ကျော်စွာသူ - စာဂီတသူပုန် " နိုင်မြန်မာ "

စာဂီတသူပုန် " နိုင်မြန်မာ "
(၁၉၅၈ - ၂၀၂၅)
ကျော်စွာသူ
(သစ်ခက်သံလွင်) ဖေဖော်ဝါရီ ၁၉၊ ၂၀၂၅

နှစ်ဆယ်ရာစုနှောင်းပိုင်း စတူရီယိုဂီတလောကတွင် ကိုယ်ပိုင်သံစဉ်သီချင်းအများစုဖြင့် မှတ်တိုင်စိုက်ခဲ့သူ၊ ဂန္ထဝင်အဆိုတော်ကြီး မာမာအေးမှအစ လွှမ်းမိုး၊ ကိုင်ဇာ၊ စိုးလွင်လွင်၊ မေခလာ၊ မေဆွိ စသည့် ဒိတ်ဒိတ်ကြဲကြဲ အဆိုတော်များ၏အောင်မြင်သောတေးသီချင်းများဖန်တီးသူ ဖြစ်သည်။ "Dust in the wind" သံစဉ်ကိုယူ၍ မြန်မာလူထုတော်လှန် ရေးသီချင်း"ကမ္ဘာမကြေဘူး"အဖြစ်ဖန်တီးခဲ့မှုမှာ မြန်မာပြည်သူလူထု၊ မြန်မာပြည်ဒီမိုကရေစီတိုက်ပွဲအတွက် နိုင်မြန်မာ၏ အထူးထည့်ဝင်အားထုတ်မှုဖြစ်သည်။ ထိုစဉ်က ပြည်သူလူထု၏ စိတ်ဓာတ်ကို မြှင့်တင်နိုင်သည့် တေးတစ်ပုဒ်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထိုသီချင်းကိုကြားပြီး မျက်ရည်ဝဲခဲ့ရသည်ဟု နိုင်မြန်မာက အင်တာဗျူးတစ်ခုတွင်ပြောသည်။ နိုင်မြန်မာ၏သီချင်းများသည် ခေတ်စနစ်နှင့်လူမှုအလွှာများအောက်က မကျေနပ်ပေါက်ကွဲမှု၊ ရုန်းကန်ကြိုး စားမှု၊ စိတ်ဓာတ်မြှင့်တင်မှုများ သဘောဆောင်သည်ကို တွေ့ရသည်။ ဂီတလောကတွင်လည်း  စိတ်ဓာတ်ပြတ်သားသူ၊ရပ်တည်ချက်ခိုင်မာသူအဖြစ်ထင်ရှားသည်။ စာသူပုန်တော်ကြီးဟု မိမိကိုယ်ကိုခံယူကာ ဖိနှိပ်သူ၊ဖိနှိပ်သည့်စနစ်အပေါ် ပေါက်ကွဲအန်ကျလာသည့် ကဗျာများစွာရေးစပ်ခဲ့သေးသည်။ ခံယူချက်အတိုင်းပင် မတရားသည်ကို ငုံ့မခံသောစိတ်၊ မှန်သည်ကို ပြောရဲဆိုရဲသော စိတ်ဓာတ်တို့ကို နိုင်မြန်မာက ကွယ်လွန်သည်အထိ ထိန်းသိမ်းကျင့်သုံးသွားသည်။
.........................................................................

နိုင်မြန်မာ

၁၉၅၈၊ ဇန်နဝါရီလ ၄ ရက်တွင် ရန်ကုန်မြို့၊ ရွှေတောင်ကြားရပ်၌မွေးဖွားသည်။ အဖ ဦးအုန်းမြင့် (ကဗျာဆရာ မောင်မြူလွှာ)နှင့် အမိ ဒေါ်အုန်းမြင့်တို့ဖြစ်သည်။ မွေးချင်း သုံးယောက်အနက် အကြီးဆုံးသား၊ အမည်ရင်း နိုင်ဦးမြင့် ဖြစ်သည်။ 

အ.မ.က - ၁၃ (တောင်ဥက္ကလာ)၊ အ.လ.က- ၅ (တောင်ဥက္ကလာ)၊ အ.လ.က- ၂ (ရန်ကင်း) နှင့် အ.ထ.က- ၁ (ရန်ကင်း) တို့တွင် အထက်တန်းအထိ ပညာသင်ယူခဲ့သည်။ ၁၉၈၁ခုနှစ် အသက်(၂၃) နှစ်အရွယ်တွင် "အရှေ့ရွာသားများ" (Eastem Villagers) အပျော်တမ်းတီးဝိုင်းအဖွဲ့တွင် ပါဝင်ခဲ့ပြီး တေးသီချင်းများစတင်ရေးသားခဲ့သည်။ တစ်နှစ်ခန့်အကြာတွင် ယင်းတီးဝိုင်းအဖွဲ့ ပျက်သွားခဲ့သည်။

