ဖားစည်မောင်ထူး - ဟေ့ကောင် ဘားအံ

Photo- Credit (Google)
ဟေ့ကောင် ဘားအံ
ဖားစည်မောင်ထူး
(သစ်ခက်သံလွင်) မေ ၂၀၊ ၂၀၂၄

မင်းကတော့ အလှဘယ်ပျက်မလဲ 
သတင်းတွေထဲ မွှေးလို့ 

ခရိုနီတွေဆီ အရောင်းစားခံရတာလည်း 
မင်းမသိဘူး 
ကျောက်မိုင်းနဲ့ ဖြိုခွဲခံရလည်း
မင်းက ပြုံးပြုံးကြီးပဲ
ဒေါနကတော့ မင်းကိုယ်စားမျက်ရည်တွေစိုစွဲလို

စိုက်ပျိုးမြေတွေ အသိမ်းခံရသလောက်
တောင်တန်းတွေကို အလှဆင်ထားသလား
အာဏာရှင်မိသားစု အသိုင်းဝိုင်းအတွက် 
မင်းအလှတရားတွေ လူကုန်ကူးခံနေရပေါ့

သံလွင်မြစ်ကမ်းပါးဟာ ပြိုလုလု 
ဇွဲကပင်တောင်တန်းဟာ ကုန်လုလု
ကန်သာယာညနေခင်းဟာ နေဝင်လုလု 
ဟိုရှေ့က သဘော်ဦးသဏ္ဍာန် အဆောက်အအုံကြီးဟာ 
ကြာအင်းတောင်ကို ကျောက်ဆူးချ ထိုးရပ်ထားသလို

ရထားဘူတာ မရှိတော့တာ
မင်းနဲ့မဆိုင်
တောင်ကြားလမ်းထဲ မင်းသူငယ်ချင်းခြေသံတွေ
တိတ်ဆိတ်သွားတာ မင်းနဲ့မပတ်သက်

ကတ္တာရာလမ်းတွေ ကောင်းစားဖို့
အသုံးချခံလိုက်ရတဲ့ မင်းရဲ့သဘာဝအလှတရားတွေ 

ဘယ်မလဲ အကျိုးခံစားခွင့်ဆိုတာ 
မင်းရဲ့ငယ်ချစ်ဦး
တိုင်းတစ်ပါးဆီ ပြောင်းရွေ့သွားရခြင်းလား 

မင်းက 
မြိုင်ကလေးဘိလက်မြေစက်ရုံ မီးခိုးတန်းကို
ကြည့်ပြီး ပျော်တယ် 
ငါတို့မှာ မင်းရဲ့မိုးဦးကျ 
အလှတရားဓာတ်ပုံကို မြင်ပြီး 
မျက်ရည်တွေ ကျရပေါ့

ဟေ့ကောင် ဘားအံ(ဖားအံ) 
မင်း အစွမ်းကုန်သာယာပြစမ်း
မင်း တည်တည်ငြိမ်ငြိမ်ခန့်ညားပြစမ်း
မင်းရဲ့အထင်ကရလှိုဏ်ဂူကြီးတွေ
ရှိသလောက် ဖော်ထုတ်ပြစမ်း

မသမာသူ လူတစ်စုကြား
မင်းကိုစိတ်မချရတဲ့အကြောင်းကတော့
ငါတို့ရဲ့မျက်ရည်စတွေနဲ့...။ ။

* ဘားအံ= ဖားအံ

Comments