ခင်လွန်း - " တော်လှန်သောမတ်လ "

Art by POS
" တော်လှန်သောမတ်လ "
ခင်လွန်း
(သစ်ခက်သံလွင်) မတ် ၂၊ ၂၀၂၅

အမေအိုဟာ 
မိုးလင်းပြီဆိုတာနဲ့
မိုးကောင်းကင်ကိုထွက်ထွက်ကြည့်တယ်
အထက်ဘဝဂ်ဆီ လက်ဆန့်တန်း
သူ့နှုတ်ခမ်းအစုံလည်း ဆန်းကျယ်စွာလှုပ်လျက် ....
နေရောင်ကလည်း ဖြာပါရဲ့
ကောင်းကင်ကြီးလည်း ပြာပါရဲ့
မိုးလေကလည်း သာယာပါရဲ့
တေးဆိုငှက်တို့လည်း ချိုပါရဲ့ သာပါရဲ့
အို ဘယ့်နှယ်
ခရီးထွက်သွား
သားတို့ သမီးတို့ ပြန်မလာ
အဘယ်သို့ ကြန့်ကြာရ
နတ်ဆိုးမိစ္ဆာ အယုတ်တမာ
သင့်လက်ချက် သင့်စေရာ 
မဟုတ်လေလား

အို နတ်ဆိုးမိစ္ဆာ
ငါတိုင်တည်သည်တည့်

ဤသို့ဖြင့် ...
သင့်လက်ချက် သင်စေရာ
သင့်ဆီသာ ဦးလှည့်
ဦးခေါင်းထက် ထိပါစေ
ရင်ဝသို့စိုက်ပါစေ
မီးလောင်လို့မြှိုက်ပါစေ
ပြာမှုန်သို့​ကြွေပါစေ
မှုန့်မှုန့်ညက် လွင့်ပါစေ
ဤကမ္ဘာ ဤမြေလွှာမှ
အစပျောက်ဆုံး 
နိဂုံးချုပ်ပါစေသား
ဝေးစေသား

ငါ့သား ငါ့သမီး
ခရီးလမ်းသာပါစေသား
အောင်ပန်းပိုင်ပိုင် နိုင်ပါစေသား
လောကပါလ တရား ထွန်းကားပါစေသား
ဓမ္မတရားသာ အနိုင်ရပါစေသား
အဓမ္မတရား အဓမ္မဓားလှံ
အပြီးအမြန် ကျဆုံးပျောက်ကွယ်ပါစေသား ။ ။

မတ် ၁၊ ၂၀၂၃
နံနက် ၀၉:၁၅ နာရီ

Comments