ်လေးအား ချိတ်လိုက်တဲ့ ခဏ ကျွန်တော့် နေရာလေးတဝိုက်သို့ အလင်း ရောင်ပျပျလေးတစ ဖြာကျလာလေပြီ ၊ အိပ်ရာထက်မှ ဖြေးညင်းစွာထရင်း ကိုယ်လက်သန့်စင်ခြင်းအမှုကိုပြုပြီးသကာလ ကျွန်တော်သည် တံခါးရွက်တို့အား တွန်းဖွင့်ကာ တကိုယ်ရေ နေထိုင်ရာ ခြံဝန်းကျဥ်းကျဥ်းလေးသို့ ဆင်းလာခဲ့မိသည် ။
မြူတို့သည် ဝေ့သီလွန့်လူးစွာဖြင့် အရုဏ်တံခါးကို ပိတ်ကာဆီးထားနေတုန်းပင်ရှိသည်လေ ။ ခြံထဲရှိရွက်ခြောက်ကြွေများအား တံမြက်စည်းလှဲရင်း စုပုံကာ မီးရှို့ထားခဲ့ပြီး ကျွန်တော့်ရဲ့ ဝပ်ကျင်းလေးသို့ ပြန်တက်ကာ ကော်ဖီတခွက်ကို ဖျော်၍ ဆေးပါ့လိပ်တလိပ်အားမီးညှိရှိုက်ဖွာရင်း နံရံသို့ မျက်နှာမူကြည့်မိတော့ ရွက်စုတ်ပြက္ခဒိန်ပေါ်၌ Jan 13 ဂဏန်းသည်တည်နေတုန်း ထိုစာရွက်လေးအားလက်လှမ်းဆွဲဖြုတ်လိုက်တော့ ယနေ့ Jan 14 ရက်နေ့ စာမျက်နှာလေးပေါ်လာပေသည်။
အတိတ်တို့သည် မြူမှုန်တွေကဲ့သို့ ဝေ့သီလွန့်လူးစွာ အနားသို့ ပုံရိပ်တချို့အား သယ်ယူဆောင်ကြဥ်း လာပြန်ပေသည် ။
တမြန်နှစ် စာမူကိစ္စလေးတခုဖြင့် မြို့တက်ဖြစ်တော့ သူမတို့မြို့မှ ကျွန်တော်နှင့် မျက်မှန်းတန်းမိသော သစ်သီးကုန်သည်တယောက် နှင့် အမှတ်မထင်ဆုံမိဖြစ်ကြသည်။
ဟေ့လူ " ခင်ဗျား ကိုမိုး မဟုတ်လား? " လို့ ထိုသူနှုတ်ဆက်မှ သေချာပြန်ကြည့်စဥ်းစားရင်း ကျွန်တော် သူမတို့နယ်မှာနေစဥ်တုန်းက ဆုံဖူးကြသည်ကို စိတ်မှတ်ရမိသည်။ ထို့ကြောင့် " ဟုတ်ပါတယ် ခင်ဗျားရော အရောင်းအဝယ်တွေအဆင်ပြေရဲ့လား ၊ မိသားစုတွေရောနေကောင်းကျန်းမာပါစ " လို့ ကျွန်တော် မေးပြောပြောမိသည် ။
ထိုအခါ ထိုသူက မဆိုင်းမတွပင် " ဟုတ်ကဲ့ ကျွန်တော်တို့ မိသားစုတွေလည်းနေကောင်းပါတယ် ပြီးတော့ ခင်ဗျားပြန်မလာဖြစ်တဲ့နှစ်ကပဲ ခင်ဗျားအမျိုးသမီးလည်း ကျွန်တော်တို့ နယ်ဘက်မှာ အလုပ် လာလုပ်တဲ့ သစ်ကုန်သည်တယောက်နဲ့ အိမ်ထောင်ပြုပြီး ခုဆို