" မယုံနဲ့ "
ဘသီ (တေးသီငှက်)
(သစ်ခက်သံလွင်) ဒီဇင်ဘာ ၂၅၊ ၂၀၂၄
ထင်သလောက် မရိုးရှင်းတဲ့
ကမ္ဘာကြီး နဲ့
ငါ တို့လည်း မကင်းခဲ့လေတော့
ကမ္ဘာထဲက အကောင် ဗလောင်တွေ နဲ့ ဆုံ
ဒုက္ခ ဆိုတဲ့ ပူပူလောင်လောင်အရာကိုမှ
လွယ်လွယ်ကူကူ နဲ့
ကြုံခဲ့ကြ ဆုံခဲ့ကြ ။
အေးစက်စက် ရင်ဘတ်ကြီးနဲ့
ဖက်လှည့်တကင်း လုပ်တာ ၊
သွားအဖြဲသားနဲ့
လက်ဆွဲနုတ်ဆက်တာ (ဒါတွေဟာ အမှန်မဟုတ်
ခေတ်အဆက်ဆက် မျက်လှည် လှည့်ကွက်၊)
အဲ့ဒါတွေ ဟာ အမှန်တွေမဟုတ်မှန်းသိသိကြီးနဲ့
ဘဝတစ်သက်တာ ဖြတ်သန်းမှုမှာ
တစ်ခါမက ထပ်ခါထပ်ခါ
ကြုံခဲ့ ဆုံခဲ့ကြ နုံနုံအအ ။
သွားအဖြဲသားနဲ့ လက်ဆွဲနုတ်ဆက်တာ ဟာ
ဖွက်ထားတဲ့စိတ် မမြင်အောင်လုပ်တဲ့နည်းဖြစ်နိုင်သလို ၊
အေးစက်စက် ရင်ဘတ် နဲ့
ဖက်လှည့်တကင်း ဖြစ် ချစ်ပြ
ယုံကြည်ပြီဆိုမှ နောက်ကြောကပတ်ဝင်
ရင်ဘတ် ရှေ့ တည့်တည့် ဓားနဲ့ ပေါ်တင် ပြေး ထိုး
ကလိမ်ကကျစ် ချစ်တာမျိုးကိုလည်း
ကြုံခဲ့ကြ ဆုံခဲ့ကြ ဘုံဘဝ ။
အဲ့ဒီတော့
ပြုံးတာကိုလည်း မယုံနဲ့
ဖက်တာကိုလည်း လုံခြုံတယ်မထင် နဲ့
အဲ့ဒီ ကမ္ဘာကကောင်တွေက
ဘနဖူး သိုက်တူးတတ်
သူများမျက်ခုံးမွှေးအပေါ် စကြံလျှောက်တတ်
မြေခွေး လိုပြုံးတတ်ပြီး
"လူ စင်စစ်" မှန်သမျှကို မျိုးနွယ်တုံးအောင်
သတ်ဖြတ်ရက်စက်မဲ့သူတွေကွဲ့ ။ ။
Comments
Post a Comment