ကျွန်တော်၏ မသိမှု သက္ကရာဇ်များ
မိုးမြင့်ယံ
(သစ်ခက်သံလွင်) ဒီဇင်ဘာ ၂၅၊ ၂၀၂၄
ပျော်ရွှင်ရခြင်းဆိုတာကို စာလုံးပေါင်းဖို့ ကျွန်တော့်မှာ စကားလုံးတွေ ပျောက်ရှနေခဲ့ရတာ ကြာပါပြီ ။
ကျွန်တော့် တကိုယ်စာ အိပ်မက်တွေကိုတော့ လှပဖို့ အတွက် ကျွန်တော် ရင့်ရင့်ရဲရဲ ကြိုးစားအားထုတ်ပါတယ် ။
ချစ်ခြင်းမေတ္တာဆိုတာ ဒုတိယဘုရားသခင် နဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့ အကြောင်း ကျွန်တော် ပြောပြချင်ပေမဲ့ လူတွေရဲ့ သူရူးတယောက်ကိုကြည့်တဲ့ မျက်လုံးတွေအောက်မှာ ကျွန်တော်က မာနတွေနဲ့ ရဲရင့်နေတုန်းပါပဲ ။
ခက်တယ် ကျွန်တော်က ရိုင်းစိုင်းကြမ်းတမ်းမှုတွေထဲမှာမှ နူးညံ့တဲ့ အလှတရားကို ရှာဖွေချင်တဲ့ ခပ်ညံ့ညံ့ ဟစ်ပီ တကောင်ဆိုတော့ ကျွန်တော်ရဲ့ စာမျက်နှာတွေက အပေအစွန်းများခဲ့ရတယ် ။
ဒါပေမဲ့ ကျွန်တော့် ကို ချစ်တဲ့သူတွေကို ကျွန်တော်က နင့်နင့်နဲနဲပြန်ပြီး ချစ်ခဲ့ရတယ် ဆိုတာ မှန်ကန်တဲ့ ရင်တွင်းက အဖြူရောင် သစ္စာပါ ၊ ထိုအတူပဲ ကျွန်တော့်ကို မုန်းတဲ့ သူတွေအတွက်လည်း ကျွန်တော့်က သူတို့ကို ကျောခိုင်းပစ်ခဲ့လိုက်ဖို့ ဆိုတာ ဝန်မလေးခဲ့ပါဘူး ....... ။
နောက်ကြည့်ရင် ကျောပဲရှိတဲ့ ကျွန်တော့်လို လူတယောက် အတွက်တော့ ချစ်ခြင်း မုန်းခြင်းဟာ နေရောင်ခြည်က အရိပ်ကျလာသလိုပါပဲ လေ ၊ အလင်းတွေ ရှိနေသမျှ အရိပ်တွေသည် ရပ်တန့်တည်နေနိုင်သလို အမှောင်အောက် မှာ ပျောက်ဆုံးခဲ့ရင်လည်း ဒါဟာ သေချာတဲ့ စစ်မှန်မှုတခုလို့ ကျွန်တော် ကတော့ လက်ခံယုံကြည်ပါရဲ့ ..... ။
တကယ်တော့ ငြိမ်းမြအေးချမ်းခြင်းဆိုတာ ဘယ်လို ဘုရားသခင်ကမှ ဖန်ဆင်းမပေးနိုင်တဲ့အရာပါ ။
စိတ်ဝိဉာဥ်တွေနဲ့ တွန်းထိုးမောင်းနှင်နေရတဲ့ ရထားတစင်း အတွက် ဘယ်လို ဘုရားသခင်ကများ လှလှပပ ဘူတာရုံလေး တခု ဖန်ဆင်းပေးခဲ့ဖူးပါသလဲ ? တမလွန်လား ဟင် ..... ? ။
ထိုမေးခွန်းအတွက် ဖြေနိုင်မည့် တန်ခိုးရှင်တစုံတယောက်အား ကျွန်တော်သည် လက်ဖဝါးထဲ တံတွေးထွေးပြီး သစ္သာဖောက်သည် ဘယ်မှာလဲဟု လက်ဝါးစောင်းနဲ့ ခုတ်ကာ ရှာဖွေခဲ့ဖူးပါသည် ။
