မိုးမြင့်ယံ
(သစ်ခက်သံလွင်) မတ် ၂၊ ၂၀၂၅
အမြင့်ကြီးမှာ မရှာပါနဲ့
ကြယ်တွေထဲမှာ
ကျွန်တော့်နာမည်ဘယ်တော့မှ
ပါမှာမဟုတ်ဘူးအမေ။
လွယ်လွယ်ကူကူ
မုန်တိုင်းကိုသာ
ကျွန်တော့်နာမည်ပေးလိုက်စမ်းပါ၊
အမေဖွင့်လိုက်တိုင်း
ရုပ်မြင်သံကြားက
ကျွန်တော့်အကြောင်း
သတင်းဆိုးတွေချည်းကြားရအောင်ပေါ့။
အခိုက်အတန့်
အမေစိတ်မချမ်းသာသလို
ကျွန်တော်လည်းချမ်းမြေ့တာမှမဟုတ်တာ။
သြကာသလောကကြီးကလည်း
ရွံမုန်းကြ
ကမ်းခြေလည်းအကျည်းတန်
ကျွန်တော်သိပေါ့၊
ဘယ်တော့ဖြစ်ဖြစ်
ကျွန်တော်က
သတ်မှတ်ခံ
အနီရောင်အဆင့်၊
အမေရယ်
လေပြေလေညှင်းလေးဖြစ်ချင်ပေမယ့်
အရှူအရှိုက်တိုင်းကို
တန်ဖိုးမထားတတ်တဲ့သူတွေ
များများလာတဲ့သတ္တလောကကြီးပါအမေ၊
အမြင်ကျဉ်းမြောင်းတဲ့လူတွေ
ပေါများလာတဲ့သင်္ခါရလောကကြီးမဟုတ်လား။
ခွင့်လွှတ်ပါတော့
ပင်လယ်ဟင်းလင်းပြင်ထဲက
အဆင်မပြေမှုတွေကိုပွေ့ပိုက်ပြီး
ကမ္ဘာကြီးတခုလုံးအသိအမှတ်ပြုခံရဖို့
တခါတခါ
အမေ့ရဲ့သား
ဆိုးသွမ်းခဲ့မိတယ်။
ပင်လယ်ပြင်ကိုဗဟိုပြု၍
ရှင်ရဲထွဋ်
နှင်းငွေတို့ဖြင့်မြေပြင်သည် စွတ်စိုထိုင်မှိုင်းနေစဲပင် အလင်းတို့ကိုမမြင်ရသေးသော်လည်း ရောင်နီသည်နီးကပ်လာနေပြီဟု စိတ်မှတ်ဖြင်သိရှိနေပြန်သေးသည်။ ခပ်လှမ်းလှမ်းမှ ဥသြတွန်သံသည် ရံဖန်ရံခါ နားစည်သို့ထိုးခွဲဝင်ရောက်လာတတ်ပေသည်။ များမကြာမီ နွေသည် ရွက်နုသစ်တွေဝေဖြာကာ ကမ္ဘာမြေပေါ်သို့ချဥ်းနင်းဝင်ရောက်လာပေတော့မည်။
ဒီမှာဘက်ရက်တွေ၌ အိမ်လွမ်းစိတ်တို့သည် ရင်ဘတ်ကြီးတခုလုံးအား ဖိစီးနှိပ်စက်နေဘိသကဲ့သို့ပင် ရင်၌ နစ်စူးဝင်ရောက်နေသော ဆူးတချောင်းပမာ။
သစ်ရွက်မိုးဝါးတဲလေးထဲမှနေ၍ ကောင်းကင်သို့မျှော်ငေးကြည့်မိတော့ အလင်းနှင့်အမှောင်၏ စပ်ကြားကြားကာသည် ရောင်နီတို့မပျို့သေးသလို ကြယ်ရောင်တို့လည်း မပျောက်ဆုံးကြသေးပေ ။
အမြင့်ကြီးမှာ မရှာပါနဲ့
ကြယ်တွေထဲမှာ
ကျွန်တော့်နာမည်ဘယ်တော့မှ
ပါမှာမဟုတ်ဘူးအမေ
လွယ်လွယ်ကူကူ
မုန်တိုင်းကိုသာ
ကျွန်တော့်နာမည်ပေးလိုက်စမ်းပါ ၊
