ဖိုးရွှေညီမှိုင်း - တတိယနှစ်

တတိယနှစ်
ဖိုးရွှေညီမှိုင်း
(သစ်ခက်သံလွင်) ဇူလိုင် ၃၊ ၂၀၂၄

လမ်းမီးတိုင်တွေပါငြိမ်း
လင်းကောင်ပိုးက အမှောင်သိမ်းစီး
မီးပျက်နေတဲ့ ညတွေ
တိမ်မိုက်တွေ ညလိုလင်းနေတဲ့ 
နေ့ခင်းကြောင်တောင်တွေနဲ့
မိုးမသောက်သေးတဲ့ နှစ်တွေမှာ
မေးခွန်းတွေကို မေးခွန်းပြန်ထုတ်ကြ
ဝေဖန်ရေးတွေကို ဝေဖန်ရေးပြန်လုပ်ကြဖို့
သုံးသပ်ချက်တွေကို ပြန်လှန်သုံးသပ်ကြစို့
ပဋိပက္ခဆိုတာ ဘဝရဲ့အသက်တဲ့
ဒီလောက်ခက်ခဲပြင်းပြတဲ့
ဘဝကိုတောင် သောက်ရဲရင်
ပဋိပက္ခကို မကြောက်ကြေး
ဒီလိုနဲ့ပဲ ...
အဆုံးမရက်စက်လွန်းတဲ့ 
ကျောင်းတော်ကြီးကို တက်ခဲ့ကြတာ
တတိယနှစ်အတန်း ရောက်ခဲ့ပြီ ...
'လွတ်မြောက်ဖို့ ကယ်တင်ရှင်စောင့်သူဆိုတာ
ကျွန်တယောက်ပါပဲ'တဲ့ ...
ငါတို့ ကျွန်တွေမှ မဟုတ်ဘဲ
အကုန်လွတ်ဖို့ အကုန်ရုန်းနေကြဆဲ ...
"နှောင်ကြိုးတွေပြေ 
တိမ်တွေကရွေ့လျား
တို့တိုင်းပြည် အမှောင်တွင်းက 
လွတ်ကင်းစေသား"*။

(၂၀၂၄ ဇူလိုင် ၁)
(*.... ဆရာ "တင်မိုး" ရဲ့ကဗျာတပိုဒ်)

Comments