ဂျက်စ်မင်း - မတူ ခြားနားခြင်းများ

Art by Than Htay Maung
မတူ ခြားနားခြင်းများ
ဂျက်စ်မင်း
(သစ်ခက်သံလွင်) မေ ၂၄၊ ၂၀၂၄

ငါက ငါမဟုတ်တော့ဘူး
အိမ်တွေက အိမ်မဟုတ်တော့ဘူး
ရွာတွေက ရွာမဟုတ်တော့ဘူး.
မြို့တွေ မြို့မဟုတ်တော့ဘူး
စာသင်ကျောင်းတွေ စာသင်ကျောင်း မဟုတ်တော့ဘူး
ကျောင်းသားတွေ ကျောင်းသားမဟုတ်တော့ဘူး
အိမ်ရှင်မတွေ အိမ်ရှင်မ မဟုတ်တော့ဘူး
လူငယ်ဘဝတွေ လူငယ်ဘဝ မဟုတ်တော့ဘူး ....

* ငါတို့အားလုံး တော်လှန်ရေးထဲမှာ ။

လူတွေဟာ လူမဟုတ်တော့ရင်
လုပ်ငန်းခွင်တွေ လုပ်ငန်းခွင်မဟုတ်တော့ရင်
တောတောင်တွေ တောတောင်မဟုတ်တော့ရင်
ငြိမ်းချမ်းရေးက ငြိမ်းချမ်းရေးမဟုတ်တော့ရင်
တရားသောစစ်က တရားသောစစ်မဟုတ်တော့ရင်
ပြောင်းလဲရေးက ပြောင်းလဲရေး မဟုတ်တော့ရင်
တော်လှန်ရေးဟာ တော်လှန်ရေး မဟုတ်တော့ရင်
ခေတ်ကြီးတစ်ခုလုံး ကျရှုံးသွားခြင်း ... ။

စစ်ကြီးကို စာအုပ်ထဲခေါက်သိမ်းပြီး
တော်လှန်ရေးကို မှန်ဘောင်သွင်းချိတ်ဆွဲပြီး
ငြိမ်းချမ်းရေးသီချင်းတွေ ဆိုလို့
မေတ္တာဖွဲ့ ကဗျာတွေ ရွတ်လို့
ပြုံးလို့ ပျော်လို့ ကလို့ ခုန်လို့ ...

* ဒီမြေရဲ့အောင်ပွဲကို ငါတို့ ကြိုဆိုပါရစေတော့။

2024, May

Comments