ဘေးဘီဝဲယာမျှော်ကြည့်မိပြန်တော့ မေမေ ရှိတဲ့အရပ်ကို ရော်ရမ်းလွမ်းတမိနေရစမြဲပါပဲလေ။
အလင်းနဲ့အမှောင်တွေရဲ့ ကြားမှာ စိုးထိတ်မှုတွေနဲ့ မေမေ ကျနော့်ကို ပူပန်ခြင်းကြီးစွာ ရှာဖွေနေမယ်ဆိုတာ သားရဲ့နှလုံးသားအသိနဲ့ သိနေမိပါရဲ့မေမေရယ်။
ဟိုးအမြင့်ကြီးမှာ ရှာဖွေနေစရာမလိုပါဘူးမေမေရယ် မေမေ့ရင်အတွင်းနက်နက်ထဲမှာ လှိုင်းထစေခဲ့သူအဖြစ် ကျနော့်ကို မုန်တိုင်းတခုလို့သာ သတ်မှတ်ထားပေးပါမေမေ။
မေမေရေ ဘာလိုလိုနဲ့ ကျနော်ချစ်တဲ့ရွာကလေးနဲ့ မေမေ့ကိုနှုတ်မဆက်ပဲ ထွက်ခွာလာခဲ့တာ လေးနှစ်တောင်မှ စွန်းခဲ့ပြီနော်။ တခုခုကိုလိုချင်ရင် တခုခုကို ပေးဆပ်ရစမြဲဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကို အလင်းနဲ့အမှောင်ရဲ့ တိုက်ပွဲကြားမှာ ကျနော်ဟာ ခုဆို နားလည်ခဲ့ရပါပြီလေ။
သမိုင်းတခုထုဆစ်ဖို့ သွေနဲ့ရေးထိုးရမဲ့ကဗ္မည်းဆိုလည်း ကျနော်တို့ဟာ မကြောက်တရားတွေနဲ့ ရဲရင့်လှပချင်ခဲ့သေးပါရဲ့ မေမေရယ်။
အမေဖွင့်လိုက်တိုင်း
ရုပ်မြင်သံကြားက
ကျွန်တော့်အကြောင်း
သတင်းဆိုးတွေချည်းကြားရအောင်ပေါ့
အခိုက်အတန့်
အမေစိတ်မချမ်းသာသလို
ကျွန်တော်လည်းချမ်းမြေ့တာမှမဟုတ်တာ
ကန်လန့်ကာနောက်ကွယ်က မရိုးဖြောင့်တဲ့သတင်းတွေမြင်တွေ့ကြားသိရတိုင်း မေမေဘယ်စိတ်ချမ်းသာနိုင်ပါ့မလည်းဆိုတာ ကျနော်ဟာ မေမေ့ရဲ့သားပဲလေ လှမ်းမကြည့်ပဲလည်း မေမေ့ရင်ထဲကို တွေ့မြင်နေရတာပါပဲမေမေ ။
တကယ်တော့ အဓမ္မ ပြာပုံဘဝရောက်သွားတဲ့ ကျေးရွာလေးတွေ ကူပါကယ်ပါ သွေးညှီနံတွေကြားထဲက အတုံးအရုန်းပြေးထွက်သွားခဲ့ရတဲ့ လူ့အသက်တွေ ဒီသတင်း ဒီမြင်ကွင်းတွေဟာ ကျနော်တို့ ရင်ကိုလည်း မှိုင်းတိုက်ခံခဲ့ရတာပါပဲလေ ဘယ်လိုများ ချမ်းမြေ့နိင်ပါ့မလဲမေမေရယ် ။
သြကာသလောကကြီးကလည်း
ရွံမုန်းကြ
ကမ်းခြေလည်းအကျည်းတန်
ကျွန်တော်သိပေါ့၊
ဘယ်တော့ဖြစ်ဖြစ်
ကျွန်တော်က
သတ်မှတ်ခံ
အနီရောင်အဆင့်၊
