မေလင်းနောင် - နွေ၏မြောက်ဘက်လမ်းသွယ်


Art- KT#

နွေ၏မြောက်ဘက်လမ်းသွယ်
မေလင်းနောင်
(သစ်ခက်သံလွင်) ဇန်နဝါရီ ၁၄၊ ၂၀၂၆


ကျွန်တော်တို့ကို
တိုက်လေယာဉ်နဲ့ ဗုံးကြဲခံရတုန်းက
ကျွန်တော်တို့ အသံတိတ်နေကြတယ်။

တစ်ယောက်ကိုတစ်ယောက် 
ဒီအကြောင်းတွေ ဘယ်သူမှမသိစေနဲ့လို့
သတိမပေးခဲ့ကြဘူး လက်မတို့ခဲ့ကြဘူး
ငါတို့နှုတ်လုံမှ ငါတို့အသံမထွက်မှ
သူတို့လုပ်ရပ်ရဲ့ အရှုံးအမြတ်ကို သူတို့တွက်ရခက်မှာဆိုတာ အလိုလိုသိနေတယ်။

ငါတို့အတွက်
တရားမျှတခြင်းရစေရမယ်ဆိုပြီး
အမှန်တရားမြတ်နိုးတဲ့ ကီးဘုတ်ဖိုက်တာတွေက
ဝိုင်းအော်ပေးကြည့်ပါလား
သူတို့စေတနာနဲ့ ငါတို့ပြာဖြစ်ခဲ့ရမှာ ကြာပြီပေါ့။

ညည
လက်နက်ကြီးကျည် အတွဲလိုက်အတွဲလိုက်
မီးအမှောင်ချ သိစိတ်နဲ့ဦးနှောက်ကိုကျောချင်းကပ် 
ငါးပိသိပ် ငါးချဉ်သိပ် 
ဖိနှိပ်ချိပ်ပိတ်ဝပ်တွားထားရတဲ့ညတွေမှာ
ရင်ကွဲပြီး အရေခွံသာ ကျန်ခဲ့ရတဲ့ 
ဟောင်းလောင်းပွင့် ပုစဉ်းရင်ကွဲလေးတွေလို 
ငါတို့ဟာ 
ငါတို့အထိအရှတွေနဲ့ တိတ်တဆိတ်။

သူ့မီးကို ငြှိမ်းနိုင်ဖို့နေနေသာသာ
ငါ့ကိုယ်နဲ့ငါ့မီးမှာလည်း မီးသွေးမှ ရဲလို့
မင်းလည်း ဒီငရဲ ငါလည်း ဒီငရဲ
ဘာများမျှော်လင့်ချင်သေးလို့လဲ
ငါတို့မှာ ပြာပူနိုင်ငံတော်အမှတ်တံဆိပ်ဟာ မွေးရာပါ။

ဘာပဲဖြစ်ဖြစ် 
ဘယ်လေ ဘယ်လိုနှင်ပါစေ
ငါတို့စုဖွဲ့မိတဲ့ တစ်နေရာရာကနေ သဲသဲမဲမဲ ရွာပြခွင့်ရှိပြီးသား
ချစ်သူတွေချင်း သတ်လို့မသေအောင်
ရန်သူတွေက သတ်လို့မရအောင်
ငါဟာ နေထိုင်ရှင်သန်တတ်ရမယ် မဟုတ်လား။

လုံးဝကျရှုံးလို့မရဘူး
ဘယ်သူပို့သတဲ့မေတ္တာကြောင့်ဖြစ်ဖြစ်
ဘယ်သူ့ မတော်မတည့်မှုနဲ့ဖြစ်ဖြစ်
ပင်လယ်ကနေ မဖောက်ထွက်ဘဲ
နစ်မြုပ်မသွားအောင်နေဖို့ဆိုတာ 
ငါတို့မွေးဖွားလာတဲ့ သက္ကရာဇ်တွေရဲ့ ပေးထားချက်ပဲ
ဆက်ပြီးချီတက်ကြစို့ရဲ့။ ။ 

Comments