ငြိမ်းပြေ
(သစ်ခက်သံလွင်) မတ် ၁၀၊ ၂၀၂၅
မီးခြစ် မင်းယူသွားတာလားလို့ မေးဖြစ်တဲ့အခါတိုင်း လက်ကြားညှပ်ထားတဲ့ ဆေးပေါ့လိပ်ကို လက်ထဲဆုပ်ထားတဲ့ မီးခြစ်နဲ့တို့ရင်း ပြန်အဖြေပေးတတ်တာ သူ့အကျင့်လားမသိ ။ မင်းမီးခြစ်ရောလို့ မေးတဲ့အခါ အပေါ်မှာကျန်ခဲ့လို့ လို့ မပွင့်တပွင့်ပြုံးရင်းက ဖြေတယ် ။ ပြီးတာနဲ့ သူ့လက်တဘက်က ကြည့်လက်စ ဒါမှမဟုတ် ဆော့လက်စ ဂိမ်းကိုဆက်ကြည့်ဆက်ဆော့နေတော့
အသိမှတ်မဲ့ ဖွာထုတ်လိုက်တဲ့ မီးခိုးငွေ့တွေက အခန်းထဲမှာ ဝေ့ပျံ့လို့ နေတယ် ။ တယောက်ထဲ နေရတဲ့ ခံစားမှုက သိပ်မထူးဆန်းနေပေမယ့် ခုလိုအခါမျိုးမှာ စကားပြောဖို့ လူတယောက်လောက်ရှိရင် ကောင်းမှာလို့ တွေးမိတယ် ။ ဟိုး အရင့်အရင်က တရပ်တပါး နေနေရတဲ့အခါ အခန်းထဲမှာ တယောက်ထဲ စကားပြောမိတတ်တယ် ။ စိတ်လွတ်လက်လွတ်နဲ့ အိမ်ကို သတိရမိတဲ့အကြောင်း ပြောနေမိရင် တဘက်ခန်းက တရုတ်မကြီးက တံခါးလာခေါက်တော့တာပဲ ။ ပြီးရင် နင်ဘာတွေပြောနေတာလဲ မေးတော့တာပါပဲ ။ မောင်နှမလို သူငယ်ချင်းလို ဖြစ်တဲ့ လုပ်ဖော်ကိုင်ဘက်ဆိုတော့လဲ ငါ အိမ်ကို သတိရလို့ပါဟာ လို့ မရှက်မကြောက် ပြန်ဖြေလိုက်မိတာပါပဲ ။ အဲဒီအခါ မရီပဲနဲ့ နင်တို့က အဝေးကြီးကလာရတာ ငါ ကိုယ်ချင်းစာပါတယ်လို့ အမြဲပြန်ပြောတတ်သူမို့လဲ ပြောပြဖြစ်နေမိတာ နေမှာပါ ။
သိပ်မကြာသေးခင် လပိုင်းလောက်ကမှ ဒီလို စကားပြောဖို့ အခွင့်အရေးက ပြန်ရလာခဲ့တယ် ဆိုပါစို့ ။ သူရောက်လာတဲ့အချိန်က အဝေးပြေးကားတွေဆိုက်ချိန် မနက်စောစော ဝေလီဝေလင်း ။ လက်ဆွဲအိတ်လေးတလုံးနဲ့ ဘေးသိုင်းလွယ်လို့ရတဲ့ အိတ်လေးကို လွယ်လို့ ကျနော် အိမ်ရှေ့ကို အမှိုက်လှဲ ရေဖျန်းနေချိန်မှာ သူရောက်လာခဲ့တာပါ ။ လုပ်လက်စတွေ လက်စသတ်ပြီး လာကွာ လဘက်ရည်ဆိုင် သွားကြရအောင်လို့ ပြောပြီး နှစ်ယောက်သား ထိုင်ဖြစ်ခဲ့ကြတယ် ။ စားရင်းသောက်ရင်း သူ့အကြောင်း သူ့ဘက်ကအမျိုးတွေအကြောင်း မေးမိပြန်တော့လဲ ဟက်ဟက်ပက်ပက် မပြောချင်တဲ့ပုံမို့ စားပြီးတာနဲ့ ပိုက်ဆံရှင်းပြီး အိမ်ကိုပြန်လာခဲ့ကြတယ် ။
အိမ်မှာနေနေတဲ့အချိန်တွေမှာ တခါတလေ စိတ်လိုလက်ရနဲ့ ဈေးဆိုင်ကောင်တာစားပွဲမှာ ထိုင်တတ်တယ်။ မင်းအဒေါ်ဆိုင်ဘက်ကို ကူကြည့်ပေး၊ သူက အားလုံးစားဖို့ချက်ရပြုတ်ရတော့ သူ့ဆိုင်ဘက်က လူစောင့်လိုတာလို့ ပြောမိတိုင်းလဲ ဘာမှမသိ မကြားတဲ့သူလို အရိပ်မဲ့အရောင်မဲ့ ကျနော့ကိုပြန်ကြည့်နေတာကလွဲရင် များသောအားဖြင့် အပေါ်ထပ် သူ့ကုတင်မှာ ဖုံးကြည့်/ဂိမ်းဆော့နေတာက များပါတယ် ။ သူဘာကိုများ စိတ်ဝင်တစားရှိလဲ လို့ ကျနော်စိတ်ဝင်စားလာတာနဲ့အမျှ သူစိတ်ဝင်စားလောက်မယ့် လမ်းကြောင်းတွေဆီ မရောက်ရောက်အောင်စကားခေါ်ပြီး ပြောပေးကြည့်မိတယ်။ ဘာရယ်လို့ တိတိပပအဖြေမရတဲ့အခါ သင့်တော်မယ်ထင်ရတဲ့ လမ်းကြောင်းတခုပေါ် တွန်းတင်ပေးဖို့ စိတ်ကူးမိတော့တာပေါ့ ။
