ပုဏ္ဏားကျွန်းဇူးဝေ - ပြောပြချင်တယ် မခင်စိန်(၅)

Photo- Credit
ပြောပြချင်တယ် မခင်စိန်(၅)
ပုဏ္ဏားကျွန်းဇူးဝေ
(သစ်ခက်သံလွင်) ဇန်နဝါရီ ၂၊ ၂၀၂၅

တစ်နှစ်ကုန်ပြန်ပြီ မခင်စိန်။

မျှော်လင့်ချက်များစွာနဲ့
အရှေ့ကိုပဲ မျှော်တွေးရမလား
ဝမ်းနည်းကြွေကွဲစရာများစွာနဲ့
အနောက်ကိုဘဲ လွမ်းဆွေးနေရမလား
ရင်ဘတ်ထဲမှာ
ကြိုးတန်းလမ်းလျှောက်ရသလိုမျိုး
အရပ်တစ်ပါးက နွေရက်တွေကို
ကိုယ်ဖြတ်သန်းနေပါတယ် မခင်စိန်။

ဝေဒနာကို လှစ်ပြခဲ့သော်လည်း
ဒီကမ္ဘာကြီးဟာ
စာနာမှုတွေနဲ့ဝေးကွာနေသလို
ဗုံးမိုးတွေနဲ့
မြေမြှုပ်မိုင်းတွေရဲ့ပေါက်ကွဲသံဟာ
ဆိုင်းဝိုင်းတစ်ခုက လာတဲ့အသံလို
ကြာလာတော့ယဉ်ပါးဆိုပေမဲ့
အကျိုးအပဲ့တွေရဲ့ဇာတ်ဝင်ခန်းဟာ
ရင်ဘတ်ထဲမှာ ဆို့နင့်ကြွေကွဲပေါ့
မခင်စိန်။

ကျွန်တော်ဟာ
ငယ်ငယ်ကတည်းက
အဝေးက တောင်တန်းတွေကို
လှမ်းမျှော်ကြည့်တာတို့
တိမ်တွေကို ပုံဖော်ကြည့်တာတို့
ဝါသနာပါတယ်။

ကျွန်တော်က
အမြင့်ဆုံးတောင်ထိပ်မှာ
လမ်းလျှောက်နေတယ်ဆိုရင်
တိမ်ပန်းချီတွေက
အရောင်အဆင့်မျိုးစုံနဲ့ခေါင်းပေါ်မှာ
ကဲ ဘယ်လောက်လွတ်လပ်သလဲ
မခင်စိန်
ဘယ်လောက်ပျော်စရာကောင်းပါလဲ
အခုလို နွေရက်တွေရဲ့
ညနေခင်းတွေမှာပေါ့ မခင်စိန်။

အပြောင်းအလဲကို ကိုင်းကူးပြီး
ပျိုးထောင်ချင်သူတွေကြောင့်
ရင်ထဲကပျိုးပင်တွေဟာ သေဆုံးခဲ့ရပြီ

တောမီးမဟုတ်ဘဲ
လောင်ကျွမ်းခဲ့ပြီးတဲ့နောက်မှာလည်း
ပျိုးပင်တွေဟာ မိုးထဲလေထဲ
ရဲရဲပွင့်သွားကြပြီ

မောတ္တာတရားကို အဆိပ်ထင်ပြီး
သစ္စာလေးပါး မသိသူတွေနဲ့
ငါတို့ ရင်ဘတ်တွေဟာ
ဝေးနေကြတာပဲကောင်းပါတယ်
မခင်စိန်။

01/01/2025

Comments