သားလေးတယောက် နဲ့ သမီးလေးတယောက်တောင်ရနေပြီ ခင်ဗျားအမျိုးသမီးလည်း ခု အဆင်ပြေနေတယ်ဗျ နောက်ယူတဲ့သူက သစ်ကုန်သည်ဆိုတော့ ငွေဝင်ကြမ်းတာပေါ့ဗျာ ဟားးးး " ထိုသူက အမေးစကားကို ကရားရေလွှတ် တရစပ်ပြန်ဖြေရင်း ဘာကို သဘောကျသည်မသိ ရီနေပြန်သည် ။
ကွန်တော်လည်း " အေးပါဗျာ ကျွန်တော် အလုပ်ကိစ္စလေးရှိသေးလို့ သွားလိုက်ပါဦးမယ် " ဟု စကားဖြတ်၍ ထိုသူအားကျောခိုင်းကာ လှည့်ထွက်လာခဲ့လိုက်ပေသည် ။
အတွေးစတို့ကိုဖြတ်ရင်း ကော်ဖီအား တငုံငုံလိုက်သောအခါ ဆောင်းမနက်ခင်းမို့ ကော်ဖီတို့ပင် အေးစက်စပြုနေပေပြီ ၊ ဆေးပေါ့လိပ်တိုအား မီးညှိရှိုက်ဖွာရင်း ရွက်စုတ်ပြက္ခဒိန်လေးအား ပြန်ကြည့်မိတော့ Jan 14 ရက်ဂဏန်းလေးသည် မီးရောင်မှိန်ပျပျအောက်မှာ ထင်ထင်ရှားရှား။
သြော် အချိန်မြစ်ကြီးတစင်း၏ တိုက်စားမှုအောက်၌ သက္ကရာဇ်တို့သည် ဆယ့်ငါးနှစ်တင်းတင်းသို့တိုင်ခဲ့လေပြီ ကျွန်တော် ဒီရွာလေးကိုစတင်ပြေးပုန်းခိုဝင်ခဲ့တာကလည်း ဆယ့်ငါးနှစ်တိတိ သူမ နဲ့ ဝေးလွင့်ကွဲကွာခဲ့ရတာလည်း ဆယ့်ငါးနှစ်တိတိ ၊ အတူတကွပေါင်းသင်းနေထိုင်ဖို့ပဲဖြစ်ဖြစ် ဝေးလွင့်ခွဲခွာဖို့ပဲ ဖြစ်ဖြစ် စက္ကူစတခုပေါ်က လက်မှတ်တွေက တကယ်ကို အကြုံးမဝင်ခဲ့မှန်း ကျွန်တော်သိခဲ့ရပါပြီလေ ။
ချစ်ခြင်းအပေါ်ရိုသားဖြူစင်စွာ သစ္စာစောင့်သိခဲ့ခြင်းအတွက်တော့ ကျွန်တော်ဟာ ယနေ့ချိန်ထိ နောင်တကင်းစွာ လိပ်ပြာလုံနေစဲပါပဲ သို့သော် နောက်ကျောကို စိုက်ဝင်ခဲ့ဖူးတဲ့ ဓားဒဏ်ရာတွေရဲ့ နာကျင်မှုကိုတော့ တသက်လုံးလျှိုဝှက်သိမ်းဆည်းကာဖြင့် အဘယ်သူကိုမှ ပြောပြဖြစ်မိတော့မှာမဟုတ်ပါ ။
ဒဏ်ရာအနာတရတွေနဲ့ တကိုယ်တော်နိုးထလာရတိုင်း သူမ မိသားစုဘဝလေးနဲ့ပြည့်စုံလုံခြုံနေတာကို မုဒိတာပွားရင်းနဲ့သာ ကြည်နူးဝမ်းမြောက် နေမိရပါတယ်လေ ။
ချစ်ခြင်းမေတ္တာများဖြင့်
မိုးမြင့်ယံ

Comments
Post a Comment