သောင်ရင်းနဂါး
(သစ်ခက်သံလွင်) ဇူလိုင် ၂၃၊ ၂၀၂၄
"အေးပါ...ကျိုက်မရော
မင်းပြောတော့မင်းနယ်မြေထဲ
ဒို့ ၈၈ ရဲဘော်ကြီးနှစ်ယောက်ကို
တက် (တောက်) ခေါက်အံကြိတ်
ဘဝကို တိတ်တိတ်လေးနေစေခဲ့တာဆို။
အေးပါ..ကျိုက်မရော
မင်းပဲပြောပြလိုက်တော့
ကော့နေအောင်နှိပ်စက်ခံရတဲ့ ပါကြီး
ပါကြီးဟာစစ်ကြောရေးမှာကျဆုံး
ငါတို့ နှလုံးတွေ ကြေကွဲ
ဒါကိုလည်း မင်းပဲပြောပြလိုက်တော့ကွာ။
အေးပါ...ကျိုက်မရော
ဘာသာရေးသဘော၊
နယ်မြေခံလူထုစည်းရုံးရေးသဘောနဲ့
ဟော...စောမောင်ကြီးတို့စည်းဝေးကြတယ်
ဒါကိုဘာမှမတွေးပဲ စစ်တပ်ကဗုံးကြဲတိုက်ခိုက်တယ်
ကဲ...ကျိုက်မရော
မင်းဘာပြောအုံးမလဲကွ။
ဟုတ်ပြီ...ရဲဘော်နှစ်ယောက်
အောက်မကျို့ဒူးမထောက်ခဲ့တဲ့အတွက်
မင်းတို့ရဲ့ ၈၈ သမိုင်းဟာ ဂုဏ်မငယ်ဘူး
ဂုဏ်ထယ်နေဆဲ၊ ဂုဏ်ကြွယ်နေဆဲ
ကဲ........ငါတို့ အလေးပြုလိုက်တယ်ဟေ့။"
- ---
*** အရပ်သားနဲ့ စစ်တပိုင်းရောကောသောကော NLD အစိုးရလက်ထက်၊ မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်ဆိပ်ကမ်းမှာ အဖမ်းခံရပြီး စစ်တပ်ရဲ့စစ်ကြောရေးမှာ ကျဆုံးအလောင်းဖျောက်ခံရပြီးမှ ပြန်လည်ရှာဖွေခဲ့ရတဲ့ ၈၈ မျိုးဆက် ရဲဘော်ပါကြီး(ရန်ကုန်)နဲ့ မနေ့ကကျိုက်မရောမြို့နယ်၊ ကျေးရွာတခုမှာ အစည်းအဝေးပြုလုပ်နေစဉ် စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျဆုံးခဲ့ရတဲ့ ၈၈ မျိုးဆက် စောမောင်ကြီး (ဘားအံ) တို့အတွက် ဝမ်းနည်းကြေကွဲစွာရေးဖွဲ့တာဖြစ်ပါတယ်။
သောင်ရင်းနဂါး
အမြဲတမ်း--ထိုင်းနယ်ခြား
ဇူလိုင်လ၂၁ရက်၊ ၂၀၂၄ခု နှစ်
Comments
Post a Comment