မောင်ရဲနွေ(ပလိပ်) - ဒီနေရာလေး..

Art by Aung Htet
ဒီနေရာလေး..
မောင်ရဲနွေ(ပလိပ်)
(သစ်ခက်သံလွင်) ဇူလိုင် ၁၉၊ ၂၀၂၄

ဒီနေရာလေးဟာ 
ငါ့ဇာတိမြေပေါ့..။

ဒီနေရာလေးဟာ
ငါ့ရွာထိပ်က စေတီသာ
ငါ...ဦးချရာ...။

ဒီနေရာလေးဟာ
ငါ့လက်ရေး ဝိုင်းဝိုင်းစက်စက်
သင်ခဲ့တဲ့စာသင်ကျောင်းလေး...။

ဒီနေရာလေးဟာ
ငါ့ရေချိုးဆိပ်..ချောင်းကလေး...စိမ့်စိမ့်အေးအေး...။

ဒီနေရာလေးဟာ
ငါ့ရွာလယ်လမ်းကလေး သာသာယာယာ..။

ဒီနေရာလေးဟာ
ငါ့အိမ် ငါမွေးဖွားရာ...။

ဒီနေရာလေးဟာ 
ငါ့ချက်ကြိုး....မြှုပ်ခဲ့တဲ့နေရာ..။

ဒီနေရာလေးဟာ
ငါ့ကစားကွင်း သူငယ်ချင်းတွေ  စုံ
ဆုံခဲ့....ခုန်ခဲ့..။

ဒီနေရာလေးဟာ
ငါ့အိပ်ရာ အိပ်မက်တွေ  လှလှပပ..လန်းလန်းဆန်းဆန်း...။

ဒီနေရာလေးဟာ
ငါ့ထမင်းဝိုင်း..မိသားစု လက်စုံ လွေးကြ..နွေးကြ...။

ဒီနေရာလေးဟာ
ငါ့စာကြည့်ခန်းလေး..အတွေးကမ္ဘာချီ...။

ဒီနေရာလေးဟာ
ငါ့ အနာဂတ်တွေ ရှင်သန်စေရာ..။

ဒီနေရာလေးဟာ
ချစ်သူနဲ့ နှစ်ကိုယ်တူ ကြည်နူး တောပန်းလေးတွေ ဖူးတဲ့ ခူးလို့ ပန်စေရာ..။

ဒီနေရာလေးဟာ
အရုဏ်ဦးမို့ ဖူးခဲ့တယ်
ရောင်နီဦးလည်း ဖူးခဲ့တယ်...။

ဒီနေရာလေးဟာ
ဆည်းဆာအလှ တိမ်ပန်းချီ ချယ်မှုန်း
အပြုံးတွေ ချိုမြ...။

ဒီရွာနဲ့
ဒီနေရာလေးတွေ...။

ရွာ...
ငါ ပြန်မယ်ဆိုတော့..
ဒီနေရာလေး...
အိမ်.....
ငါ ပြန်မယ်ဆိုတော့
ဒီနေရာလေး...။
    
ဒီနေရာလေးကို လွမ်းတယ်
ဒီနေရာလေးကို လွမ်းတယ်
ဒီနေရာလေးကို လွမ်းတယ်
ငါ့ရွာလေးကို ငါ ဆာတယ်
ငါ့အိမ်လေးကို ငါ ဆာတယ်...။  ။

Comments