ဆလိုင်းဇုန် - ပထမ

ပထမ
ဆလိုင်းဇုန်
(သစ်ခက်သံလွင်) ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄

ပထမတဲ့ 
ဒီစကားလုံးနဲ့တင်
သတိပြုချင်စရာတွေချည်း

လာကြည့်ဟေ့
ပူးပေါင်းကြ 
ညီကြ ညွှတ်ကြ 
ဆိုခဲ့ပြီးကြသည့်အတိုင်း
ညီစေဟေ့ ညီစေ …

တချို့အရာတွေကို ငြင်းပယ်လို့မရ
ဥပမာ စည်းလုံးခြင်းအကြောင်း
ဥပမာ ပေးဆပ်ခြင်းအကြောင်း
ဥပမာ ချစ်ခြင်းတရားအကြောင်း

ရင်ဘတ်က မျှားတစင်းလို ဖြောင့်စင်း
ဆိတ်ငြိမ်ခြင်းဟာ
နောက်ဆုံးတော့ 
ဆူညံဆုံးသော အော်သံဖြစ်သွားရ
ဇော နဲ့ မော နဲ့ ….

ကဲ မထူးဆန်းဘူးလား
ဒါမှမဟုတ်
ထူဆန်းနေဘီမဟုတ်လား

လာကြဟေ့
ညမှောင်မှောင်မှာ ကြယ်တွေလို
မှောင်လေ ထင်းလေ 
ထင်းလေ လှလေ 
လှလေ လှလေ …..

စိတ်ပိုင်းဖြတ်သံတချွင်ချွင်နဲ့
ခေတ်စမ်းတစ်ခုကို 
အပြီးအပိုင်
အနိုင်ပိုင်းလိုက်ကြပုံများ
ပြောမပြီး ပြီး….ပြီးနိုင်ရိုးလား
ကဗျာတွေ စာတွေ ရေးလို့ပြီးကြနိုင်ရိုးလား

ဇာတ်နာမှ မျက်ရည်ကျရသလိုမျိုး
ဇာတ်ကြောင်းများက အသည်းနစ်စရာ

ကြည့်စမ်းဗျာ…
အနိစ္စတရားရဲ့အထက်က
လွတ်လပ်ခြင်းကို မြတ်မြတ်နိုးနိုးဖက်တွယ်ကြပုံများ ………

Comments