ဟီရု - မိသားစုအိပ်မက်ကလေး

Art by Than Htay Maung

မိသားစုအိပ်မက်ကလေး
ဟီရု
( သစ်ခက်သံလွင် ) ဇူလိုင် ၃၀၊ ၂၀၂၄

ဘယ်သူမဆို အိမ်ကလေးတစ်လုံးပိုင်ဆိုင်ဖို့ အိပ်မက်တွေမက်ဖူးကြပါလိမ့်မယ်။ မျှော်လင့်ထားတဲ့အိမ်ကလေးထဲမှာ ပျော်ရွှင်စရာမိသားစု ဘဝလေးကိုလည်း ထည့်ထားချင်ကြပါလိမ့်မယ်။ အခက်အခဲအမျိုးမျိုး ရုန်းကန်လှုပ်ရှားမှုအမျိုးမျိုးကြားထဲကနေ အနာဂတ်အိပ်မက်အတွက် ပျိုးစိုက်ထားဆဲမို့ တမ်းတတဲ့သီချင်းကလေးအဖြစ်နဲ့သာ ရှိနေတဲ့သူတွေလည်း ရှိနေပါလိမ့်မယ်။

ကျနော်လည်း မိသားစုအိမ်ကလေးကို အိပ်မက်စိုက်ပျိုးထားတဲ့ အနာဂတ် အိပ်မက်ကိုမျှော်လင့်ထားတဲ့လူသားတစ်ယောက် ဖြစ်ပါတယ်။ မိသားစုဘဝကို ငြိမ်းချမ်းစွာတည်ဆောက်ချင်တဲ့ အေးဆေးငြိမ်သက်တဲ့ လူတစ်ယောက်ပါ။ လက်တွေ့မှာ သာယာတဲ့မိသားစုအိမ်ကလေးကို တည် ဆောက်ထားခဲ့ပါတယ်။ ဒါပေမယ့် မျှော်လင့်မထားတဲ့ မုန်တိုင်း လှိုင်းလေတွေကြောင့် ကျနော့်မိသားစုအိမ်ကလေး ပျက်စီးပျောက်ဆုံးခဲ့ရပါတယ်။ ချက်ချင်းပြန်တည်ဆောက်ဖို့မလွယ်တဲ့ မိသားစုအိမ်ကလေး ပျက်စီးသွားခဲ့ရတာ နှမျောတသ ယူကျုံးမရစရာပါ။ 

ဘယ်လိုကံကြမ္မာတရားက ကျနော်တို့ဖက်မှာ ဖေးမကူညီစွာရှိမနေရတာပါလဲ။ သူတပါးကို မထိ ခိုက်မယ့်ရိုးရိုးသားသားအိပ်မက်ကလေးကိုဆက်မက်ခွင့်မရှိတော့တာလဲ။ ဘယ်လောက်ပဲရုန်းကန်ကြိုးစားပစေ ဘာဖြစ်လို့များမဖြစ်နိုင်ရတာလဲ။ အကြောက်တရားတွေထူထူထနေတဲ့ လမ်းမတွေက အသံတွေဘယ်လောက်ထိကွဲအက်နေခဲ့ပါသလဲ။ အဆုံးမရှိပြေး လွှားရုန်းကန်နေကြရတဲ့အသံတွေမှာ ဘာဖြစ်လို့များအဲလောက်ထိ အင် အားချိနဲ့နေခဲ့ရတာပါလဲ။

စကားလုံးများစွာမှာ အသံတွေမဲ့ နေခဲ့ရတယ်။ ဖော်ပြဖို့မဖြစ်နိုင်တဲ့ အဆိုးရွားဆုံး အဖြစ်အပျက်တွေက နာကျည်း ခါးသီးလွန်းခဲ့တယ်။
မလုံတဲ့လိပ်ပြာတွေ ကြားထဲ လုံတဲ့လိပ်ပြာတွေ ပေးဆပ်နေရတာ တန်ရဲ့လား။ ဒါပေမယ့် ပေးဆပ်တဲ့နှလုံးသားတွေက မြူတမှုန်မှ ရယူလိုခြင်းမရှိတာ အသေအချာ။

အနင်းခံမြက်တွေမှာ စိမ်းလန်းခွင့် အပြည့်အဝ ရနိုင်ပါ့မလား။
အဖြစ်အပျက်လေးတစ်ခု ဖြစ်ခဲ့တယ်။

