မိုးမြင့်ယံ - တိုးတိတ်စွာပဲ့ကြွေခဲ့ရသော အလွမ်းဇာတ်တပုဒ်

Art by Ba Pe Nyein
တိုးတိတ်စွာပဲ့ကြွေခဲ့ရသော အလွမ်းဇာတ်တပုဒ် 
မိုးမြင့်ယံ
(သစ်ခက်သံလွင်) ဇန်နဝါရီ ၁၁၊ ၂၀၂၅

ပြာသို၏နှင်းစက်နှင်းမှုန်တို့သည် လေအဝေ့၌ ဖွဲလွင့်လွန့်လူးစွာ ပဲခင်းစိမ်းစိမ်းများအား မြူကမ္ဗလာတို့ဖြင့် ဖြန့်ကျက်အုပ်မိုးထားနေပေသည်။

မကြာမီ လပြည့်ဝန်းကို ပြည့်ပြည့်ဝဝမြင်ခွင့်ရပေတော့မည် အဘယ်ကြောင့်ဆိုသော် ပြာသိုလပြည့်ရန်နေ့ရက်တို့သည် မဝေးတော့လေပြီ။

လမင်း၏ဆွဲငင်အားကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်ကာ ဒီရေတို့ဖြစ်ပေါ်စေသည်ဟု ငယ်ငယ်က သင်ခန်း စာတချို့တွင် သိမှတ်သင်ယူဖူးခဲ့ပါ၏။

အရွယ်ရောက်လာသောအချိန်တို့တွင် ဘဝထဲမှ ဒုက္ခတရားတို့၏ ပြည့်ဝရွှန်းပစွာသာမောမှုတို့ကြောင့်များ သောကဒီရေလှိုင်းတံပိုးတို့သည် ဒီရင်၌ ရုန်းကြွခုံးမောက်ခဲ့ရလေသည်လား မသိနိုင်ပြန်ပါ။

ကောင်းကင်ကိုမော့ငေးအကြည့် တိမ်စိုင်တို့၏အရွေ့သည်ပင်လေးဖင့်နှေးကန်နေဘိသကဲ့သို့ ထိုအတူပင် ဖြတ်သန်းရုန်းကန်နေရသော ဘဝ၏နေ့ရက်ရှည်ရှည်တို့တွင် တွန်းထိုးခုတ်မောင်းနေရသော ကျွန်တော်၏ အရွေခရီးတို့သည်လည်း လိပ်တကောင်၏အလျင်မျိုးနဲ့ အမြဲတစေ နှေးကွေးလေးလံလွန်းလှပေသည်ဟု ဘာသာစိတ်မှတ်ဖြင့်သိရှိနေပြန်သည် ။

ကျွန်တော် ခေတ္တရောက်ရှိကွန်းခိုနေရာ ရွာတောရ ကျောင်းလေး၏ပရဝုဏ်အတွင်း အစီအရီပေါက်ရောက်နေကြသော သရက်ပင်တို့သည်ပင် သရက်ပွင့်တို့ဖြင့် ပင်လုံးဝေနေကြသည်မှာ သဘာဝပန်းချီကားတချပ်ပမာ၊ နှင်းရည်သောက် ၍လန်းဆမ်းနေသောထို သရက်ပွင့်ရနံ့တို့သည် လေအဝှေ့၌ ပျံ့သင်းကြိုင်လှိုင်စွာ အသက်ရှူလမ်းကြောင်းမှတဆင့် အဆုပ်အတွင်းသို့ တွန်းတိုက်ဝင်ရောက်လာကြပေသည်။

တူရှုရှိတမျှော်တခေါ် မြင်ကွင်း၌ ကောင်းကင်အပြာနောက်ခံကားချပ်ထဲတွင် ပဲခင်းစိမ်းစိမ်းတို့သည် တပြန့်တပြော၊ ဓားမဦးချထွန်းယက်စိုက်ပျိုးလာကြသော ဘိုးဘပိုင်လယ်ယာမြေတို့အား သား၊ သမီး နှင့် မြေး၊ မြစ်တို့ အဆင့်ဆင့်လက်ဆင့်ကမ်းခဲ့ပေသည်လော သို့တည်းမဟုတ် စီးပွားပျက်ကပ် နှစ်ဆိုးတို့ကြုံချိန်၌ ရောင်းချလိုက်ရ၍ သူတပါးပိုင်ဆိုင်သွားသော လယ်ယာမြေများဖြစ်သွားကြသည်လားကို ကျွန်တော့်တကိုယ်ရေစာလေးအတွေးပွားနေမိပြန်ပါသည်။

