တို့ရွာဘေးက အုတ်ဂူလေး
နွေညို
(သစ်ခက်သံလွင်) မတ် ၂၈၊ ၂၀၂၅
သားရေ ...
နွားတစ်ကောင်
မြက်တစ်ထုံး
လယ်ယာ စိုက်ပျိုးရေး
မင်း လှည့်မကြည့်ခဲ့
သားရေ ...
တနေထွက် တနေဝင်
လက်ထဲက ဖုန်းတစ်လုံးနဲ့
မင်း စုံးစုံးမြုပ်ခဲ့
သားရေ ...
နားတစ်ဖက် က နားကွင်း
လက်မောင်းမှာ ထိုးကွင်း
မင်းတို့ရဲ့ခေတ်စနစ် ဘာလဲ
ရင်လေးခဲ့ရ
သားရေ ...
အချိန်တန် အရွယ်ရောက်သမို့
လွတ်လပ်စွာ ပျံသန်းချင်စိတ်
မင်းတို့အတိတ် မင်းတိုနိမိတ်
မင်းတို့အရိပ်တွေ
ခုတော့ ...
သားရေ ...
သားကို အဖေ အလေးပြု
နှလုံးနုနုမှာ သန္ဓေတည်
လူငယ်သည် တိုင်းပြည့်အား
သားသိတယ်လို့ မထင်မိတဲ့
အဖေ့အမှား
နောက်ကျ ခဲ့ပြီ
သားရေ ...
ပြည့်ဝန်ကိုထမ်း
ပြည်လမ်းသာဖို့
ဒီနွေဦးမှာ ဒါ့မှ ငါ့သားကြီးကွလို့
တကြော်ကြော်အော်ဟစ်
ရင်နင့်ရတယ်လေ
သားရေ ...
မထင်မှတ်တဲ့အချိုးအကွေ့
သားတို့ရဲ့တက်လမ်း
သားတို့ ကိုယ်တိုင်ထမ်းလို့
အဖေ ယုံကြည်မှုမရှိခဲ့တဲ့ သား
တော်လှန်းရေးအတွက်
အားတစ်ခုဖြစ်ခဲ့
ခေတ်လူငယ်တွေရဲ့
စိတ်ဓာတ် မြင့်မြတ်ခဲ့
သားရေ ...
အမှတ်မထင် ဖြစ်တည်မှုထဲ
အဖေ လေးစားဂုဏ်ယူမဆုံးပေါ့
အောင်ပွဲရတဲ့နေ့
အပြုံးနဲ့ ပြန်လာမဲ့သား
အောင်သပြေနဲ့ ကြိုဖို့
အဖေ့မှာ အားတွေတိုးလို့
သားရေ ...
နွေရောက်ပြီလေ
ဒီနွေဦးဟာ ပူလောင်လွန်းပါရဲ့
ရွာစပ်က ပင်ကုက္ကိုကြီးက
နွမ်းလျလျနဲ့
ပန်းအလှတွေ ချွေကာချလို့
မော်ကွန်းတင် သမိုင်းလှသူတို့
နီရင့်ရင့်ပိတ်သား ဆီက
အဖြူရောင် ကြယ်တစ်ပွင့်
တောက်ပလွန်းပါရဲ့
သားရေ ...
ရွာနဘေးက
နီရင့်ရင့် သားအုတ်ဂူ
အဖေ အလေးပြု
ဒါမှ ငါ့သားကွ
အဖေကြွေးကြော်
အော် ခုတော့
ခုတော့
တို့ရွာနဘေးက အုတ်ဂူလေး
သမိုင်း တင်ရစ်ခဲ့ပြီလေ ။ ။
20.3.2025
*** ကျဆုံးရဲဘော်များသို့ အလေးနီးပြုလျက်
Comments
Post a Comment