သို့သော် မီးပြတိုက်တို့သည် ကျွန်တော်တို့ခုတ်မောင်းလာသော ကဗျာ လှေနာဝါတို့အား ကျောက်ဆောင်တွေနဲ့ ကင်းလွတ်အောင် လမ်းမပြနိုင်ပြန်ပါ ။
ကိုယ့် ကိုကိုယ် ကိုယ့်လက်ခုပ်ထဲမှာထည့်ပြီး ပိုးစုန်းကြူးတကေင်လို အသက်ပေးပြီး ခပ်ဖျဖျလေး လင်းခွင့်ရတဲ့ အန္တိမမှာ ကျွန်တော်တို့က ဒီကမ္ဘာမြေပေါ်ကို သေရမည်ဆိုလည်း ပျော်နေအောင်ခြေချလာတဲ့ ခပ်ညံ့ညံ့ ပွန်းတွေပါလို့ သတ္တိတွေနဲ့ရဲ့ရင့် တက်ကြွပြခဲ့ပေါ့ ။
ငတ်မွတ်ခေါင်းပါးခြင်းနဲ့ အသက်ရှူမဝတဲ့ အသံတွေကို ကျွန်တော်တို့ ရဲ့ မအောင်မြင်ခြင်း နေ့ရက်တွေထဲ ဂီတာတလက် ဂန်ဂျာတရှိုက် အရက်ဖြူတခွက်နဲ့ နှမ်းဖတ်ချဥ် တတို့ဟာ မသေခင်တော့ လွမ်းစရာ ဒဏ်ရာတွေပါလို့ ဘယ်သူတွေက သိနိုင်ပါ့လဲ ? ။
စက္ကန့်မလပ် တွန်းထိုးရုန်းကန်နေရသော ကာလ ယန္တယားကြီး အတွင်း၌ ကဗျာတွေကိုသာ ခံတပ်လုပ်ရင်း ယုံကြည်ခြင်း နှင်းဆီ တခင်းလို ကဗျာတွေကို နီစွေးလင်းမြစွာ အသွားထက်မြအောင် သွေးထားခဲ့ရပါသည် လေ ။
ဝေ့ဝဲလွင့်ပျံ့လာသော ပြာမှုန်တို့၏ သိပ်သည်းမှု ထုထည်တွေကြား မြူမှုန်တို့သည်ပင် ပျောက်ရှသေဆုံးနေခဲ့ရသော ရာသီခွင်ထဲ မျက်ဝန်းတို့သည် ငွေ့ရည်ဖွဲ့သီ အိုင်ထွန်းခဲ့ရပြန်သည် ။
နာကျင်ခံခက်ရခြင်း နေရက်များစွာထဲ ဇီဝဇိုးငှက်ငယ်လေးတွေလို ကိုယ့် အသွေးအသားကိုသာ အန်အန်ချရင်း ကဗျာ အက်ဆေး တွေကို ထုဆစ်ပုံဖော်ဖြစ်နေတုန်းပါ ။
တရံတဆစ်မျှ ငြိမ်းမြအေးချမ်းခြင်းတွေကို ခေတ္တခဏ ဆောင်ကျဥ်းပေးနိုင်ခဲ့ရင်ပင် ဘဝ၌ကဗျာ တွေအပေါ် ရူးမိုက်စွာ ဖက်တွယ်ထားခဲ့ရမိခြင်းအပေါ်၌ အမြဲတမ်း လိပ်ပြာလုံစွာဖြင့် ကျေနပ်နိုင်မှာပါလေ ။
ဒါပေမဲ့ ဘယ်လို အခြေနေမျိုးမှာ ဖြစ်ဖြစ် ကျွန်တော်ဟာ ချစ်ခြင်းမေတ္တာကိုတော့ စာလုံးပေါင်း မမှားရလေအောင် ကြိုးစား လေ့ကျင့်နေတုန်းပါပဲ ဆိုတာ ကျွန်တော့် တကိုယ်စာ တိတ်တိတ်လေးပဲ ဒေသနာလို နာကြားနေရပါရဲ့လေ .....။
# တလရ ကာလအတွင်း ကြွေလွင့်ခဲ့ကြသော ကဗျာဆရာများသို့ ဦးညွှတ်လျက် ။
ချစ်ခြင်းမေတ္တာများဖြင့်
မိုးမြင့်ယံ
Comments
Post a Comment