လက်ကျန်ကော်ဖီခွက်အား မော့သောက်ပြီး ဆေးပေါ့လိပ်တလိပ်အား မီးညှိဖွာရှိုက်လိုက်ကာ မီးခိုးငွေ့များအား အဆုပ်တွင်းသို့လှိမ့်သွင်းလိုက်မိချိန်မှာတော့ နီကိုတင်းဓာတ်တို့သည် ခန္ဓာ ကိုယ်အတွင်းပိုင်းဆီသို့ ပျံ့နှံ့စီးမျောသွားသည်ကဲ့သို့ ခံစားမိလိုက်သည်။

မရေရာသော တကိုယ်ရေအတွေးများဖြင့် ပင့်သက်မောကိုဖွဖွချမိတဲ့ခဏ စောစောလေးကမှ ရှိုက်ဖွာထားသောမီးခိုးငွေ့တို့သည် သက်ပြင်းနှင့်အတူတကွ နှာဖျားနှင့်ခံတွင်းဝဆီမှ တလူလူမှပြန်လည်လွင့်ထွက်လာကြပေသည်။

ထိုဖမ်းဆုပ်ရခက်သော မိးခိုးငွေ့တန်းတွေကဲ့သို့ပင် စိတ်အစဥ်သည်လည်း အတိတ်တနေရာသို့မျောလွင့်လွန့်လူးစွာ။

မကြာလွန်းသေးသော်ငြား ဥတုသုံးလီ သုံးခါလည်ခဲ့ပြီး ဆောင်းသုံးခုသို့တိုင်ခဲ့သည်တိုင် အဖြစ် အပျက်တို့သည် မနေ့တနေ့ကဲ့သို့ပင် ကျွန်တော်၏ သိမှုမှတ်ဉာဏ်နှင့် ရင်အတွင်းတနေရာ၌ အစိုင်အခဲတခုကဲ့သို့ လတ်ဆတ်စွာတည်နေပြန်ပါသေးသည် ။

ရထားလမ်း နှင့် ကားလမ်းဆုံရာ ဟိုင်းဝေးလမ်းမကြီးပေါ်၌တည်ရှိနေသော မြို့ကလေးသည် ယခုလို နှင်းတွေဝေနေသော ဒီဇင်ဘာမနက်ခင်းတို့တွင်ပင် ငိုက်မြည်းမနေနိုင်စွာ ဆိုင်ကယ်သံ ကားဟွန်းသံ စျေးဝယ် စျေးသည်တို့၏အသံတို့ဖြင့် အမြဲတမ်းသက်ဝင်နိုးထနေရပေသည်ပင်။

ထိုသို့နှယ္တခုသောဆောင်းနေ့ရက်တို့သည် ကျွန်တော့်ရင်ထဲသို့ အလွမ်းတို့အား နှင်းတွေလိုဝေအောင် ခြွေချပစ်လိမ့်မည်ဟု ရိုးတိုးရိပ်တိတ်လေးမျှပင် သတိမထားမိနိုင်လောက်အောင် ကျွန်တော်သည် ညံ့ဖျင်းနုံချာစွာ အချစ်ဆိုသည့်အရာအား ယုံကြည်စွာ ညွှတ်နူးပျော်ဝင်နေခဲ့မိပြန်ပါသေးသည်။

တိတ်ဆိတ်ငြိမ်းမြအေးချမ်းမှုတို့သည် မကြာမီကာလအတွင်း ပူပြင်းလောင်မြှိုက်ခြင်းဖြစ်စဥ်တခုသို့ ပေါက်ကွဲပြောင်းလဲရန် တိုးတိတ်စွာအားယူနေခဲ့မှန်း ထိုစဥ်က ကျွန်တော်သည် မသိခဲ့ရိုး အမှန်ပင်ဖြစ်သည်။

မြေစမ်းခရမ်းပျိုးကာလတို့လွန်မြောက်ပြီး ကျွန်တော့်၏ အသွေးအသားထဲမှ ဆာလောင်တောင့်တမိသောအိပ်မက်တို့အားပုံဖော်ထုဆစ်ရန်အလို့ငှာ ကျွန်တော်သည် ထိုမြို့ကလေးမှသည်ကွန်ကရစ် လွှမ်းသောမြို့ပြဆီသို့ ယုံကြည်မှုတွေလှုပ်လှုပ်ခတ်ခတ်ဖြင့် ရွက်လွှင့်လာခဲ့ခြင်းသည် ကျွန်တော့်ဘဝ၏ပထမဆုံးသော တကိုယ်တော် လုံချင်းစာအုပ်လေးတအုပ်အား လှပစွာဖန်တီးပုံဖော်ရန်ဖြစ်ပေသည်။

ထိုသို့သောကာလအပိုင်းအခြားလေးတခု၊ တိတိပပဆိုရသော် ရက်ပေါင်း ၆၅ ရက် ( ၂ လ နှင့် ၅ ရက်တိတိ ) သည် လူနှစ်ယောက် အထူးအားဖြင့် သိပ်ချစ်ပါသည်ဆိုသည့်စကားစုအောက်က လူနှစ်ယောက်အား ကမ္ဘာတဘက်ဆီသို့ ဝေးလွင့်သွားလောက်အောင် ပြန်မဆုံနိုင်ခြင်း၏ စည်းတခုအားချတားလိုက်ဖို့ရာ လုံလောက်သောအချိန်တခုဖြစ်ခဲ့ပေသည်လား ....

