ပြာဖြစ်သွားတဲ့ တိမ်တွေ
နွေညို
(သစ်ခက်သံလွင်) မတ် ၉၊ ၂၀၂၅
သစ်ပင်တွေ ကောင်းကင်ကို
မော့ကြည့်တယ်
တိမ်တွေဟာ ညို့လို့
ကမ္ဘာကြီး
အထားအသို မှားနေတယ်
သဘာဝ တရားက
လုံးဝန်းတဲ့သဏ္ဍာန်နဲ့
လူတွေဟာ
ထောင့်ကျကျဘောင်ခတ်ခြင်းတွေနဲ့
မသိခြင်းယန္တရာယ်မှာ
မြေဇာပင်တွေ
မျက်ရည်စို့တယ်
ရွာပျောက်သွားတဲ့ နေ့ရက်များ
ငတ်မွတ်ခေါင်းပါးတဲ့ စိတ်တွေနဲ့
လူဟာ လူလိုမသိတဲ့ ခေတ်ထဲ
အခြေအနေ မဲ့ခြင်းများ
ငိုကျွေးခြင်းများ
အော်သံများ
နာကျင်ကြေကွဲမှုကိုယ်စီ
သူရူးတစ်ယောက်နဲ့
လူတစ်စု
သူယုတ်တစ်ယောက်နဲ့
လူမိုက်များစွာ
ကမ္ဘာကြီးဟာ နေသာထိုင်သာ
သစ်ပင်တွေ
ကောင်းကင်ကို မော့ကြည့်တယ်
ကလေးတွေက ခေါင်းကိုမော့လို့
စိတ်တွေ နာကြ ငိုယိုကြ
ဘာမှန်းမသိတဲ့ အရွယ်တွေ
ဘာမှန်းမသိ ပုန်းခိုရတဲ့ နေ့စွဲများ
တလူလူတက်နေတဲ့ အပူလုံးများ
မီးခိုးငွေ့တွေ ထိုးထိုးထောင်ထောင်
တိမ်တွေဟာ
မိုးရေအဖြစ် မပြောင်းနိုင်
ဆို့ဆို့နေတဲ့ အပူလုံးတွေ
မဲ့နေတဲ့ အနာဂတ်ထဲ
တိမ်တွေ အပြာရောင်သမ်းဖို့
ခက်လို့ နေတော့တယ် ။ ။
25.1.2025
Comments
Post a Comment