ကျနော်သိပေါ့ မေမေရယ်၊ ဆံပင်ရှည်တွေ ဝဲဝဲလွင်လွင့် နဲ့ ဂစ်တာဖလက်တံတွေကို တို့ထိဆော့ကစားပြီး မီးခိုးငွေ့တွေကြားထဲမှာ သံစဥ်တွေကိုရှာဖွေနေမိရုံနဲ့ သူမရဲ့ အသိုင်းအဝိုင်းတခုလုံးနဲ့ လူတွေအမြင်မှာ ကျနော်တို့ဟာ လူပေါ့သွမ်းတွေပေါ့ ။
တရားမျှတမှုနဲ့ အမှန်တရားအတွက် ရန်ပွဲတွေဆင်နွဲဖြစ်တိုင်း ကျနော်ဟာ အနီရောင်အဆင့်သတ်မှတ်ခံရတဲ့သူပါလေ ။
အမေရယ်
လေပြေလေညှင်းလေးဖြစ်ချင်ပေမယ့်
အရှူအရှိုက်တိုင်းကို
တန်ဖိုးမထားတတ်တဲ့သူတွေ
များများလာတဲ့သတ္တလောကကြီးပါအမေ၊
အမြင်ကျဉ်းမြောင်းတဲ့လူတွေ
ပေါများလာတဲ့သင်္ခါရလောကကြီးမဟုတ်လား။
ခွင့်လွှတ်ပါတော့
ပင်လယ်ဟင်းလင်းပြင်ထဲက
အဆင်မပြေမှုတွေကိုပွေ့ပိုက်ပြီး
ကမ္ဘာကြီးတခုလုံးအသိအမှတ်ပြုခံရဖို့
တခါတခါ
အမေ့ရဲ့သား
ဆိုးသွမ်းခဲ့မိတယ်။
တကယ်တော့ မေမေရယ် မေမေနဲ့အတူတကွ ဖေဖေ ဓားမဦးချလုပ်ကိုင်ခဲ့တဲ့ ယာခင်းလေးထဲမှာ ကျနော်တို့ အနာဂတ်တွေကို လှပစွာစိုက်ပျိုးပြီး အေးချမ်းစွာနေထိုင်ချင်တာပေါ့ ၊ ဒါပေမဲ့ မေမေ၊ ဒီမြေ ဒီရေ ဒီလေကို အတင်းအဓမ္မ နိုင့်ထက်စီးနင်းပြုချင်ကြတဲ့ လူ့အန္ဓတွေ များများလာတဲ့အခါ ကျနော်တို့က ခေါင်းငုံ့ငြိမ်ခံနေရမှာလား ? တွန်းတိုက်ထိုးခွဲဖောက်ဖောက်ထွက်ရမှာလား ? ပြတ်သားခိုင်မာတဲ့ လမ်းတစ်လမ်းကိုတော့ ကျနော်တို့ရွေးပြီးလျှောက်ကြရမှာပဲ မေမေ။
မေမေ့ထံပါးက တိတ်တဆိတ်လေး ဖယ်ခွာထွက်ခဲ့ရတဲ့အဖြစ်အတွက် ခွင့်လွှတ်ပါလို့ပဲ တောင်းဆိုချင်ပါရဲ့မေမေရယ်။
ခုဆို ဘာလိုလိုနဲ့ လေးနှစ်တောင်စွန်းခဲ့ပြီပေါ့မေမေ၊ ရွာလေးနဲ့ မေမေ့ကိ, ကျနော်လွမ်းဆွတ်မိတိုင်း လှပတဲ့အနာဂတ်တခုကို ထမ်းပိုးပြီးပြန်လာဖို့အတွက် ပိုပြီးကြိုးစားရုန်းကန်နေမိပါတယ်။
ရောင်နီတောင် သမ်းစပြုလာပြီမေမေ၊ မျက်လုံးတွေက အိပ်စက်မပျော်နိုင်သေးပါဘူး၊ ဓမ္မနဲ့ အဓမ္မရဲ့တိုက်ပွဲကြား ဓမ္မဘက်တော်သားတယောက်အဖြစ့်နဲ့ မေမေ့ရဲ့သား ရိုးသားစွာ ဆိုးသွမ်းမိုက်မဲပါရစေလား မေမေ။
*** ကဗျာဆရာ ရှင်ရဲထွဋ်၏ ပင်လယ်ပြင်ကို ဗဟိုပြု၍ ကဗျာလေးအပေါ် ခံစားရေးဖွဲ့ပါသည်။
မိုးမြင့်ယံ
26. Feb. 2025
Comments
Post a Comment