ဝင်းမင်းခိုင် - သတင်းများ

သတင်းများ
ဝင်းမင်းခိုင်
(သစ်ခက်သံလွင်) ဇူလိုင် ၁၆၊ ၂၀၂၄

လောလောဆယ်တော့
သူတို့ရင်ထဲကအကြောက်တရားဟာ
ကိုဗစ်ကပ်ရောဂါလိုသူတို့ကြားမှာကူးစက်တယ်
မနိုင်ဝန်ထမ်းထားရတဲ့သူတို့ရဲ့ပခုံးရိုးတွေ
တနေရာပြီးတနေရာအက်ကွဲကုန်ကြောင်းညည်းညူတယ်
ကုန်သွားတဲ့မီးစာကိုအသစ်ထဲ့ပြီး
ခမ်းနေတဲ့ဆီကိုပြန်ဖြည့်လိုက်ပြန်တော့
သူတို့ရဲ့မျှော်လင့်ချက်ဖန်မီးအိမ်က
ရိုက်ခွဲပစ်တာခံလိုက်ရပြန်တယ်
ထိုးမယ့်ဆင်နောက်တလှမ်းဆုတ်တယ်လို့ဆင်ခြေပေးနေရင်း
ဆုတ်ပြီးရင်းဆုတ်နေရတဲ့ဆင်တကောင်
အမှောင်ထုထဲပြုတ်ကျသွားခဲ့တာ
မြင်လိုက်ကြရတယ်
ကြွေပြီးရင်ပြန်ဝေမယ့်အထဲမှာ
ဒီမျိုးစိတ်မပါစေရဘူးတဲ့
လူငယ်တွေရဲ့ကတိစကား ကြားကြရပြန်တယ်
အင်း
မုတ်သုန်ရာသီဆိုတော့လဲ
ရှစ်ခွင်လုံးမှိုင်းသလောက်
သတင်းတွေ တစိမ့်စိမ့်ရွာနေတတ်တဲ့နေ့ရက်တွေ

၁၆.၇.၂၄

Comments