ရှေ့မီနောက်မီ မိုးကောင်းကင်
ကြံထူး
(သစ်ခက်သံလွင်) မတ် ၂၇၊ ၂၀၂၅
မနေ့က မိုးတိမ်တွေရဲ့
ကန္တာရကောက်ကြောင်းကို
ခေါင်းလောင်းသံထဲ သိုဝှက်
ဝတ်လက်စ ကျောင်းအိုပျက်ထဲ
သိမ်းထားလိုက်တယ်။
ဆည်းလည်းသံတွေဖုန်တက်
ကွဲအက်အက် မနက်ခင်းထဲ
လေညှင်းတွေသာ ငြိစွန်းမလာခဲ့ရင်
မြောက်ကျွန်းသူတို့ရွာဟာ
တိတ်ဆိတ်ငြိမ်သက်နေရောပေါ့။
ကောင်းကင်ကြီးရဲ့
အညမည သင်ခန်းစာတွေကြား
ဒီကနေ့ရဲ့ တိမ်တိုက်တွေက
ဟောတစ်ပွင့် ဟောတစ်ပွင့်
စီရရီပွင့်လို့။
တစ်ခါတစ်ရံ
ကျေးငှက်တို့ ဂီတတွေ
တစ်ခါတစ်ရံ
ကြယ်တာရာ ကကြိုးတွေ
တစ်ခါတစ်ရံ
နေ့နဲ့ညကြား ပဋိပက္ခတွေ
တစ်ခါတစ်ရံ
ပုစဉ်းရင်ကွဲတွေရဲ့ စိတ်အချဉ်ပေါက်မှုတွေ
ဒီလို သင်ရိုးညွှန်းတမ်းတွေကြား
မနက်ဖြန်များရဲ့ တိမ်တိုက်တွေလည်း
ကြေကွဲနေရဦးမယ်ထင်ရဲ့။
ကောင်းကင်ကြီးကတော့
မှော်ဝင်ဆေးပြင်းလိပ်ကို
တစ်ရှိုက်ပြီးတစ်ရှိုက်ဖွာထုတ်
တိမ်တွေ တစ်အုပ်ပြီးတစ်အုပ်
ရိုက်ထုတ်နေဦးမှာပေါ့။
Comments
Post a Comment