ကျွန်တော်မြို့ကလေးသို့ ပြန်လည်ခိုဝင်ခြေချမိသောနေ့၌ပင် သူမ၏စေ့စပ်ကြောင်းလမ်းခြင်းသတင်းအပြင် ထိုသူသည် မြို့ကလေးကိုစွန့်ခွာပြီး တိုင်းတပါးတွင်အလုပ်လုပ်ကိုင်နေသည်မှာ ဆယ်စုနှစ်တခုကျော်ပြီဖြစ်သော အထက်တန်းကျောင်းနေစဥ်ကတည်းက သူမ၏ငယ်ချစ်ဦးဆိုသော သတင်းဆိုးကြီးတခုသည် ရင်ဝသို့ အရှိန်ဖြင့်ပစ်ခွင်းလိုက်သောမြားတစင်းပမာ။

အရာရာသည် စနစ်တကျလှပ​သေသပ်စွာဖြင့် ကံကြမ္မာ၏ထိုးဇာတ်တခုကဲ့သို့ပင် ဝတ္ထုဆန်လွန်းလှပေသည်လားဟု ယူကြုံးမရခြင်းကြီးစွာတွေးထင်နေမိပြန်ပါသည်။

မိခင်ပင်စည်မှ လွင့်ထွက်ပဲ့ကြွေလာသော ရော်ဝါရွက်တချပ်ပမာ ဆံပင်ရှည်တွေဖရိုဖရဲဖြင့် ဂစ်တာတလက် စာအုပ်အနည်းငယ် ဂျင်းပင်သုံးလေးစုံဖြင့် ကျွန်တော်သည် ဒီမြို့၏ရင်ခွင်ထဲသို့ အဘယ်သူမှမဖိတ်ခေါ်ပါနှင့် စီးမျောရောက်ရှိ သောင်တင်ခဲ့ရင်း ဆောင်းနှင်းတွေဖွဲဖွဲလှုပ်လှုပ်ကျကြွေနေသော မြို့ကလေး၏ တခုသောလမ်းမထက်မှာ ကျွန်တော်၏ ချစ်ခြင်းအလင်းတစဖြစ်သော ( ကျွန်တော့်ဘက်က သတ်မှတ်ချက်သာ ) သူမ​ဖြင့် ရိုးရှင်းစွာပင် စတင်ဆုံစည်းခဲ့မိခြင်းက တဘဝလုံးစာ နာကျင်ခြင်းဒဏ်ရာတွေကို ထွေးပွေ့လက်ခံရရှိလိမ့်မည်ဟု စိုးစိမျှမတွေးထင်ခဲ့မိပါချေ။

ပြင်ပပုံသဏ္ဍာန်အားဖြင့်မာကျောသည်ဟုထင်ရသော ကျွန်တော့်၏နှလုံးသားတစုံသည် စာကဗျာတို့၏လောင်းရိပ်အောက်၌ နူးညံပျော့ပျောင်းလွန်စွာတည်ရှိနေသည်ဆိုခြင်းကို အဘယ် သူကများသိနိုင်ပါမည်နည်း။

ယုံကြည်မျှော်လင့်ခြင်းဖြင့် ထွန်းညှိခဲ့ရသော အလင်းတို့သည် ကျွန်တော့် ကမ္ဘာငယ်ငယ်လေးထဲမှ ကွယ်ပခဲ့ရလေပြီ။

ကျွန်တော် ဒီမြို့လေးသို့ရောက်ရှိချိန်မှစ၍ ငှားရမ်းနေထိုင်ခဲ့သော ခြံဝန်းလေးထဲရှိ တမာပင်အောက်မှာ ထိတ်တဆိတ်ထိုင်ကာ ဘာကိုနာကျင်ရမှန်းမသိနိုင်စွာ ဘဝ၏ခါးသီးမှုတို့အား အယ်လ်ကိုဟောဖြင့်မျောချရင်း ကဗျာဆရာ နေမျိုးလင်း၏ တွယ်ချိပ်ဆိုတဲ့ ကဗျာလေးကို တိုးဖွဖွရွတ်ဆိုနေခိုက် မျက်ဝန်းတို့သည် စွတ်စိုမှုန်မှိုင်းဝေ့သီလာခဲ့ရပေသည်။

