မိုးမြင့်ယံ - စက္ကူပန်း

စက္ကူပန်း 
မိုးမြင့်ယံ
(သစ်ခက်သံလွင်) ဖေဖော်ဝါရီ ၄၊ ၂၀၂၄

ဒဏ်ရာအနာတရနှစ်တွေထဲ
ကိုယ့်ကိုကိုယ် ချခင်းနင်းလျှောက်ခဲ့ရတာပါပဲ
မေမေ ရယ် ၊

တိမ်တွေလိုငွေ့ရည်ဖွဲ့ပြီး
သည်းသည်းထန်ထန်ငိုကြွေးခွင့်ရချင်မိပါရဲ့
မပျော်ရွှင်ရခြင်းသီချင်းဆိုမှတော့
ဘယ်ကီးနဲ့ဆိုဆို ဘယ်လိုလုပ်ချိုနိုင်ပါ့မလဲ
မေမေ ရေ ၊

ကျတော်တို့အဖြစ်က စက္ကူပန်းတွေဆိုခဲ့ရင်လည်း
မွှေးရနံ့တွေမသင်းပျံ့နိုင်တာကလွဲလို့
လှပရင့်ရဲစွာ အစွမ်းကုန်ပွင့်ပြရဲခဲ့ပါတယ် မေမေ ၊

မကြာခင် တနေ့နေ့မှာတော့
နိုင်ငံတော် အသစ်တခုမှာ
ပျော်ရွှင်ခြင်းသီချင်းတွေကို
​စက္ကူဇာတ်ခုံပေါ်ကနေ ဆိုညည်းခွင့်ရမဲ့ကာလမှာ
ကျတော် မေမေ့ကို ဖျော်ဖြေခွင့်ရချင်မိပါသေးရဲ့
မေမေ ရယ်  .....။

ချစ်ခြင်းမေတ္တာများဖြင့်
မိုးမြင့်ယံ
28. Jan. 2024

Comments