ဧဏီမင်း - ဒိဋ္ဌိကဗျာ

Art by S K B
ဒိဋ္ဌိကဗျာ 
ဧဏီမင်း
(သစ်ခက်သံလွင်) မတ် ၂၄၊ ၂၀၂၅

ရွှေပုံကြီးပြပြ ဂုဏ်ယူနေရပေမဲ့ 
ကျနော်တို့က ကျောမွဲတွေပါ 

 တဝမ်းတခါး လှ ဖို့ထက် 
ဗိုက်ဝ ဖို့တောင် 
ကမ္ဘာပတ်ပြီး ကျွန်ခံနေရတာ 
ဘေးအိမ်တွေကတောင် 
ကျနော်တို့ကိုတွေ့ရင် နှာခေါင်း ရှုံ့တယ် 

ပြန်ရေတွက်ကြည့်ရင် 
ကိုယ့်နာမည်အမှန်ကို ဖွင့်မပြောရဲတဲ့ ရက်တွေ အများကြီး 
တွေးမိတိုင်း ရင်နာရတယ် 

ဂျင်နရေးရှင်းအဆက်ဆက် ရွှေအချ မှားခဲ့တော့ 
လူငယ်တွေ ဗွက်ထနေရတာ မဆန်းတော့ပါဘူး  
ပြတင်းပေါက်က ပြူကြည့်တိုင်း 
ခေါင်းကို အသေပဲ ခေါက်ပစ်ကြတာ 
ကျနော်တို့ကန်းသွားတာ ဆန်းသလားဗျာ 

ကမ္ဘာကြည့် ကြည့်မြင်ဖို့ထက် 
ကိုယ့်အိမ်ကို မထိသရွေ့ အသံတိတ်နေဖို့အသင်ခံခဲ့ရတာလေ 
ကျနော်တို့ တုံးသွားတာ ဆန်းသလားဗျာ 

"ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်" စကားပုံဆိုတာထက် 
ဒါတွေက လူငယ်တို့ရဲ့လက်တွေ့ဘဝတွေ

ကျေးဇူးပြုပြီး
နိဗ္ဗာန်စကားတွေ ခဏနား 
လူငယ့်တံခါးတွေ အားလုံးဖွင့်ပေးထား
ကျနော်တို့လူငယ်တွေအနာဂတ်တံခါးတွေ ဖွင့်ပေးထား .....

Comments