တွယ်ချိတ်

ပြုတ်ထွက်သွားတဲ့ ကြယ်သီးနေရာ
နောက်အသစ်မလာသေးခင်
တွယ်ချိတ်လေးက ယာယီပါ

မင်းစိတ်အလိုကျ တိတ်တဆိတ် အရိပ်မှာ
ခံစားချက်တွေဟာ လျှာအဖြတ်ခံထားရ

အရေပြားထဲက ကုန်းရုန်းအော်ဟစ်နေတဲ့အသံ
မခံနိုင်လောက်အောင်ယားယံလာတဲ့အခါ
ဆူနေတဲ့သွေးရည်ကြည်တွေ ထိုးဖောက်
အယားဖျောက်ပေးခဲ့ရတဲ့ လကွယ်ညတွေ

ပွဲသွားပွဲလာမှာ ဘယ်လိုစိတ်နဲ့မှ မရဲရင့်ခဲ့ရတဲ့တွယ်ချိတ်
ခုတော့ မင်းရဲ့အတိတ်အိတ်လေး တစ်နေရာမှာ
သံချေးဒဏ် အလိပ်လိပ်နဲ့ ။

    နေမျိုးလင်း
    02.01.21

ထိုကဗျာလေးထဲကလိုပင် တဒင်္ဂပဟာန်အားဖြင့် ကျွန်တော်သည် အချစ်လို့ အမည်တပ်ထားတဲ့နောက်ကွယ်က သူမ၏ အဖြည့်ခံပွန်းတကောင်အဖြစ်သာတည်ရှိခဲ့ရလေသည်ကို ဒဏ်ရာတွေနှင့်ရင်းမှ သိခွင်ရရှိခဲ့ရပေသည်လေ။

အချစ်ဆိုသည် ထိုမျှလောက်အချိန်ခဏလေးအတွင်းမှာပင် မီးနဲ့ဝေးသော ချိပ်ပမာအေးစက်မာကျောတောင့်ခဲသွားတတ်သောဘောရှိပါ၏လော ...။

မျက်ရည်တွေကိုတို့သုပ်ရင်း ဒဏ်ရာအနာတရတွေကိုထွေးပိုက်လျက်သာ ကျွန်တော်သည် သူမတို့ရှိသော ထိုမြို့လေးမှ ဝေးရာ သာ၍ဝေးရာဆီသို့ ခြေလှမ်းတို့၏သယ်ဆောင်ရာအတိုင်း တိုးတိတ်ဆွံအစွာ အမှောင်တွေကိုအကာအကွယ်ယူရင်း ပြေးထွက်လာခဲ့ရာ မြို့ကလေးသည် ကျွန်တော့်အနောက်၌ ဝေး၍ ဝေး၍ ကျန်ရစ်ခဲ့ပေပြီ။

" တောက် တောက် တောက် " ဟူသော ရွာတောရကျောင်းလေးမှ ဆွမ်းစားကုလားတက် ခေါက်သံကြားမှ စိတ်အစဥ်သည် ပစ္စုပ္ပန်သို့ ပြန်လည်ချဥ်းနင်းဝင်ရောက်လာပေသည်။

ပဲခင်းတွေထဲမှ ဆေးဖြန်းသူ ရေတင်သူ လယ်ယာလုပ်ကိုင်သူများ၏ နေ့ခင်းထမင်းစားပြန်၍ အနားယူချိန်ဖြစ်ရာ တောရ ကျောင်းလေးဘေးရှိမြေနီလမ်းလေးထက်မှဖြတ်သန်းသွားကြသော  စကားပြောသံနောက်ပြောင်ကျီဆယ်သံ ညည်းတွားသံတို့ကို ဆူညံစွာကြားနေမိပြန်ပါသေးတော့သည်။

ကျွန်တော့်အတွက်တော့ ကဗျာလေးထဲကလိုသာ 

" မင်းစိတ်အလိုကျ တိတ်တဆိတ် အရိပ်မှာ
ခံစားချက်တွေဟာ လျှာအဖြတ်ခံထားရ "

နာကျင်ဒဏ်ရာအနာတရနေ့ရက်တို့အား လျှာအဖြတ်ခံထားရသူတယောက်လိုအဖြစ်မျိုးနဲ့ တုံဏှိဘာဝေနေထိုင်းရင်း အသည်းကွဲဇာတ်လမ်းလေး တပုဒ်အား ရှင်သန်နေသမျှကာလပတ်လုံး အဘယ်သူကိုမျှပြောပြဖြစ်မှာမဟုတ်စွာပဲ သိုဝှက်သိမ်းဆည်းထားလိုက်ပါတော့မည်လေ။

            ချစ်ခြင်းမေတ္တာများဖြင့်
             မိုးမြင့်ယံ
             10. Jan . 2025

Comments