အခြေအနေတခုကြောင့် ကိုယ်ပိုင်ဆိုင်တဲ့အိမ်ကလေးကနေ မိသားစု စွန့် ခွာလာရတယ်။ နယ်စိမ်းပယ်စိမ်းမှာ စကားလုံးတွေအားလုံးကလည်း တစိမ်းတရံဆန်ဆန်။ မျက်စိသူငယ် နားသူငယ်ဆိုတဲ့ ငယ်ငယ်တုန်းက သိလာခဲ့တဲ့ စကားပုံလေးရဲ့ အဓိပ္ပါယ်ကို အခုမှ အဓိပ္ပါယ် ပြည့်ပြည့်ဝဝ နား လည်လာခဲ့ရပါတယ်။

ကူညီဖေးမသူတွေဆိုတာ အခုလိုခေတ်ဆိုးကြီးထဲမှာရှားပါးလိုက်တာ။ ခင်မင်ရင်းနှီးခဲ့တဲ့သူငယ် ချင်း (ကိုယ်က တကယ်ခင်မင်ရင်းနှီးပါတယ်လို့ထင်ခဲ့တဲ့သူငယ်ချင်း) တွေကလည်း ဖုန်းတောင်အဆက်မခံတော့တာလည်း ကြုံခဲ့ရပါတယ်။ အရာရာနိမ့်ကျနေချိန်မှာ မိတ်ဆွေဆိုတာ တကယ်ရှားပါးလှပါတယ်။ အပေါ်ယံဟန်ဆောင် ခင်မင်ရင်းနှီးမှုတွေသာ များနေပါတယ်။

ကိုယ်ကအကူအညီတောင်းမှာ စိုးလို့ ရှောင်ပြေးပုန်းနေတဲ့မိတ်ဆွေ တွေ ဘယ်လောက်တောင် များနေပြီလည်း မသိတော့ပါ။အနီးကပ်ထိုးမယ့် ဓားချက်တွေကလည်း ရှိသေးတော့ အန္တရာယ်တွေကိုလည်း ရွေးရှောင်နေရပါတယ်။ 

အားငယ်နေသူကို အားပေးကူညီကြမယ့်အစား ချနင်းဖိနှိပ်ချင်တဲ့ သူတွေ များတယ်ဆိုတာ ခုမှသိလာရတယ်။ အုပ်စုလိုက်အဖွဲ့လိုက် ဗိုလ်ကျစိုးမိုးချင်သူတွေလည်း ဒုနဲ့ ဒေးပါ။ ငါတို့နဲ့မတူလို့ ငါတို့အမျိုးမဟုတ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ စိမ်းစိမ်းကြည့်တတ်တဲ့ မသင်္ကာတဲ့မျက်လုံးတွေအောက်မှာ ကျနော်တို့မိသားစု ရှင်သန်ရဖူးပါတယ်။

ကြေကွဲစရာတွေနဲ့ကျိုးကြေနေတဲ့လမ်းတွေက ရှေ့မှာ အိပ်မက်တွေမရှင်သန်ချင်လောက်အောင်ကို ကျရှုံးခဲ့ဖူးပါတယ်။ ဘဝသင်ရိုးထဲမှာ သင်ခန်းစာတွေက အဆမတန်များပြားလွန်းပါတယ်။ လောကဓံထက်ကိုပိုတဲ့ ရိုက်ချက်အသစ်တွေက ဘဝတစ်ခုလုံးကို ရိုက်ချိုးတော့မတတ် စိုးမိုးထားပါတယ်။

ညိုမည်းနေတဲ့ မိုးသားကောင်းကင်အောက်မှာ အလင်းရောင် ကောင်း ကောင်းမရလို့ တန်းတန်း မတ်မတ် အိမ်ကိုပြန်မလာနိုင်ကြပါဘူး။ ဆူးညှောင့်ခလုတ်တွေကြောင့် ဆိုးသွမ်းတဲ့ သားရဲတွေကြောင့် အိမ်အပြန်လမ်းဟာ လိုအပ်တာထက်ပိုပြီး ကာလကြာရှည်ခဲ့ပါပြီ။ ဟာနေတဲ့ နှလုံး သားတွေ ဆာလောင်နေတဲ့ အသက်ရှုသံတွေနဲ့ ကိုယ့်ယုံကြည်မှု တစ်ခုတည်း ကို သာမှီခိုအားထားရင်း ကျနော်တို့လမ်းဆက်လျှောက်ကြရုံပဲ ရှိပါတယ်။ တစ်နေ့တော့ တစ်နေ့တော့ မိသားစု အိပ်မက်ကလေးဟာ ရှင်သန်ရမယ်လို့တော့ ခုထိ ယုံကြည်နေဆဲ ဖြစ်ပါတယ်။

Comments