နိုင်မင်းညို မြစ်ခြေ - စစ်ခြေထောက်ဖြတ်ရာမြေ

Image- Credit
စစ်ခြေထောက်ဖြတ်ရာမြေ
နိုင်မင်းညို မြစ်ခြေ
(သစ်ခက်သံလွင်) ဇွန် ၁၂၊ ၂၀၂၄

သွေးခြောက်တွေကပ်နေတဲ့ အလောင်းကောင်ပေါ်မှာ
ယင်‌ပုပ်တွေက တဝီဝီပျံလိုက် နားလိုက်
ရွာအမည်ခံထားတဲ့ ပြာပုံလေးဟာ
ကျည်ဆံအပေါက်ရာတွေပြည့်နေတဲ့
ထမင်းချက် ဒန်အိုးလေးကိုမှ
မလွတ်တမ်းကိုင်ဆုပ်ထားရဲ့
ရင်ကွဲစရာ 
အလူးအလဲ ကြေကွဲမှု လက်ဆုပ် လက်ကိုင်တွေ
လောင်မြိုက်တဲ့မျက်ရည် 
မီးသင့်တဲ့ သစ်အိုပင်ဟာ
ကြည့်လက်စ အနိဋ္ဌာရုံက
ပြေးထွက်ဖို့ ခြေအကြွ
ဆန်ရေ စပါးတွေ ကပ်ဘေးဆိုက်နေပြီ
စစ်ခြေထောက်ကြီးကြီးနဲ့ ဖြတ်အနင်းခံလိုက်ရတဲ့ 
လယ်ယာမြေဟာ
မွန်မြတ်တဲ့မြေဆီ မြေလွှာလည်း 
ခမ်းခြောက် ငတ်မွတ်
ထယ်သွားကလေးလည်း ဒုက္ခိတဖြစ်လို့။ ။
                                            
28•3•2024
ကြာသပတေး

Comments