၁၉၈၂ ခုနှစ် ကိုင်ဇာ၏ "သီချင်းရှင်ကိုကြင်နာပါ " တေးစီးရီးတွင် နေဆီပျံမည့်ငှက် (သို့မဟုတ်) ယောနသံဇင်ယော် နှင့် အိမ်ရှေ့မင်းသားလေး သီချင်းနှစ်ပုဒ် ရေးသားခဲ့ပြီး ဂီတလောကသို့ စတင်ဝင်ရောက်လာသည်။ ၁၉၈၃ ခုနှစ် တွင် ကိုင်ဇာ၊မေဆွိတို့၏ "တူနှစ်ကိုယ်တိုင်းပြည်" စီးရီးတွင် နိုင်မြန်မာရေးစပ်သော သီချင်းများပါဝင်ခဲ့ပြီး တစ်နိုင်ငံလုံးအနှံ့ရေပန်းစားကျော်ကြားကာ အောင်မြင်မှုရရှိခဲ့သည်။ ၄င်းစီးရီးတွင်ပါသော "ဆေးရောင်စုံမြင်ကွင်းကျယ်"သီချင်းသည် ရန်ကုန်စည်ပင်သာယာရေးကော်မတီ၏လုပ်ရပ်များကို ဝေဖန်သရော်သည်ဟုဆိုကာ စည်ပင် သာယာရေးကော်မတီက တေးရေးဆရာ၊ တေးဆိုနှင့် တေးသံသွင်းတို့ကို တရားစွဲဆိုခဲ့သည်။ သို့သော် အမှုမှ တရားသေလွတ်မြောက်ခဲ့သည်။ 

၁၉၈၄ ခုနှစ်တွင် စိုးလွင်လွင်၏ "ချစ်လူမိုက်"အယ်လဘမ် ထွက်ရှိလာခဲ့ရာ နိုင်မြန်မာ၏သီချင်းများ လူကြိုက်များခဲ့ပြန် သည်။ ၁၉၈၅ ခုနှစ်တွင် နိုင်မြန်မာကိုယ်တိုင် ရေးစပ်သီဆိုသည့် တစ်ခုတည်းသော တစ်ကိုယ်တော် တေးစီးရီး "နိုင်မြန်မာနိဒါန်း" ထွက်ရှိခဲ့သည်။ ထိုနှစ်များအတွင်းမှာပင် မေခလာ၏ "မပြောချင်လို့ကြည့်နေတာ ကြာပြီ" စီးရီးတွင် သီချင်းများအားလုံးရေးသားခဲ့သည်။ 

၁၉၉၁ ခုနှစ်တွင် လွှမ်းမိုး၏ "မိုးစက်တင်လေ"တေးအလဘမ်တွင် သီချင်းများရေးသားခဲ့ရာ အောင်မြင်ခဲ့သည်။ နာမည်ကျော်တေးတစ်ပုဒ်ဖြစ်သည့် "ဝါဆို"သည် ၁၉၉၂ ခုနှစ်ထုတ် အဆို တော်သီလ၏ "ကိုယ်အသိဆုံး" တေးစုတွင် ပါဝင်ခဲ့သည်။ ၁၉၉၄တွင် ဂန္ထဝင်တေးသံရှင်ကြီး မာမာအေး၏ "ရွှေဘုံနိဒါန်း " တေးအယ်လဘမ်တွင် မြန်မာသံစဉ်သီချင်းများကို ရေးစပ်ခဲ့သည်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလတွင် အမေရိကန်နာမည်ကြီး "Dust in the wind"၏ သံစဉ်ကို ယူကာ "ကမ္ဘာမကြေဘူး"အမည်ဖြင့် တေးသီချင်းတစ်ပုဒ်ရေးသားခဲ့သည်။ ယင်းသီချင်းကို မြောက်ဥက္ကလာပရှိလူငယ်များနှင့်အတူ ရန်ကုန်မြို့ရှိ သပိတ်စခန်းရှိရာများသို့ သွား ရောက်အားပေးသီဆိုခဲ့သည်။ "ကမ္ဘာမကြေဘူး"သီချင်းသည် ၁၉၈၈ အရေးတော်ပုံကာလအတွင်း၌ပင် ဒီမိုကရေစီတိုက်ပွဲဝင်သူများအကြား မဆိုဖူးသူမရှိ ပျံ့နှံ့ခဲ့ပြီး ၂၀၂၁ နွေဦးတော်လှန် ရေးအထိတိုင် သီဆိုနေကြရသည့် အအောင်မြင်ဆုံး တော်လှန်တေးတစ်ပုဒ်ဖြစ်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ လူ့အခွင့်အရေး ၊ငြိမ်းချမ်းရေးသဘောဆောင်သော သီချင်းများပါဝင်သည့် "ဒို့အမျိုးသားတိုင်းပြည်" တေးအယ်လဘမ်တွင် သီချင်းများအားလုံးရေးသားခဲ့ပြီး အဆိုတော် ဒီဥက္ကာက သီဆိုခဲ့သည်။