ဒီလိုနဲ့အကြောင်းကိစ္စတခုနဲ့ သူနေခဲ့တဲ့မြို့ကြီးကို ပြန်ရောက်လာဖြစ်တယ်ဆိုပါတော့။ ကျနော်စိတ်ကူးရှိခဲ့တာကို အကောင်အထည်ဖော်ဖို့ ငယ်သူငယ်ချင်းနဲ့တိုင်ပင်ပြီး သူ့ကိစ္စကိုသေသေချာချာ ပြောပြအကူညီတောင်း တော့ သူငယ်ချင်းက ကူညီမယ့်အကြောင်း သေသေချာချာအာမခံပါတယ်။ ဒီအကြောင်းကပဲ သူ့ကိုကျနော်နဲ့ အဝေးဆုံးကိုရောက်သွားစေဖို့အတွက် ဖြစ်လာစေခဲ့မယ်လို့ ကျနော်မသိခဲ့မိပါဘူး ။
အိပ်မပျော်တော့မယ်အတူတူ လမ်းထလျှောက်တာ ကောင်းပါတယ်လို့ တွေးရင်း တံတားဘက်ကို လျှောက်ဖို့ ဖိနပ်စီးတယ် ။အေးစက်စက် ဆောင်းလေတွေက မသိမသာ တိုက်နေတုန်းမို့ အင်္ကျီဇစ်ကို လည်ပင်းခြေထိရောက်အောင် တင်းတင်းစေ့ပြီး တံတားဘက်ကို ထွက်ခဲ့တယ်။ တံတားပေါ်ရောက်တော့ နှင်းတွေက မှုန်လို့ ။ လမ်းလျောက်ရင်း တံတားပေါ်မှာ ထွန်းထားတဲ့မီးတိုင်တွေ ငြိမ်းတော့ မင်းထားသွားတဲ့အခန်းလေးမှောင်နေမလားလို့ တွေးမိသေးတယ်။
ဘာမှ သဲသဲကွဲကွဲ မမြင်ရသလို ဘယ်ဆီကိုဆက်သွယ်ရမှန်းမသိတဲ့ဘဝကြီးကို စိတ်ကုန်လိုက်တာကွာ။ အပင်က ကြွေကျသွားတဲ့ ရော်ရွက်ဝါတွေကို ဘယ်လိုမှ မတုန့်ပြန်နိုင်တဲ့အပင်ကြီးက ကြည့်နေရသလိုမျိုးပေါ့ ၊ အခံရခက်လိုက်တာ ဆိုတာ ။
အင်္ဂလိပ်စကားတခွန်း ကြားဘူးတာ သဘောကျလို့ မှတ်ထားတာရှိတယ် ။
အတိတ် ဆိုတာ အပင်ဖြစ်လာနိုင်တဲ့အမြစ်တဲ့...
မင်းနဲ့ဆက်စပ်ခဲ့သမျှတွေကို အမြစ်မတွယ် တွယ်လာအောင် ကြီးထွားလာအောင် တယုတယမွေးမြူနေမိတဲ့အဖြစ်တွေကို ဘယ်သူမှ မသိနိုင်လောက်ဘူး။ အဲဒီညက ဘုရားသခင်ဟာ အိပ်မောကျနေခဲ့သလား။ ရုပ်ရှင်ဇာတ်ကားတွေထဲကလို ပန်းအိုးဟာလဲ ကျ မကွဲခဲ့ဘူး။ ညက အကောင်းပကတိရှိနေခဲ့တဲ့ မင်းက မနက်စော စောမှာ ထပ်တွေ့နိုင်စရာအကြောင်းမရှိနိုင်တောတဲ့ အရပ်ဆီမှာဆိုတာကို ဘယ်လိုစိတ်နဲ့မှ လက်ခံနားလည်ပေးလို့ မရနိုင်တာကိုလဲ စဉ်းစားလို့မရပါဘူး။ ရွေးချယ်စရာ လမ်းကြောင်းတွေ များလွန်းတဲ့ကြားက ဘယ်သူမှ မရွေးတဲ့လမ်းကိုများ တမင်တကာ ရွေးသွားခဲ့တာလား ။ နှုတ်ရေးနှုတ်နေ နည်းပါးတဲ့မင်းဟာ ဘာဆိုဘာမှ မပြောချင်တော့လို့ ပြောစရာမလိုတဲ့လမ်းကို လျှောက်သွားခဲ့တာလား၊ အတွေးများစွာရဲ့အလယ်မှာ အဖြေမရှာနိုင်သူတယောက်ဟာ နေ့တွေညတွေမှာလဲ ယောင်ချာချာနဲ့၊ သေသွားတယ်ဆိုတာ ပြန်မလာနိုင်တော့တဲ့သူတယောက်ရဲ့နာမည်ကို အကြောင်းတခုခုနဲ့ထိခတ်လာတိုင်း တဖွဖွ ခေါ်နေရတာမျိုးဆိုတာလောက်ပဲ သိနားလည်ခဲ့ရတယ်။ ငှက်ကပျံသွားပေမယ့် အကိုင်းက တုန်ခါကျန်ရစ်ခဲ့သလိုမျိုး ခုချိန်ထိ မတည်ငြိမ်ချင်သေးဘူး။ ဒီလိုနဲ့ အချိန်တွေတရွေ့ရွေ့နဲ့ ကုန်ဆုံးခဲ့ပေမယ့် အရာရာဟာ မနေ့တနေ့ကလို၊ နှင်းတွေကလည်း မင်းရှိခဲ့တုန်းကလို ကျကောင်းဆဲပေါ့။ ။
Comments
Post a Comment