နေရိုင်း
(သစ်ခက်သံလွင်) ဇွန် ၁ ၊ ၂၀၂၄
စိတ်ကူးနဲ့ အမေ့ဆီ ငါပြေးသွားခဲ့တယ်
ရယ်သံတွေက ငါကို စိတ်ကြီးဝင်စေတာတစ်ခုပဲ
အရင်ကတည်းက ဒီကောင်တွေနဲ့ ငါက မျက်မှန်းတန်းပြီးသား
သူတို့ကို ငါ့ဆံပင်တွေ ပေးလိုက်ရတာပဲ အဖတ်တင်တယ်
တခြားဘာတွေကျန်သေးလဲ မသိပေမဲ့
ငါ့ပတ်စ်ပို့နဲ့ ငါက ဘယ်နိုင်ငံမှမသွားရသေးဘူး
တကယ်တော့ ငါပတ်စ်ပို့ဟာ အပျိုရည်မပျက်သေးဘူးလို့ပြောချင်တာ။ မင်းတို့က ဝေးတယ်။
တခါတလေ ရန်သူကို မိတ်ဆွေဖွဲ့ရတာ အရသာပျက်တယ်
ဆားငန်ရေထက် ငန်တဲ့မျက်နှာတွေ။
မနက်မနက် ထွက်ခွာမဲ့ လောကဓံရထားဆီ အပြေးအလွှားတက်မိ
ငါတို့ အသက်ကယ်အင်္ကျီဝတ်ဆင်ထားကြတယ်။
ငါတို့ နားတွေ နဝေတိမ်တောင် ဘာလို့ဖြစ်နေတာလဲ။
မနက်ခင်းတိုင်း အားကစားကွင်းထဲ လမ်းလျှောက်ဖြစ်တယ်။
ငါ့ကိုယ်ငါ အက်ရှင်ဆန်ဆန် ရုပ်ရှင်ရိုက်မိတဲ့ရက်တွေကများတယ်။
ငါဖတ်နေတဲ့စာအုပ်တွေရဲ့ဘယ်ဘက်ခြမ်းမှာပိုးဟပ်တွေနေနေတယ်။
အမေကတော့ သက်သောင့်သက်သာရှိနေပုံပါပဲ
ရုတ်တရက် ငါပြန်ခါနီး အဖေက စာတစ်စောင်ထုတ်ပေးပြန်တယ်။
ကောင်းကင်ဟာခဏခဏအရေခွံလဲတယ်လို့ သူကပြောသေးတယ်
ငါဟာမြိုပျက်ကြီးထဲစစ်ရှောင်နေတဲ့ကြွက်တစ်ကောင်လိုမျက်နှာမျိုး
လမ်းမီးတွေ အိမ်မီးတွေ ပျက်သွားပြီ။
အဝတ်လျော်စက်ထဲက ကျီးကန်တွေကိုလျှော်ဖွတ်ပြီး
ကိုယ်လုံးပေါ်မှန်ထဲပြန်ကြည့်လိုက်တော့
ဘွားခနဲ သစ်သားအိမ်ကလေးတစ်လုံးထွက်ကျလာတယ်။
အဲ့ဒီနေ့ကပဲ အမေက ငါ့ကို မြေခွေးတွေ သဘောကောင်းကြောင်း
ပြောတယ်။
4-10-2023
Comments
Post a Comment