ဂီတသက်တမ်းနှစ်ပေါင်း လေးဆယ်ကျော်အတွင်း တေးသီချင်းပေါင်း ၁၀၀၀ နီးပါးအထိရေးစပ်ခဲ့သည်ဟုသိရပြီး လူကြိုက်များထင်ရှားသော သီချင်းများမှာ - တူနှစ်ကိုယ်တိုင်းပြည် ၊ သီဟနာဒ၊ ကြှနျုပျရဲ့မုရာ၊ ကိုယ်ရံတော်တပ်မှူးလေး၊ မောင့်အိပ်မက်မေ၊ ချစ်လူမိုက်၊ မပြောချင်လို့ကြည့်နေတာကြာပြီ၊ ကိုကို့ကို၊ မိုးစက်တင်လေ ၊ အခုတော့ ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့ပြီ၊ ဟာသ၊ ဆေးရောင်စုံမြင်ကွင်းကျယ်၊ အဖေ့ပုခက်လွှဲ၊ ဖြေလွှတ်ပစ်လိုက်တဲ့ကြိုး၊ ပလက်ဖောင်းရှိုး၊ ဝါဆိုတို့ဖြစ်သည်။

ကိုးတန်းကျောင်းသားအရွယ်မှစ၍ ကဗျာများစတင်ရေးသားခဲ့ပြီး  သစ်ဆန်းစာစောင်၊ အကယ် ဒမီစာစောင်၊ သပြေမဂ္ဂဇင်းတို့တွင် ဖော်ပြခံရသည်။ ၁၉၉၀ ဝန်းကျင်၌ ဒီရေစီးသံမဂ္ဂဇင်းတွင် အယ်ဒီတာချူပ်အဖြစ်ဆောင်ရွက်ခဲ့ပြီး ပထမဆုံးတစ်စောင်ထုတ်ဝေပြီးချိန်တွင် စစ်အစိုးရက ထုတ်ဝေသူကိုဖိအားပေးသဖြင့် မဂ္ဂဇင်းနှင့်လမ်းခွဲခဲ့ရသည်။၂၀၁၁ ခုနှစ်နောက်ပိုင်း စာနယ်ဇင်းများတွင်လည်း ကဗျာများစွာရေးသားခဲ့သည်။ ပြည်စောင့်ခွေး( ၂၀၁၃)၊ စာသူပုန်တော်ကြီး (၂၀၁၆)၊ နိုင်မြန်မာလျှောက်ထုံး (၂၀၁၉) စသည့် ကဗျာစာအုပ်သုံးအုပ် ထုတ်ဝေခဲ့သည်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးချိန်တွင် ၄င်း၏ လူမှုကွန်ရက်အကောင့်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ကဗျာများ ဆက်လက်ရေးသားခဲ့သည်။ ကလောင်အမည်ခွဲများမှာ အက္ခရာဝေ၊ နိုင်ငံအောင်ခြိမ့်၊ လင်းလက်တာရာ၊ အဆိုး(အပူပိုင်းဒေသ)၊ မောင်နိုင်နိုင်တို့ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ရကျ၊ နံနက် ၈နာရီအချိန်တွင် သန်လျင်မြို့နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ဝါဝါလွင်၊ မင်းအုပ်မြန်မာ (အဆိုတော်ဗျူဟာ - စစ်တပ်ကိုဝေဖန်မှုကြောင့် ထောင်ဒဏ်အနှစ်နှစ်ဆယ် ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား)၊ မင်းစိုးမြန်မာ၊ မင်းရဲမြန်မာ၊ ရှင်နှိုင်းမြန်မာ၊ မင်းအေးမြန်မာ သားသမီး(၄)ဦး ကျန်ရစ်ခဲ့သည်။

ကျော်စွာသူ

Comments